ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဗုံးကြဲစဉ် သေဆုံးသူများအနက် ၆ ဦး၏ ရုပ်ကြွင်းများကိုသာ ကောက်ယူနိုင်သေးသည်၊ မြို့ပေါ်တွင် လူအသွားအလာ နည်းပါးသွားသည်ဟု မြို့ခံများထံက သိရသည်။
နိုဝင်ဘာ ၃၀ ညနေ ၆ နာရီခွဲခန့်တွင် စစ်လေယာဉ်တစ်စီးက ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်ကို ဗုံးချ ခဲ့ရာ ပြင်းထန်သောပေါက်ကွဲမှုကြောင့် ဒေသခံ ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၀ ခန့် ရှိသည်ဟု တအာင်းတပ် (TNLA) က ဆိုသည်။
အခင်းဖြစ်ပြီး နောက်တစ်နေ့ တွင် နိုင်းကြာ၊ ဒေါ်အေးမွမ်း၊ ဦးလှဌေး၊ နိုင်းမယ်မူး၊ နန်းခမ်းအေး၊ လုံးထူး တို့၏ ရုပ်အလောင်းများကို ကောက်ယူပြီး သင်္ဂြိုဟ်ပေးခဲ့ကြောင်း နမ့်ခုံးရှမ်းများပရဟိတအသင်း (ကျောက်မဲအသင်းခွဲ) က Facebook တွင် သတင်းထုတ်ပြန်ထားသည်။
ယနေ့ အထိ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်းများကို ကောက်ယူပြီး ဖြစ်သည်၊ ရုပ်အလောင်းတချို့ကို ရှာနေဆဲ ဖြစ်သည်ဟု မြို့ခံများထံက သိရသည်။
“တချို့ဟာတွေက ပျောက်နေတယ်။ ခန္ဓာကိုယ် အပိုင်းအစတွေပဲ တွေ့တယ်” ဟု ကျောက်မဲမြို့ အခြေစိုက် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မြို့မြောက်ဘက် အင်ကြင်းတောင် ရပ်ကွက် (၈) အနီး ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲသည်၊ အဆိုပါ ပတ်ဝန်းကျင်အနီးတဝိုက် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ အခြေစိုက်ခြင်း မရှိဟု ကျောက်မဲမြို့ခံအမျိုးသားတစ်ဦးကလည်း ပြောသည်။
“ဗုံးကျတဲ့နေရာက အင်ကြင်းတောင် ဘုန်းကြီးကျောင်းအောက်၊ ဘုန်းကြီးကျောင်းမုဒ်ဦးရဲ့ ကိုက် ၅၀ လောက်အကွာမှာ ကျတယ်။ လမ်းလယ်မှာ ကျတာ။ အဲ့ဒီနားမှာ ဘာတပ်မှလည်းမရှိဘူး “ ဟု ထိုသူက ဆို သည်။
ထိခိုက်ဒဏ်ရာရသူ ၂၀ ခန့်တွင် စိုးရိမ်ရသူ ၄ ဦးခန့်ရှိပြီး တချို့လူနာများကို လားရှိုးမြို့ဆေးရုံသို့ ပို့ဆောင် ထားကြောင်း မြို့ခံတချို့က ပြောသည်။
“သေဆုံးသူက ထပ်တိုး မရှိဘူး။ ဒဏ်ရာရသူတွေ ဆေးကုသနေတုန်းပဲ” ဟု အထက်ပါမြို့ခံက ဆက်ပြော သည်။
“နေအိမ်ထိခိုက်တာ ၁၀ လုံးထက်ကျော်တယ်။ အကုန်လုံး လူပြန်နေလို့မရတော့ဘူး။ အကုန်လုံးပျက်စီး သွားတယ်။ (ဗုံးကျတဲ့) ပတ်ပတ်လည်အိမ်တွေက ပြိုကျကုန်တာ၊ ရစရာကိုမရှိဘူး”
ပေါက်ကွဲရာ အနီးတဝိုက်မှ လူနေအိမ် ၂၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
ရှမ်းလူမျိုးအများဆုံးနေထိုင်ပြီး တရုတ်၊ ပလောင်၊ ဂေါ်ရခါး စသည့် လူမျိုးစုံရှိသည့် ကျောက်မဲမြို့ကို တအာင်းတပ်က ယခုနှစ် ဩဂုတ် ၅ ရက်နေ့က သိမ်းပိုက်ပြီးနောက်ပိုင်း မြို့တွင် ပြန်လည် ဝင်ရောက်နေထိုင်သူ သုံးပုံနှစ်ပုံခန့်ရှိကာ ပုံမှန်အတိုင်းပြန်လည်စည်ကား နေရာမှ ဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။
နံနက်ခင်းပိုင်းတွင် စျေးနှင့် ဆိုင်ခန်းများ ပုံမှန်အတိုင်း ဖွင့်လှစ်ကြသော်လည်း ညနေပိုင်းတွင် လူသွားလူလာမရှိသလောက် ခြောက်ကပ်သွားသည်ဟု သိရသည်။
“စျေးလည်း နေ့လယ်လောက်ဆို ပိတ်ပြီ။ အရင်က ည ၇ နာရီအထိ လူသွားလူလာရှိတုန်း၊ အခုက ၅ နာရီလောက်ဆိုရင် လူတွေ သိပ်မရှိတော့ဘူး။ အကုန်လုံးက ကြောက်လန့်နေကြတယ်“ ဟု အထက်ပါမြို့ခံအမျိုးသားက ပြောသည်။
ဗုံးကျသည့် ရပ်ကွက် (၈)ရှိ အချို့မြို့ခံများမှာ ညအချိန် တခြားနေရာများသို့ ရွှေ့ပြောင်းပြီး အိပ်ကြသည် ဟု ဆိုသည်။
လက်ရှိအချိန်တွင် CDMA ကမ်းရိုးတန်းဖုန်းမှ လွဲ၍ ကျန်တယ်လီဖုန်းလိုင်းများ အဆက်အသွယ် ပြတ်တောက်နေသည်၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသဖြင့် စီးပွားရေးလုပ်ငန်းတချို့ ရပ်ဆိုင်းထားရကာ စာသင်ကျောင်းများ ပိတ်ထားရဆဲ ဖြစ်သည်။
“အလုပ်ပါးပြီး ကုန်စျေးနှုန်းက ထောင်တက်လို့ တော်တော်တော့အဆင်မပြေကြဘူး။ (သွင်း) ကုန်လည်း မဝင်တော့ တချို့လုပ်ငန်းတွေ အလုပ်ရပ်ဆိုင်းထားရတာရှိတယ်”ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး အတွက် အဓိကကျသည့် မန္တလေး-မူဆယ်လမ်းပေါ် တွင် တည်ရှိသော ကျောက်မဲမြို့သိမ်းနိုင်ရေး တစ်လကျော်ကြာ ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မြို့ခံများ ရာဂဏန်းထက်မနည်း သေဆုံးခဲ့သည်။
ကျောက်မဲမြို့ နောက်ဆုံးအခြေအနေနှင့်ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို မေးမြန်းသော်လည်း ဖြေဆိုခြင်း မရှိသေးပေ။
စစ်ကောင်စီသည် TNLA ပါဝင်သော မဟာမိတ်တပ်များ၏ “၁၀၂၇ စစ်ဆင် ရေး” အတွင်း ရှမ်းမြောက်ရှိ ၃ မြို့အပ ဒေသတစ်ခုလုံး လက်လွှတ်လိုက်ရသလို မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းမြို့တို့ကို ဆုံးရှုံးခဲ့ရသည်။ ရခိုင်ပြည်နယ်ရှိ မြို့ ၁၀ မြို့နှင့် ချင်းပြည်နယ် ပလက်ဝသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် အာရက္ခတပ်တော် (AA) လက်အောက် ကျရောက်သွားသည်။
ထို့နောက် စစ်ကောင်စီလေတပ်က အဆက်မပြတ်ဗုံးကြဲသလို တရုတ်နိုင်ငံ၏ အကူအညီများ ရယူကာ မြောက်ပိုင်းအဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများကို ဖိအားပေးလာသည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ဖြစ်သော ကိုးကန့်တပ် (MNDAA) ၏ ခေါင်းဆောင် ဖုန်တာရွှင်သည်လည်း တရုတ်နိုင်ငံတွင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည်။
ထိုအခြေအနေတွင် TNLA သည် ပြည်သူများဘေးအန္တရာယ်ကင်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးရန် အသင့်ရှိကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း စစ်ကောင်စီက ဆွေးနွေးပွဲအတွက် တုံ့ပြန်ခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
ယခုနှစ် နိုဝင်ဘာလအတွင်း ၎င်းတို့ ထိန်းချုပ်ထားသည့် ရှမ်းမြောက်နေရာဒေသများတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၃၈ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၇၀ဦး ရှိကာ အိမ် ၁၃၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့တွင် တစ်လအတွင်း ဒေသခံ ၁၆ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာ ရရှိကာ နေအိမ် ၅၇ လုံးနှင့် ကား ၈ စီး ပျက်စီးဆုံးရှုံးခဲ့သည်။
မိုးကုတ်မြို့တွင် လေတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရကာ နေအိမ် ၁၀ လုံး ပျက်စီးသည်။ အလားတူ မိုင်းငေါ့မြို့ တွင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၂ လုံး ပျက်စီး ဆုံးရှုံးခဲ့သည်။
ကွတ်ခိုင်မြို့တွင် ဒေသခံ ၃ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၇ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၆ လုံး ထိခိုက်ပျက်စီးခဲ့သည်။ ကျောက်မဲမြို့တွင် ဒေသခံ ၁၀ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၅ လုံး ဆုံးရှုံးခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာမှ ယနေ့အထိ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့နှင့် မန္တလေးတိုင်းမှ မိုးကုတ်မြို့တို့ကို TNLA ရရှိခဲ့သည်။