
မြန်မာနိုင်ငံတောင်ဘက်ပိုင်း အထူးစီးပွားရေးဇုန်ဖွံဖြိုးရေးလုပ်ငန်းများကို စစ်ကောင်စီခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် ရုရှားသံအမတ်တို့တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြကြောင်း ယနေ့ထုတ် စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြထားသည်။
ဇန်နဝါရီ ၂၁ ရက် နံနက်တွင် ထားဝယ်မြို့၊ တိုင်းအစိုးရအဖွဲ့ရုံးတွင် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌတို့ပါဝင်သည့်အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် Mr. Iskander AZIZOV နှင့် သံရုံးတာဝန်ရှိသူများကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်ဆွေးနွေးမှုအခြေအနေအသေးစိတ်ကို သတင်းစာတွင် မဖော်ပြသော်လည်း ထားဝယ် အထူး စီးပွားရေးဇုန် ဖွံ့ဖြိုးရေး ဆောင်ရွက်ထားရှိမှု၊ ဒေသတွင်းခရီးသွားလုပ်ငန်း၊ မြိတ်ကျွန်းစုပေါ်ရှိ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဖြင့် လည်ပတ်နေသည့် ဟိုတယ်စီမံကိန်းများ၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင် အတွင်းရှိ ထင်ရှားသော ခရီးသွားများဆွဲဆောင်နိုင်သည့် ပင်လယ်ကမ်းခြေနှင့် ကျွန်းများအကြောင်းကို ဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
တွေ့ဆုံပွဲတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ချက်များ ကို ဆွေးနွေးခဲ့ကြောင်း ရုရှားသံရုံးကလည်း ထုတ်ပြန်ထားသည်။
ထိုဆွေးနွေးမှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် စစ်ကောင်စီ၏ တနင်္သာရီတိုင်းအစိုးရ ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်မှု မရသေးပေ။
၁၉၅ စတုရန်းကီလိုမီတာနီးပါး ကျယ်ဝန်းသည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံတောင် ဘက်စွန်း တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်မြို့၏ မြောက်ဘက် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့အနီး မဟာဗျူဟာကျသည့်နေရာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းကြီးဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စွမ်းအင်နှင့် အခြားစီမံကိန်းများပါဝင်သည်။

စစ်ကောင်စီ၏ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက မြန်မာနိုင်ငံရှိ ရုရှားသံတမန်များနှင့် ရုရှားနိုင်ငံ ပုဂ္ဂလိကုမ္ပဏီများက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ဆက်သွယ် လာပြီးနောက် နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်နေသည်ဟု ပြီးခဲ့သည့်နှစ် မေလလယ်တွင် Myanmar Now ကို ပြောထားသည်။
ထိုစဉ်က ဆွေးနွေးမှုများ “ကနဦးအဆင့်” သာ ရှိသေးကြောင်း၊ ရုရှားဘက်က အဆိုပြု သည့် စီမံကိန်း အပါအဝင် အသေးစိတ်အချက်အလက်များကို ပြောဆိုခြင်းမရှိသလို သဘောတူညီချက် ရမှာသာ သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“လုပ်ငန်းရပ်ဆိုင်းထားရတဲ့အတွက် ကိုယ့်တိုင်းပြည်အတွက် နစ်နာဆုံးရှုံးတယ်လေ။ ဒါကြောင်မို့ တို့ကတော့ လုပ်ငန်းကို မြန်မြန်ပြန်စ၊ လုပ်ချင်တာပေါ့။ နောက်ထပ် တကယ်လုပ်နိုင်မယ့်သူကို ရှာဖွေနေတဲ့ အဆင့်လို့ ပြောရမှာပေါ့”
နိုင်ငံတောင်ပိုင်းတွင် တန်ချိန် နှစ်သိန်းနှင့်အထက် သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် ရုရှားနှင့် ဆွေးနွေးနေကြောင်း ပြီးခဲ့သည့် မတ်လအတွင်းက ရုရှားသတင်းဌာန ITAR-TASS ကို နေပြည်တော်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ထိုစီမံကိန်းတွင် ဆိပ်ကမ်းတည်ဆောက်နိုင်သည့် အလားလာရှိသဖြင့် ရုရှားကို ပထဝီနိုင်ငံရေးအရ လိုအပ်ချိန်တွင် စစ်သင်္ဘောများ ဆိုက်ကပ် အသုံးပြုနိုင်သည့်အခြေအနေဖြင့် စစ်ကောင်စီက မက်လုံးပေး စည်းရုံးနေပုံရကြောင်း ထိုစီမံကိန်းအကြောင်း သိရှိသည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်
သို့သော် လက်တွေ့တွင် ကမ်းရိုးတမ်းတလျှောက် သောင်ထွန်းခြင်း၊ ရေစူးမနက်တော့ခြင်း၊ ရေစူးနက်လာ ရန် သောင်တူးစက်နဲ့ သဲများစုပ်ထုတ်ပါက ကမ်းပါးပြိုနိုင်၍ ကြိုတင်ကာကွယ်တဲ့စနစ်များ လိုအပ်ခြင်းတို့ ရှိနေပြီး ထိုအခြေအနေအတွက် လေ့လာဆန်းစစ်တွက်ချက်မှုများစွာ လုပ်ရမည်ဟု သူက ဆိုသည်။
“ထားဝယ်ရေနက်ဆိပ်ကမ်း တကယ်လုပ်ခဲ့ရင် ဆိပ်ကမ်းကနေ ပြည်ပပို့ကုန်ဘယ်လောက်များများ ရှိမလဲ ဆိုတာက တကယ် ပြဿနာအကြီးကြီးပါ။ ကုန်သင်္ဘော အရေအတွက် နည်းနည်းသာ အဝင်အထွက် လုပ်နိုင်မယ်ဆိုရင်၊ သီရိလင်္ကာနိုင်ငံက တရုတ်ချေးငွေနဲ့လုပ်တဲ့ ဆိပ်ကမ်းဖြစ်စဉ်မျိုး ကြုံရလိမ့်မယ်။ ရုရှားက ဒီလိုမျိုးရင်းနှီးမြှုပ်နှံနိုင်မယ် မထင်ဘူး။ သူကိုယ်တိုင် ခပ်ယဲ့ယဲ့ စီးပွားရေးပြဿနာတွေနဲ့” ဟု သူက ဆက်ပြောသည်။

၂၀၁၂ ဇန်နဝါရီလက ထားဝယ်ရေနက်စီမံကိန်း ဆိုင်းဘုတ်အနီး တွေ့ရသော ဒေသခံအမျိုးသား တစ်ဦး။ (ဓာတ်ပုံ-EPA)
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၀၈ ကတည်းက စစ်အစိုးရနှင့် ထိုင်း အခြေစိုက် အီတာလျံထိုင်းကုမ္ပဏီတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော်လည်း ဦးသိန်းစိန် အစိုးရက “စီမံကိန်းအတွက် လိုအပ်သည့်ငွေကြေးကို အချိန်မီ ရှာဖွေဖြည့်ဆည်းခြင်း မပြုနိုင်” ဆိုသည့် အကြောင်းပြချက်ဖြင့် အဆိုပါစာချုပ်ကို ရပ်ဆိုင်းခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ၂၀၁၃ ခုနှစ်တွင် သတင်းထုတ်ပြန်ထားသည်။
သို့သော် အီတာလျံထိုင်းကို စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုကို ဆက်လက်လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း စစ်တပ်အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီတွင် ထိုကုမ္ပဏီကို အပြီးတိုင်ဖယ်ရှားခဲ့သည်။ စီမံကိန်းအတွက် မြန်မာ၊ ထိုင်းနှင့် ဂျပန်အစိုးရတို့ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကတိပြုခဲ့သော်လည်း အကောင် အထည် မပေါ်လာခဲ့ပေ။
တိုက်ပွဲများရှိလာသည့် တနင်္သာရီတိုင်း
၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ တော်လှန်ရေး အားကောင်းလာချိန် တနင်္သာရီတိုင်း သည်လည်း ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ဖွဲ့စည်းလာကြသည်။
ထိုဒေသအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်များ၊ ကော်သူးလေအာမီဟု ခေါ်သည့် KTLA တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၊ ဒေသအဖွဲ့ များ အခြေစိုက်လှုပ်ရှားနေကြသည်။
မကြာသေးခင် ဇန်နဝါရီ ၂၁ ရက် နံနက်ကလည်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွား ရေးဇုန် ရေနက်ဆိပ်ကမ်းကို ရေလမ်းအသုံးပြုကာ စစ်ကောင်စီက အင်အားအများအပြား ဖြည့်တင်းထား ကြောင်း ဒေသခံများကို ကိုးကား၍ Dawei Watch သတင်းဌာနက ဖော်ပြထားသည်။
ထို့ကြောင့် နဘုလယ်ဒေသရှိ မူးဒူး၊ လဲရှောင်၊ ထိန်ကြီး၊ ပရဒတ်၊ မယင်းကြီး စသည့်ကျေးရွာများမှ ဒေသခံ အများစု ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု ဖော်ပြထားသည်။
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထားဝယ်ရေးနက်ဆိပ်ကမ်းစီမံကိန်းအနီး အခြေစိုက်စခန်းသို့ စစ်ကောင်စီက အင်အားဖြည့်တင်းမှုများရှိနေပြီး ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ ဖြစ်သော ဗထူးတပ်မတော်(BHA) က ယမန်နေ့တွင် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
BHA သည် ယခင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ထားဝယ်ခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့၏ စစ်ကြောင်းတစ်ခုဖြစ်ပြီး၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်မှ NUG လက်အောက်မှ ခွဲထွက်ထားသည်။
၂၀၀၈ ခုနှစ်မှ စ၍ ၁၆ နှစ်နီးပါးကြာသည်အထိ ရုပ်လုံးမပေါ်သေးသည့် စီမံကိန်းကို စစ်ကောင်စီက ရုရှား ၏ အကူအညီဖြင့် ပြန်လည်အသက်သွင်းရန် ဆွေးနွေးမှုများရှိသော်လည်း စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အကောင်အထည်ပေါ်လာရန် ခက်ခဲကြောင်း တနင်္သာရီ အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။
“၂၀၀၈ လောက်ကတည်းက လုပ်နေတာပေါ့နော်။ မြေပြင်မှာ လုပ်နေတဲ့ကဏ္ဍလေးတွေမှာ အရှေ့က ထိုင်းတွေလုပ်ခဲ့တဲ့ဟာတွေ ရှိတယ်လေ။ ကျွန်တော်တို့ အိမ်နီးနားချင်ပဲ။ အဲ့ဒီဟာတောင် အကောင်အထည် ဖော်နိုင်မှုစွမ်းအားသိပ်မရှိဘူးလို့ပဲ ပြောရမှာပေါ့။ မနေ့ လာတဲ့ဟာမှလည်း ကျွန်တော်တို့အနေနဲ့ မြင်တာက အခုကာလ အခုအခြေအနေမှာ သိပ်ပြီးတော့လည်း မမျှော်လင့်ပါဘူး” ဟု သူက ဆိုသည်။
“အရင်ကတောင် လွယ်လွယ်ကူကူခေတ်မှာတောင် အကောင်အထည်ဖော်မှုတွေက သိပ်မရှိဘူးလေ။ အခုလို ကာလမှာဆိုရင်တော့ သိပ်ပြီးတော့ ရှိနိုင်လိမ့်မယ်လို့တော့မထင်ပါဘူး”
ဗထူးတပ်မတော် ပြန်ကြားရေးတာဝန်ရှိသူကလည်း စစ်ကောင်စီက အဆိုပါစီမံကိန်းကို ဆက်ဆောင်ရွက် ထားမှု မတွေ့ရဘဲ အခြေစိုက်စခန်းတစ်ခုသာ ထားရှိထားကြောင်း ပြောသည်။
“ စီမံကိန်းလုပ်မဲ့နေရာမှာတော့ သူတို့ အခြစိုက်စခန်းတစ်ခုရှိတယ်ဗျ အဲဒီကို လက်နက်ခဲယမ်းနဲ့ လူ အင်အား ဖြည့်တင်းတာမျိုးနဲ့ အနီးအနားဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး နယ်မြေ ရှင်းရေးလုပ်ဆောင်နေတဲ့သဘောမျိုးပေါ့” ဟု ဆိုသည်။
“ သူတို့ (စစ်ကောင်စီတန်ကြီးချုပ်နှင့် ရုရှားအဖွဲ့) တွေ့ဆုံမှုကလည်း လက်ရှိ စစ်ကြောင်းထိုး ဝင်ရောက် နေမှုနဲ့ အင်အားတိုးချဲ့ထားမှုနဲ့ရော ဆက်စပ်မှုရှိမယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်ကလည်း လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့် ထိုဒေသကို စစ်ကြောင်းများ ထိုး ၍ ကျေးရွာများကို စီးနင်းမှုများ၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်မှုများ မကြာခဏ ပြုလုပ်နေသည်။
တနင်္သာရီတိုင်းအတွင်း ၂၀၂၄ ဒီဇင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု ၃၃ ကြိမ်ထက်မနည်း ရှိခဲ့ပြီး တိုက်ပွဲ များကြောင့် နေရပ်စွန့်ခွာခဲ့ရသူ ၆၅,၈၀၀ ကျော် အထိရှိခဲ့သည်ဟု FE5 Tanintharyi ဟုသော အရပ်ဖက် အဖွဲ့ က ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်တွင် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူ့နေအိမ် အရေ အတွက် ၇၅၀ ကျော်ရှိပြီး ဒီဇင်ဘာအတွင်း နေအိမ် ၂၆၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ နေအိမ်ပျက်စီးမှု အများဆုံးကာလတစ်ခုဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။