ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ်ရှိရာ တရုတ်−မြန်မာနယ်စပ် ကချင်ပြည်နယ် လိုင်ဇာမြို့ကို စစ်ကောင်စီလေတပ်က ဩဂုတ်လ ၈ ရက် ညသန်းခေါင်ချိန်တွင် ဗုံးကြဲရာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။
လိုင်ဇာမြို့အနီး စစ်ဘေးရှောင်များနေထိုင်သည့် မိုင်ဆပ်ပါ ကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ခြေထောက်တွင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနှင့် ထိုကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် နေအိမ်အချို့ လည်းပျက်စီးခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗုံးကြဲတိုက်ခိုက်ခံရသည့် မိုင်ဆပ်ပါရွာသည် လိုင်ဇာမြို့ အဝင်တွင်တည်ရှိပြီး ၁၃ မိုင်ရှည်သည့် လိုင်ဇာ-နမ်ဆန်ယန် လမ်းပိုင်းတွင် တည်ရှိသည်။
မိုင်ဆပ်ပါ ကျေးရွာအပြင် လိုင်ဇာမြို့အနီးရှိ အခြားနေရာများသို့လည်း ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု၊ လူသေဆုံးမှုများကို စုံစမ်းနေဆဲဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်ကောင်စီလေတပ်က KIA ဌာနချုပ် လိုင်ဇာကို လေကြောင်းမှ ဖိအားပေးတိုက်ခိုက်စဉ် ကချင်ပြည်နယ် တောင်ပိုင်း မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၄၃၇)ကို KIA နှင့် ပူးပေါင်းတပ်များက အပြင်းအထန် တိုက်ခိုက်နေသည်။
မိုးမောက်မြို့ကို သိမ်းပိုက်နိုင်ပါက စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)အခြေစိုက်ထားသည့် ဗန်းမော်မြို့ လုံခြုံရေးကျိုးပေါက်မည်ကို စိုးရိမ်ရသည့်အတွက် မိုးမောက်တိုက်ပွဲတွင်လည်း စစ်ကောင်စီလေကြောင်းမှ အပြင်းအထန်ခုခံနေသည်ဟု သိရသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဗန်းမော်မြို့၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ မိုးမောက်မြို့ကို ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်မှစတင်ပြီး ဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်မှလည်း စစ်ကူများပေးပို့ တိုက်ခိုက်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မိုးမောက်ဘက်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ် စကစ ဘက်ကနေ ဗုံးလာကြဲတယ် လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ကြဲတယ်လို့ ကြားရတယ်”
ယခု နှစ်ဆန်းပိုင်းမှ၍ ဇွန်လကုန်ပိုင်းအထိ ကချင်ပြည်နယ် မြို့နယ်အချို့ရှိ စစ်ကောင်စီစခန်းများကို KIA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
အဆိုပါ ထိုးစစ်အတွင်း စစ်ကောင်စီတပ်၏ စစ်စခန်းများစွာကို KIA က သိမ်းပိုက်နိုင်ခဲ့သည်။ ကချင်ပြည်နယ်အတွင်းရှိ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်နှင့် ရှမ်းပြည်နယ်ရှိ မဘိမ်းမြို့တို့ကိုလည်း သိမ်းယူထားသည်။
KIA နှင့် တိုက်ပွဲပြင်းထန်နေသော စစ်ကောင်စီသည် ဇူလိုင် ၂၁ ရက်မှစတင်ကာ ကချင်ပြည်နယ်တစ်ခုလုံးကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်။