
စစ်ကောင်စီတပ်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ ဝင် ၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းက ကန့်ဘလူမြို့ မြောက်ဘက် ချပ်ကြီးရွာဘက်မှထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး တော်လှန်ရေးတပ်သားများ ဆုတ်ခွာလာပြီး ချပ်ကြီးရွာ တောင်ဘက်ရှိ လှဲပွဲရွာအနီး ကွန်ကရစ်တံတားအောက်အရောက် စစ်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
“ကွန်ကရစ်တံတားကိုမှ အပေါ်က သစ်သားအုပ်ထားတာ။ တံတားကလည်း လူတစ်ရပ်ကျော်ကျော်လောက် မြင့်တယ်။ ဒရုန်းတက်လာပြီဆိုတော့ အကုန်လုံးက အဲ့ဒီအောက်ကို ဝင်ပြီးတော့ ပုန်းတာ။ ဝင်ပုန်းတဲ့အချိန်မှာ တံတားအဝကို ဗုံးသီးချလိုက်တာ”ဟု ကန့်ဘလူ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၁၆ ဦး ထိခိုက်ခဲ့သည့်အနက် ၄ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၃ ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
သေဆုံးသူများမှာ အသက် ၂၀ နှင့် ၃၀ ကြားတပ်ဖွဲ့ဝင်များဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (ပကဖ) ၄ ဦး၊ ကန့်ဘလူခရိုင် အမှတ် ၂ တပ်ရင်းမှ ၂ ဦးနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှ ၁ ဦး ပါဝင်ကြောင်း သိရသည်။
ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင် ၉ ဦးမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။
“အဲ့ဒီနေ့မှာ က ရဲဘော်တွေဆီကို ဒရုန်းနဲ့ဗုံးမချခင်မှာက ရွာတွေထဲမှာပတ်ပြီးတော့ ဟိုနားချလိုက်၊ ဒီနားချလိုက်နဲ့ ပတ်ပြီးတော့ ချတာတွေရှိတယ်။ အဲ့ဒီတော့ စိုးရိမ်ကြောင့်ကြမှုများပြီးတော့ ရှောင်လိုက်တဲ့နေရာက အစုလိုက် အပြုံလိုက်ဖြစ်သွားတာမျိုးပေါ့”ဟု တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သည့် ဒေသခံ အမျိုးသားနောက် တစ်ဦးကပြောသည်။
၂၀၂၃ နှစ်ကုန်ပိုင်းတွင် ညီနောင် မဟာမိတ်၃ ဖွဲ့၏ ရှမ်းပြည်မြောက်ပိုင်းတွင် အစပြုသည့် ၁၀၂၇ စစ်ဆင်ရေးတွင် ဒရုန်းကြောင့် စစ်တပ်ဘက်မှ အထိနာခဲ့ပြီးနောက် ထိုအားနည်းချက်ကို ပြင်ဆင်ရန် စစ်တပ်က ကြိုးပမ်းခဲ့သည်။
ထို့ပြင် စစ်မှုထမ်းဥပဒေအရ စုဆောင်းထားသည့် တပ်သားသစ်များကိုလည်း ဒရုန်း အသုံးပြုနည်းများကို သင်ကြားပို့ချလာသည်ကို ဝါဒဖြန့်တယ်လီဂရန် အကောင့်များမှ ထုတ်ပြန်သည်။
နိုဝင်ဘာလဆန်းက စစ်ခေါင်းဆောင်၏ ပထမဆုံးအကြိမ် တရုတ်ပြည်ခရီးစဉ်အတွင်း ဒရုန်းထုတ်သည့် စက်ရုံ များကို သွားရောက်လေ့လာခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့် နှစ်ဆန်းပိုင်းမှစပြီး စစ်တပ်က ဒရုန်းသုံးတိုက်ခိုက်မှုများကို သိသိသာသာလုပ် ဆောင်ခဲ့ပြီး အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။
“ဒရုန်းကအမြဲတမ်းလာချနေတာ။ အားရင်လာချနေတာ။ သူတို့က (ဒရုန်း)ပေါတာကိုး။ နေရာမရွေးဘူး တွေ့တဲ့ နေရာအကုန်ချတယ်။ ရွာတွေထဲလည်းချတယ် အကုန်ချတယ်”ဟု ကန့်ဘလူမြို့နယ် ဒေသခံဦးထွန်း(အမည်လွှဲ)ကပြောသည်။
သုံးလနီးပါးအတွင်းစစ်တပ်က ဒေသတွင်းဆက်သွယ်ရေးအတွက် အဓိကကျသည့် လမ်းပေါ်ရှိကျေးရွာအချို့နှင့်ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အရှေ့ခြမ်းကျေးရွာအချို့ကို စစ်တပ်ကပြန်လည်ခြေကုပ် ယူလိုက်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
“အဓိကတော့ သူတို့ကနယ်မြေလမ်းပိုင်းတွေကို စိုးမိုးလို့ရအောင်ဆိုတဲ့အနေအထားနဲ့ လှုပ်ရှားတာလို့ ကျွန်တော် တို့က မြင်တယ်။ ကန့်ဘလူနဲ့ ကျွန်းလှကို ကာချင်တဲ့သဘောပါပဲ” တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သည့် အမျိုးသားက ပြောသည်။
စစ်ကောင်စီစိုးမိုးနယ်မြေများ ပြန်လည်ကျယ်ပြန့်လာပြီး အနီးဝန်းကျင်ကျေးရွာများကို မကြာခဏ စစ်ကြောင်း ထိုးနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“နယ်မြေဧရိယာကျယ်ပြန့်ပြီးစိုးမိုးလာနိုင်တော့စစ်ကြောင်းက နေရာတိုင်းမှာရှိသလိုဖြစ်နေတာပေါ့။ အထိုင် စခန်းတွေကနေ အင်အား ၅၀၊ ၇၀ ဝန်းကျင်လောက်နဲ့ နယ်မြေအနီးအနားဝန်းကျင်ကို စစ်ကြော်ငးထိုးရင်လည်းစစ်ကြောင်းတွေလို့ ပြောလို့ရသွားတာပေါ့။ နေရာတွေကလည်း အများကြီးထိုင်နိုင်တော့ ထွက်လိုက်ရင် စစ်ကြောင်းတွေကလည်း အများကြီးရောက်သွားတာပေါ့”ဟု ၎င်းကပြောသည်။
စစ်တပ် စစ်ကြောင်းရန်ကြောင့် ကန့်ဘလူဒေသခံများမှာလည်း အိုးအိမ်စွန့်ကာ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး လယ်ယာလုပ်ငန်းခွင်ဝင်ရန် အခက်ကြုံနေသည်ဟုလည်း သူက ဆိုသည်။
“စပါးရိတ်သိမ်းခါနီးမှာ စစ်ကြောင်းထိုးလာတယ်။ စစ်ရှောင်လိုက်ရတယ်။ စပါးတွေမရိတ်သိမ်းနိုင်ဘူး။ ဒါတွေ ကို စစ်ကောင်စီဘက်က လူတွေကပဲ ရိတ်သိမ်းပြီးတော့ သိမ်းသွားတဲ့ အနေ အထားမျိုးတွေဖြစ်နေတယ်။ အဲ့ဒီတော့ ကျွန်တော်တို့က ပြည်သူ တွေက စစ်ရှောင်လိုက်ရတဲ့အတွက်အိုးမဲ့အိမ်မဲ့ တွေ ဖြစ်တယ်။စားရေးသောက်တာ ရိက္ခာတွေခက်ခဲသွားတယ်။ လယ်ယာ ကုန်းကျင်းတွေ မလုပ်နိုင်တဲ့အတွက် ရှေ့ဆက် ခက်ခဲသွားနိုင်တယ်”ဟု ပြောသည်။
အမှတ် ၆၀၀၆ တင့်ကားတပ်ရင်း အခြေစိုက်သည့် ကန့်ဘလူမြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့စစ် (ပျူစောထီး) အားအကောင်းဆုံးဒေသလည်းဖြစ်ပြီး ထိုပြည်သူ့စစ်များကို စစ်တပ် ထောက်ခံအားပေးသည့် သင်္ကန်းဝတ် ဦးဝါသဝက ဦးဆောင်နေသည်။
တော်လှန်ရေး အင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာ ကန့်ဘလူနှင့်ကျွန်းလှတို့ကို ယမန်နှစ် နှစ်ကုန် ပိုင်းကစတင်ကာ စစ်တပ်နှင့်ပြည်သူ့စစ်တို့ပါဝင်သည့် တပ်ဖွဲ့များက ဆက်တိုက်စစ်ကြောင်းထိုးပြီး နယ်မြေ ပြန်လည်စိုးမိုးနိုင်ရန် ကြိုးပမ်းလာသည်။