
ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စခန်းများ ထိုးစစ်ဆင်ခံနေရသည့် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ လိုင်ဇာမြို့ကို ယမန်နေ့ (ဇန်နဝါရီ ၂၄) မွန်းလွဲပိုင်းတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
နံနက် ၆ နာရီခန့်မှစတင်ကာ ဗန်းမော်ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နှင့် တပ်ရင်းဌာနချုပ်တချို့ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသည်၊ စစ်ကောင်စီ ကလည်း လေကြောင်းတိုက်ခိုက်မှုကို အားပြုခုခံခဲ့သည်ဟု သိရသည်။
မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီလေယာဉ်များ တရုတ်နယ်စပ်မျဉ်းအနီးရှိ လိုင်ဇာမြို့ တွင် ဝဲပျံခဲ့သလို လိုင်ဇာမြို့အနီးရှိ KIA တပ်စခန်းဟောင်းနေရာ အတိုက်ခံခဲ့ရသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ခုနက လိုင်ဇာ အလမ့်ဘွမ်ဘက်မှာ အသံကြားပါတယ်၊ ဒရုန်းနဲ့ လာကြဲတာလားမသိဘူး၊ ကျွန်တော် ကြားတာတော့ နှစ်ချက်ကြားပါတယ်” ဟု သူက ဇန်နဝါရီ ၂၄ ရက်တွင် ပြောသည်။
ဗုံးကြဲခံရသည့်နေရာတွင် အရပ်သား အထိအခိုက်ရှိ၊ မရှိ မသိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA စစ်ဘက်နှင့် နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက လိုင်ဇာဗုံးကြဲမှုအတွင်း အရပ်သားတချို့ ထိခိုက်သည်ဟု ကနဦး သိရကြောင်း ပြောသည်။
” ဟုတ်တယ် လိုင်ဇာမြို့လယ်ပဲ (မြစ်ကြီးနားဟိုတယ်) ဟိုတယ်တည့်တည့်ပေါ်ကိုကြတာ လူတော့မထိဘူး၊ ဟိုတယ်ကတော့ ပျက်စီးသွားတယ် အသေခံဒရုန်းနဲ့ချတာ” ဟု ထိုလူက ဆိုသည်။
စစ်ဘေးရှောင်အများအပြား ခိုလှုံနေသည့် လိုင်ဇာမြို့သည် ယခင်ကလည်း လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။
၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့က လိုင်ဇာမြို့ကို ဗုံးကြဲရာ ထိခိုက်မှုမရှိဟု ဆိုသည်၊ နယ်စပ်နှင့် ကပ်လျက် တည်ရှိသောနေရာကို ထိုသို့ တိုက်ခိုက်စဉ် တရုတ်နိုင်ငံဘက်မှ မီးကျည်ပစ်ဖောက် သတိပေးခဲ့သည်ဟု သိရသည်။ ထိုစဉ်ကလည်း စစ်ကောင်စီသည် ခြေမြန်တပ်ရင်းဌာနချုပ်တစ်ခုကို လက်လွှတ်ခဲ့ရသည်။
ယင်းနှစ် ဩဂုတ်လ ၈ ရက်နေ့ သန်းခေါင်ယံ ဗုံးကြဲမှုတွင် ကိုယ်ဝန်ဆောင်တစ်ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။
လိုင်ဇာနှင့် ဗန်းမော် မိုင် ၄၀ ခန့် ကွာဝေးသည်ဟု သိရသည်။

ယမန်နေ့ နံနက်မှစတင်၍ ပြန်လည်ပြင်းထန်လာသည့် ဗန်းမော်တိုက်ပွဲတွင် KIA က သံချပ်ကာတပ်နှင့် သံချပ်ကာကား ၄ စီးကို သိမ်းပိုက်နိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
ဗန်းမော်မြို့နှင့် တစ်ချိန်တည်းတိုက်ခိုက်ခဲ့သည့် မံစီမြို့ရှိ ခမရ( ၃၁၉)၊ (၆၀၁)၊ အမြောက်တပ် အမတ (၅၃၂)တို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ဇန်နဝါရီ ၈ ရက်နေ့တွင် မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့သည်။
ဗန်းမော်မြို့အခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။ ပြီးခဲ့သည့် ၁၂ လ အတွင်း စစ်တပ်၏ ထုတ်ပြန်ချက်များတွင် ဗန်းမော်ဒေသအကြောင်း သတင်းတစ်ပုဒ် ပါရှိရာ ထိုထုတ်ပြန်ချက်မှာ ဒေသခံ ၁၄ ဦးကို ဖမ်းဆီးထားခြင်း မရှိကြောင်း ငြင်းဆိုသည့်သတင်း ဖြစ်သည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးခဲ့သည်ဟု သိရသည်။
သို့သော် ကချင်ပြည်နယ်အတွင်းရှိ အခြားဒေသများတွင် လတ်တလော တိုက်ပွဲများငြိမ်သက်နေသော် လည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA က ပိုမိုအရှိန်မြင့်ကာ ဆက်လက်ဆင်နွှဲနေဆဲဖြစ်သည်။
ယခုနှစ် မတ်လမှ စတင်ကာ ကချင်ပြည်နယ်အတွင်း မြို့နယ်အများစုကို KIA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရှမ်းမြောက်နှင့် ကချင်ပြည်မှ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားပြီး ဖားကန့်မြို့၏ နေရာအများစုကိုလည်း KIA ကထိန်းချုပ်ထားပြီးဖြစ်သည်။
တရုတ်၏ ကြားဝင်မှုဖြင့် အပစ်ရန် ဆွေးနွေးရန် ထုတ်ပြန်ထားကြသည့် မြောက်ပိုင်း ၃ ဖွဲ့တွင် MNDAA နှင့် သာ သဘောတူညီမှု ရထားပြီး တအာင်းတပ် (TNLA) ၊ ရခိုင်တပ် (AA) တို့နှင့် ဆွေးနွေးမှုများ မတွေ့ မြင် ရသေးဘဲ ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသများကို လည်း စစ်ကောင်စီလေတပ်က ဗုံးကြဲနေသည်။