
တောင်ပိုင်းတိုင်းစစ်ဒေသဟု ခေါ်ဆိုကြသည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသတွင် လှုပ်ရှားနေသော မွန်လက်နက်ကိုင်တော်လှန်ရေးတပ်များသည် မွန်တပ်တော်တစ်ခုတည်း ဖြစ်ပေါ်လာရေးအတွက် အပြင်းအထန်ကြိုးပမ်းနေကြသည်။
ပထမခြေလှမ်းအဖြစ် ယခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် မွန်လက်နက်ကိုင် ၄ တပ် ပူးပေါင်း၍ “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းလိုက်သည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် မွန်လက်နက်တော်လှန်ရေးအင်အားစု ဖြစ်သော မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA – AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပါဝင်သည်။
အဆိုပါ ရာမညစစ်ကြောင်း၏ စစ်ရေးလှုပ်ရှားမည့်ပုံစံ၊ မွန်ပြည်နယ်အတွင်း မွန်လက်နက်ကိုင် တော်လှန် ရေးတပ်ဖွဲ့များကြား စုစည်းနိုင်မှု၊ ဒေသတွင်းရှိ အခြားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် တော်လှန်ရေးအင်အားစုတို့ကြား မဟာမိတ်ဆက်ဆံရေး၊ စစ်ရေးနိုင်ငံရေး မျှော်မှန်းချက်များကို သိရှိနိုင်ရန် ရာမညစစ်ကြောင်း၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံလည်းဖြစ်၊ မွန်ပြည်ကာကွယ်ရေး တပ်(MSDF) စစ်ဦးစီးချုပ်လည်း ဖြစ်သည့် ဒေါက်တာသီရိမွန်ချမ်းကို Myanmar Now က ဆက်သွယ် မေးမြန်း ထားပါသည်။
မေး။ ။ မွန်တော်လှန်ရေး ၄ ဖွဲ့ ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ ရာမညစစ်ကြောင်းရဲ့ စစ်ရေးလှုပ်ရှားမှု ပုံစံ ဘယ်လိုမျိုးလုပ်ဆောင်သွားမှာလဲ။
ဖြေ။ ။ ပထမဆုံးအနေနဲ့ ဒီရာမည ပူးတွဲ စစ်ကြောင်း ဖြစ်ပေါ်လာခြင်း အကြောင်းကို နည်းနည်းရှင်းပြပေးမယ်။ ကျွန်တော်တို့ မွန်ပြည်နယ်မှာ နွေဦးတော်လှန်ရေးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေ အများကြီးရှိခဲ့ပါတယ်။ အရင်က ရှိနေပြီးသား ဝါရင့်တော်လှန်ရေး ပါတီတွေဖြစ်ကြတဲ့ မွန်ပြည်သစ်ပါတီ အပြင် ဒီနောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ်ရယ်၊ မွန်ပြည်တော်လှန်ရေးတပ်ရယ် တခြားကျန်ရှိနေတဲ့ တပ်တွေလည်း အများကြီး ပေါ်ပေါက်လာခဲ့ပါတယ်။
ကျွန်တော်တို့ မွန်ပြည်နယ်မှာ ကျတော့ တပ်ဖွဲ့တွေ ကွဲပြားပြီးတော့ တစ်ဖွဲ့၊ တစ်တပ်စီ သီးခြားလှုပ်ရှား နေမယ်ဆိုရင် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေ၊ ကြီးမားတဲ့ စစ်ဆင်ရေးတွေ တခြားပြည်နယ် နဲ့ တိုင်းတွေမှာလိုမျိုး မလုပ်နိုင်ခဲ့ကြဘူး။
ဒါကြောင့် မွန်တော်လှန်ရေးလက်နက်ကိုင်တွေ အားလုံး တစ်စုတည်းဖြစ်အောင်ဆိုပြီး ဆွေးနွေးလာခဲ့ကြတယ်။ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ တပ် ၄ တပ်ရဲ့ ထိပ်ပိုင်းစစ်ရေးခေါင်းဆောင်တွေ တွေ့ဆုံပြီးတော့ မွန်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ ဒီလက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ အပြင် တခြားကျန်ရှိနေသေးတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး မွန်တပ်တော်တစ်ခုဖြစ်မြောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သဘောတူညီခဲ့တယ်။
သို့သော်ငြားလည်း မွန်တပ်တော်တစ်ခု မပေါ်ခင် ကာလမှာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ ကျစ်ကျစ်လစ်လစ်၊ ခိုင်ခိုင်မာမာ ပြုလုပ်နိုင်ဖို့ ဆိုပြီးတော့ ဒီစစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေ ချထားခဲ့တယ်။ အဲဒီသဘောတူညီချက်နဲ့ပဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇၊ ၁၈ ရက်နေ့မှာ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျွန်တော်တို့ တပ်ဖွဲ့ခေါင်းဆောင်တွေ ၄ ဖွဲ့က တွေ့ဆုံပြီးတော့ အရင်က သဘောတူထား ပြီးသား စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ဆိုပြီးတော့ ဒီရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းခဲ့တာပါ။
ဒီပူးတွဲစစ်ကြောင်းကတော့ ပူးပေါင်းဆောင်ရွက်မှုရဲ့ ပထမခြေလှမ်းပေါ့။
မေး။ ။ ဒီစစ်ကြောင်းက ဘယ်လိုပုံစံလှုပ်ရှားမှာလဲ၊ ရွှေ့လျားပုံစံလား။ ဒါမှမဟုတ် နယ်မြေတစ်ခုအပေါ်မှာ အခြေချပြီးတော့ လှုပ်ရှားမှာလား။
ဖြေ။ ။ ဒီစစ်ကြောင်း ဖွဲ့စည်းမှု ပုံစံကျတော့ နယ်မြေ တစ်နေရာထဲမှာ စစ်ရေးအရ လှုပ်ရှားမယ့် စစ်ကြောင်း မဟုတ်ဘူး။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စစ်ဆင်ရေး ဒေသနဲ့ နယ်မြေကလည်း မွန်ပြည်နယ် တစ်ပြည်နယ်လုံးအနှံ့ပေါ့။ အဲဒါကြောင့်ပဲ ဒီစစ်ကြောင်းကို ဦးစီးတဲ့ စစ်ဆင်ရေးမှူးတို့၊ ဗျူဟာမှူးတွေကကျတော့ မိမိရဲ့ အခြေအနေ၊ ရန်သူရဲ့ အခြေအနေ ၊ နယ်မြေအနေအထားအပေါ်ကို မူတည်ပြီးတော့ ကျွန်တော်တို့အတွက် အကျိုးဖြစ်မယ့်၊ တော်လှန်ရေးအတွက် အကျိုးဖြစ်မယ့် ဗျူဟာမြောက်စစ်ဆင်ရေးတွေကို ဆင်နွှဲသွားမယ့် သဘောပါ။
နေရာဒေသသတ်မှတ်ထားတာတော့ မရှိဘူး။ မွန်ပြည်နယ်တစ်ခွင်လုံးကို လှုပ်ရှားပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်သွားဖို့ပါ။
မေး။ ။ ဒီစစ်ကြောင်းရဲ့ အင်အားကရော ဘယ်လောက်လောက်ရှိမလဲ။ မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ပေါင်းထားတာဆိုတော့လေ။
မေး။ ။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ အင်အား၊ စစ်ကြောင်းရဲ့ အင်အား၊ လက်နက်ခဲယမ်းမီးကျောက် တွေကျတော့ စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်ဖြစ်တဲ့အတွက် ကျွန်တော်ပြောဆိုခွင့်မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြောလို့ရတာက ဒီစစ်ကြောင်းမှာ ပါဝင်တဲ့ အင်အားကျတော့ ကျွန်တော်တို့ ညီတူညီမျှပေါ့နော်၊ တပ်ဖွဲ့ ၄ ဖွဲ့ကနေ လှုပ်ရှားနိုင်မယ့်၊ အလုပ်ဖြစ်နိုင်မယ့်၊ ဗျူဟာမြောက် စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်မယ့် အင်အားအထိ ကျွန်တော်တို့ ပူးပေါင်းဖွဲ့စည်းသွားမှာပါ။

မေး။ ။ မွန်တပ်ဖွဲ့ ၄ ဖွဲ့အပြင် အခြားသော မွန်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆွေးနွေးပြောဆိုမှု အခြေအနေကရော ဘယ်လိုရှိနေလဲ။
ဖြေ။ ။ ကျွန်တော်တို့ ပထမရည်မှန်းချက်က မွန်တပ်တော်ဖြစ်လာဖို့ပါ။ ဒါ့အတွက် မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့အပြင် ကျန်ရှိနေသေးတဲ့ ရာမညမွန်တပ်မတော်၊ တနင်္သာရီတိုင်းဘက်မှာ လှုပ်ရှားနေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အင်အားသိပ်မကြီးမားသေးတဲ့ မွန်လက်နက်ကိုင် တပ်ဖွဲ့တွေလည်း ရှိနေကြပါသေးတယ်။ အင်အားကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ ကျွန်တော်တို့ အနေနဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးကို မွန်တပ်တော်တစ်ခုဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ ဆွေးနွေးနေကြတာတွေတော့ ရှိပါတယ်။
သို့သော်ငြားလည်း အခုအချိန်အထိတော့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အဆင့်တော့ မရောက်သေးဘူး။ အခုလောလောဆယ်မှာ အခုတပ်ဖွဲ့ ၄ ဖွဲ့ လောက်ပဲ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်သေးတယ်။ နောက်နောင်မှာ ကျန်ရှိနေသေးတဲ့ မွန်လက်နက်ကိုင်အဖွဲ့အစည်းတွေပေါ့နော်၊ မွန်တပ်တော်တစ်ခုကို ဖြစ်မြောက်ရေးအတွက် သူတို့လည်း ယုံကြည်ချက်အပြည့်နဲ့ ပူးပေါင်းလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်ခင်ဗျ။
မေး။ ။ ရာမညစစ်ကြောင်းက မွန်ပြည်နယ်ထဲမှာ ဗျူဟာမြောက်စစ်ရေးဖော်ဆောင်မှုအတွက် အစဖြစ်လာပြီဆိုတော့ ၂၀၂၅ ခုနှစ်ထဲမှာ မွန်ပြည်နယ်ထဲမှာ စစ်ရေးလှုပ်ရှားမှုတွေက မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေအထိ ကျယ်ပြန့်လာနိုင်လား။
ဖြေ။ ။ ကျွန်တော်တို့ရဲ့ ပထမရည်မှန်းချက်ကိုက မွန်ပြည်နယ်ထဲမှာ ဗျူဟာမြောက် စစ်ဆင်ရေးတွေ၊ တခြားတိုင်းနဲ့ ပြည်နယ်လိုမျိုး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေကို ပြုလုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုမျိုး မွန်တပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တာလည်း ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ စစ်ရေးသုံးသပ်ချက်အရ အခြားပြည်နယ်တွေမှာ မြောက်ပိုင်း(မြန်မာ-တရုတ်နယ်စပ် ရှမ်းမြောက်နှင့်ကချင်) တို့၊ စစ်ကိုင်း၊ မကွေး ဒေသတို့၊ ရခိုင်ပြည်နယ်တွေမှာကျတော့ အဲဒီဒေသတွေမှာ လှုပ်ရှားတွေနေတဲ့ တပ်ဖွဲ့တွေရဲ့ စုစည်းမှု၊ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ အချိန်ကိုက်ညီညီ လှုပ်ရှားနိုင်တဲ့အတွက် စစ်ရေးအောင်မြင်မှုတွေ ရနိုင်ခဲ့တယ်။ နောက်ကြီးမားတဲ့ စစ်ဆင်ရေးလုပ်နိုင်ခဲ့တယ်။ တိုင်းစစ်ဌာနချုပ်တွေအထိတောင် သိမ်းပိုက်နိုင်ခဲ့ရခြင်းရဲ့ အဓိကအကြောင်းအရင်းက ပူးပေါင်းဆောင်ရွက်မှုအားပါ။
ဒါကြောင့်ပဲ ကျွန်တော်တို့ မွန်ပြည်နယ်မှာ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလိုမျိုး မလုပ်နိုင်ရခြင်းက မွန်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးက တစ်စု၊ တစ်ဖွဲ့စီ သီးခြားနေတဲ့အတွက်ကြောင့် ဘုံရန်သူကို တိုက်ခိုက်တဲ့ နေရာမှာ လိုအပ်နေတဲ့ မဟာမိတ်မဟာဗျူဟာမှာ အားနည်းနေတယ်။ ဒီအားနည်းချက်အပေါ်မှာ ကျွန်တော်တို့ သုံးသပ်လာတဲ့အတွက် အင်အားဖြစ်လာဖို့အတွက် အခုလို ပေါင်းစည်းလာခဲ့တယ်။ ဒီပေါင်းစည်းမှုရဲ့ ရည်ရွယ်ချက်ကလည်း အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလိုမျိုး ကြီးမားတဲ့ စစ်ဆင်ရေးမျိုးတွေ၊ ဗျူဟာမြောက် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ၊ အချက်အခြာကျတဲ့ ရန်သူ့စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ဖြစ်ပါတယ်။
ရာမညစစ်ကြောင်းဖွဲ့စည်းပြီးတဲ့ နောက်ပိုင်း မွန်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးတက်ပြီးတော့ လှုပ်ရှားနိုင်မယ်။ အခြားတိုင်းနဲ့ ပြည်နယ်လိုမျိုး ဗျူဟာမြောက်စစ်ဆင်ရေးတွေ၊ ကြီးမားတဲ့ စစ်ဆင်ရေးတွေ လုပ်လာနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
မေး။ ။ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းဌာနချုပ်ရှိတဲ့ မော်လမြိုင်အထိ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာနိုင်မလား။ အဲဒီအတွက်ရော လက်နက်ခဲယမ်းရော လုံလောက်မှုရှိရဲ့လား။
ဖြေ။ ။ ကျွန်တော်တို့ စစ်ရေးရည်မှန်းချက်က မွန်ပြည်နယ်တစ်ခွင် ဗျူဟာမြောက်စစ်ဆင်ရေးတွေ လုပ်မှာဖြစ်တဲ့အတွက် (ပြည်နယ်မြို့တော် မော်လမြိုင်အခြေစိုက်) အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကလည်း ကျွန်တော်တို့ စစ်ရေးရည်မှန်းချက်ပန်းတိုင်ထဲမှာ ပါပါတယ်။ ဒါပေမဲ့လည်း စစ်ဆင်ရေးလုပ်တဲ့ နေရာမှာကျတော့ အချိန်ကာလနဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ လုပ်ရမှာဖြစ်ပါတယ်။
ဗျူဟာမြောက်စစ်ဆင်ရေးတွေ လုပ်တဲ့နေရာမှာကျတော့ အရေးကြီးတာက ဗျူဟာမြောက်စစ်လက်နက်တွေပေါ့။ အခုချိန်မှာ စစ်ရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေကြောင့် စစ်ဆင်ရေးလုပ်တဲ့ နေရာမှာ နည်းပညာကို အသုံးပြုပြီးတော့ အထောက်အကူပြုရတဲ့ စစ်လက်နက်တွေ ဥပမာ- ဒရုန်းတို့၊ ဒုံးတို့ တခြားစစ်လက်နက်ပစ္စည်းတွေ သုံးစွဲရတာဖြစ်တဲ့အတွက်ကြောင့် ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော်တို့မှ သိပ်ပြီးတော့ လုံလုံလောက်လောက်မရှိသေးပါဘူး။
သို့သော်ငြားလည်း ကျွန်တော်တို့ရဲ့ မွန်လက်နက်ကိုင်တပ်တွေရဲ့ ညီညွှတ်မှု၊ ပေါင်းစည်းမှုကနေ ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ မွန်ပြည်သူပြည်သားများရဲ့ ညီညွှတ်မှုဆီကို ရောက်သွားမှာဖြစ်ပါတယ်။ အဲဒီလိုမျိုးရောက်သွားလို့ရှိရင် အထူးသဖြင့် ပြည်ပမှာရှိနေတဲ့ မွန်လူထုရဲ့ ထောက်ပံ့မှုတွေ ရလာလိမ့်မယ်။
ဥပမာ AA (ရက္ခိုင့်တပ်တော်) လိုပေါ့၊ ကျွန်တော်တို့ရဲ့ မဟာမိတ်တပ်ဖွဲ့ဆိုရင် မြန်မာပြည်မှာ ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဆိုတာ ရခိုင်ပြည်နယ်ပါပဲ၊ အဆင်းရဲဆုံးက ချင်း။ သို့သော်ငြားလည်း AA ရဲ့ ညီညွှတ်မှု၊ ရခိုင်ပြည်သူပြည်သားများရဲ့ ညီညွှတ်မှုတို့ကြောင့် အခုလိုမျိုး ဗျူဟာမြောက်တဲ့ စစ်ဆင်ရေးမျိုး၊ ဗျူဟာမြောက် စစ်လက်နက်တွေ၊ စစ်သည်အင်အားတွေ အပြည့်အ၀နဲ့ လှုပ်ရှားလာနိုင်ခဲ့တယ်။
ကျွန်တော်တို့ရဲ့ အားနည်းချက်ကျတော့ မွန်လူမျိုးတွေမှာ ခုနကလိုမျိုး တပ်ဖွဲ့တွေရဲ့ ညီညွှတ်မှုမရှိခဲ့ဘူး။ တပ်ဖွဲ့တွေရဲ့ ညီညွှတ်မှုမရှိခဲ့တဲ့အတွက်ကြောင့် ထောက်ပံ့နေတဲ့ မွန်ပြည်သူပြည်သား ညီညွှတ်မှုလည်း မရှိလာခဲ့ဘူး။ အခုကျတော့ ကျွန်တော်တို့ မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ရဲ့ စုစည်းနေမှု၊ ညီညွှတ်မှုကနေ တစ်ဆင့် မွန်ပြည်သူပြည်သားတွေရဲ့ ညီညွှတ်မှုကို ပေါင်းစည်းနိုင်ခဲ့ရင် လိုအပ်နေတဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပစ္စည်းအထောက်အပံ့တွေ၊ နောက်ပြီးတော့ မဟာမိတ်တွေဆီကနေလည်း စစ်ပစ္စည်းအထောက်အပံ့တွေ ရလာရင် ကျွန်တော်တို့ ဗျူဟာမြောက် စစ်ဆင်ရေးတွေ လုပ်လာနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
မေး ။ ။ ရခိုင်ပြည်နယ်မှာ AA ရဲ့ စစ်ရေးအောင်မြင်မှုတွေကရော မွန်တပ်ဖွဲ့တွေ အပေါ် ဘယ်လောက်အထိ စိတ်ဓာတ်ခွန်အားဖြစ်စေလဲ။
ဖြေ။ ။ ကျွန်တော်တို့ မိမိရဲ့ တပ်ဖွဲ့တစ်ခုထဲမှာပဲ ဖြစ်စေ၊ အခုလိုမျိုး မွန်လက်နက်ကိုင်တပ်ဖွဲ့ အားလုံးနဲ့ တွေ့ဆုံကြတဲ့အခါမှာ ရခိုင် AA တပ်ရယ်၊ ကျွန်တော်တို့ရဲ့မဟာမိတ် TNLA တို့ရဲ့ စံနမူနာကို အမြဲတမ်း ပြောဖြစ်ကြပါတယ်။
တော်လှန်ရေးမှာတော့ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင် နဲ့ ညီညီညွတ်ညွတ်၊ စည်းစနစ်ကျကျ၊ ပုံစံကျကျ လုပ်သွားရင်တော့ အထူးသဖြင့် မိမိတို့ရဲ့ ပြည်သူပြည်သားတွေရဲ့ ထောက်ခံမှုကို ရလာလိမ့်မယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ဒီတပ်ဖွဲ့တွေကို သာဓကအနေနဲ့ အားလည်း ကျတယ်။ သူတို့လိုမျိုး လုပ်ဆောင်နိုင်ဖို့အတွက်လည်း ကြိုးစားနေကြတယ်။
မေး။ ။ NUG (အမျိုးသားညီညွှတ်ရေးအစိုးရ), PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေး ကရော ဘယ်လိုရှိနေပါသလဲ၊ မွန်တပ်ဖွဲ့တွေအနေနဲ့ ဘာတွေ ဆွေးနွေးနေကြလဲ။
ဖြေ။ ။ ကျွန်တော်တို့ မွန်ပြည်နယ်နဲ့ ဆက်စပ် တိုင်းဒေသကြီးတွေမှာ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုက တော်တော်လေး အားရစရာကောင်းပါတယ်။ ကျွန်တော်တို့ ရာမည ပူးတွဲစစ်ကြောင်းကို မဖွဲ့စည်းခင်ကတည်းက မိမိတို့တပ်ဖွဲ့ ၄ ဖွဲ့ရဲ့ လှုပ်ရှားတဲ့ နေရာပေါ်မှာ ထိစပ်ပြီး ဆက်ဆံနေကြတဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ပေါ့၊ ဥပမာ NUG, MOD (ကာကွယ်ရေးဝန်ကြီးဌာန) လက်အောက်ခံ တပ်ဖွဲ့တွေရယ်၊ ကျွန်တော်တို့နဲ့ အရင်ကတည်းက မဟာမိတ် ဖြစ်လာခဲ့တဲ့ KNU (ကရင်အမျိုးသားအစည်းအရုံး) တပ်ဖွဲ့တွေနဲ့လည်း ပူးတွဲလှုပ်ရှားမှုတွေ လုပ်လာခဲ့တာတွေ ရှိပါတယ်။
နောက်ပြီးတော့ တခြား EAOs တို့ ဥပမာ ကရင်နီတို့၊ TNLA တို့၊ တခြား ကချင်တို့ စသည့်ဖြင့် ဒီတပ်ဖွဲ့တွေနဲ့လည်း ကျွန်တော်တို့က အရင်ကတည်းက ဆက်စပ်မှုတွေရှိနေခဲ့ပါတယ်။ အခုအထိလည်းရှိနေပါတယ်။ ဗျူဟာမြောက် စစ်လက်နက်တွေ၊ စစ်ရေးဆိုင်ရာပစ္စည်းတွေ ရဖို့အတွက် မွန်ပြည်နယ်ပြည်သူပြည်သားများအပေါ် အားကိုးသလို ကျွန်တော်တို့ရဲ့ မဟာမိတ် EAOs တွေဆီကလည်း မျှော်လင့်ထားတာတွေရှိပါတယ်။
NUG နဲ့ MOD ရဲ့ စစ်ပညာအမြင်နဲ့ ကြည့်ရင်တော့ အခုကျွန်တော်တို့ လှုပ်ရှားနေတာက မွန်ပြည်နယ်ဆိုတာက စစ်ဒေသတစ်ခုလောက်ပါပဲ၊ တောင်ပိုင်းစစ်ဒေသရဲ့ ဒေသတစ်ခုပေါ့နော်၊ ကျွန်တော်တို့ ဒီ စကစ ကို အနိုင်ယူနိုင်ဖို့၊ နွေဦးတော်လှန်ရေး အောင်မြင်မှု ရနိုင်ဖို့ဆိုရင်လည်း ဒီစစ်ဒေသတစ်ခုတည်းက အကျဉ်းချုံးပြီး ကြည့်လို့မရပါဘူး။ တစ်နိုင်ငံလုံး အနှံ့ပေါ့၊ (နိုင်ငံမြောက်ပိုင်း) ခါရာဘိုရာဇီတောင်ထိပ်ကနေ ကျွန်တော်တို့ရဲ့ အောက်ပိုင်း မြိတ်အထိ၊ နောက်ပြီး အနောက်ဘက် ရခိုင်ကနေ မြောက်ပိုင်းအထိ အဲဒီလိုမျိုး စစ်မြေပြင်တစ်ခုအနေနဲ့ ကြည့်ဖို့လိုပါတယ်။
အခုလိုမျိုး မြောက်ပိုင်းမှာ စစ်ရေးအရ အောင်မြင်နေပါစေ၊ အနောက်ပိုင်းမှာ ရခိုင်က အောင်မြင်နေပါစေ၊ အခြားကျန်ရှိနေတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ စကစက ထိန်းထားနိုင်ဦးမယ်၊ သူတို့တွေရဲ့ အသက်ရှူပေါက်ရနိုင်မယ်ဆိုရင် တစ်ချိန်တစ်ခါမှာ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထိုးစစ်ပြန်ဆင်လာနိုင်ပါလိမ့်မယ်။
အခုအချိန်မှာ မြောက်ပိုင်းမှာ စစ်ရေးအောင်မြင်မှုတွေ ရနိုင်ခဲ့တယ်။ စစ်ဌာနချုပ်ကြီးတွေကို သိမ်းနိုင်ခဲ့တယ်။ ရခိုင်ဘက်မှာလည်း ဒီစစ်အောင်မြင်မှုတွေ ရနိုင်ခဲ့တယ်။ သို့သော်ငြားလည်း တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ တစ်ပြည်လုံးအတိုင်းအတာဆောင်တဲ့ စစ်မျက်နှာတစ်ခုလုံးကို လက်နက်ကိုင်တော်လှန်နေကြတဲ့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံး စုစည်းမှု၊ အချိန်ကိုက်မှု၊ စုစည်းမှု၊ ဗျူဟာ ကျကျလှုပ်ရှားမှု မရှိဘူးဆိုရင် ဂျာမနီလိုပြန်ဖြစ်သွားနိုင်တယ်။
ဒါ့ကြောင့်လည်း အခုအချိန်မှာ NUG နဲ့ တခြားမဟာမိတ်တွေက ဒီကိစ္စကို တွေ့တိုင်းဆုံတိုင်း စကားတွေ ပြောဖြစ်ကြတယ်။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု လုပ်ကြပါ၊ အားနည်းနေတဲ့ ပြည်နယ်မှာ စစ်ရေးဖော်ဆောင်မှုမလုပ်နိုင်တဲ့ ပြည်နယ်တွေမှာ အထောက်အပံ့တွေ ပေးကြပါ။ ညဥပမာ ကျွန်တော်တို့ တောင်ပိုင်းမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ထိန်းထားနိုင်ခဲ့ရင် တခြားဒေသတွေ အတွက် ပိုပြီးတော့ အထောက်အကူဖြစ်သွားမှာပေါ့၊ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်ပေါ့။ မဟာမိတ်အဖွဲ့တွေနဲ့ တွေ့တိုင်း၊ EAOs အဖွဲ့တွေနဲ့ တွေ့တိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ စစ်ဆင်ရေးတွေ၊ ထောက်ပံ့ကူညီမှုတွေပေါ့။ ဥပမာ မွန်ပြည်နယ်ကို TNLA ပဲ ဖြစ်ဖြစ်၊ AA ကပဲ ဖြစ်ဖြစ်၊ ကူညီတာက တစ်နိုင်ငံလုံးကို ကူညီတယ်ဆိုတဲ့ သဘောမျိုးပါပဲ။

မေး ။ ။ မွန်ပြည်နယ်ရဲ့ လက်ရှိ စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ် လှုပ်ရှားနေမှု အခြေအနေ တွေက ဘယ်လိုရှိပါသလဲ။ နောက်တစ်ခုက မွန်ပြည်နယ်မှာ တော်လှန်ရေးအင်အားစု အဖွဲ့တွေလည်းများ တယ်ဆိုတော့ ဒီတပ်ဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေမှာရော ဘာအခက်အခဲတွေကြုံတွေ့နေရ လဲ။
ဖြေ ။ ။ အမှတ် ၈ လမ်းမလို့ ခေါ်တဲ့ ရေး-ထားဝယ်လမ်းပိုင်း၊ သထုံဘက်မှာလည်း တိုက်ပွဲတွေ ရှိနေပါတယ်။ အဓိကလမ်းမကြီးတွေ ထိန်းချုပ်နိုင်ဖို့အတွက် တိုက်ပွဲတွေ ဖြစ်နေတာရှိပါတယ်။ ဒီအမှတ် ၈ လမ်းမကြီးကလည်း ဗျူဟာမြောက်လမ်းမကြီးဖြစ်တယ်၊ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းက ဆက်စပ်ထားတယ်၊ တနင်္သာရီကမ်းရိုးတန်းနဲ့လည်း ပြိုင်တူ အပြိုင်ရှိနေတယ်။ ကမ်းရိုးတန်းလုံခြုံရေးအတွက်လည်း ဒီလမ်းပိုင်းကို အလေးထားတယ်။ အခုလောလောဆယ်လည်း အဲဒီမှာ တိုက်ပွဲတွေဖြစ်နေတယ်။
အဲဒီတိုက်ပွဲမှာက ကျွန်တော်တို့ ပူးပေါင်းတပ်တွေရယ်၊ မဟာမိတ်တွေဖြစ်တဲ့ ဒေါနစစ်ကြောင်းတို့၊ KNU တို့ တိုက်ပွဲတွေဝင်နေကြပါတယ်။ ရန်သူကလည်း ဒီဘက်ကို အင်အားအလုံးအရင်းနဲ့ကို ချထားနေပါတယ်။
မွန်ပြည်နယ် နဲ့ တောင်ပိုင်းစစ်ဒေသ လို့ ကျွန်တော်တို့ ခေါ်တဲ့ ရန်ကုန်ကနေ မွန်၊ တနင်္သာရီ အထိပေါ့။ အဲဒီ တောင်ပိုင်းစစ်ဒေသတစ်ခုလုံး စစ်ရေးအရ သုံးသပ်ရရင်တော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဘက်မှာတော့ တော်တော်လေး အင်အားနည်းနေပါသေးတယ်။ အင်အားအရ ရော ပူးပေါင်းဆောင်ရွက်မှုအားအရရော နည်းနေပါသေးတယ်။ နောက်ပြီးတော့ ဗျူဟာမြောက်အဖြစ် အခြား တိုင်းနဲ့ ပြည်နယ်တွေနဲ့ ဆက်စပ်ပြီး ဆောင်ရွက်တာတွေလည်း အားနည်းနေပါသေးတယ်။
ကျွန်တော် NUG၊ MOD ကိုလည်း ဆွေးနွေးခဲ့ဖူးပါတယ်၊ စစ်ရေးသုံးသပ်တဲ့ အခါ တစ်ခါတလေမှာ ကျတော့ ဝေဖန်မှုတွေလည်း ပါတာပဲလေ။ နေပြည်တော်တို့ ချီတက်ကြစို့၊ မန္တလေးကို ချီစတက်ကြစို့ ဆိုတဲ့ စစ်ရေးရည်မှန်းချက်တစ်ခုနဲ့ လုပ်နေတဲ့ အတွက်ကြောင့် တခြားတိုင်းနဲ့ ပြည်နယ်မှာ လိုအပ်နေတဲ့ စ်စ်ရေးလှုပ်ရှားမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်တော်တော်လျော့သွားတယ်။
ဒီတောင်ပိုင်းစစ်ဒေသကျတော့ ရန်သူက အဓိကထားတဲ့ နေရာပါ။ ကျွန်တော်ရဲ့ စစ်ရေးသုံးသပ်ချက်အရဆိုရင် မန္တလေးနဲ့ နေပြည်တော်ထက်တောင် အရေးကြီးတယ်။ ဘာဖြစ်လဲဆို တော့ ကျွန်တော်တို့ တောင်ပိုင်းစစ်ဒေသမှာကျတော့ ရေနက်ဆိပ်ကမ်းတို့၊ တနင်္သာရီကမ်းရိုးတန်း တို့ရှိနေတယ်၊ မြောက်ပိုင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို သိမ်းနိုင်ခဲ့တာတွေရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာကုန်သွယ်ရေးမှာ အဓိက သုံးနေရတာက ရေလမ်းကြောင်းဖြစ်ပါတယ်။
ဒါကြောင့် ရန်သူက ဒီတနင်္သာရီကမ်းရိုးတန်းကို ထိန်းထားနိုင်ဖို့ သူတို့လည်း အကြီးအကျယ်ကြိုးစားနေတယ်။ ကျွန်တော်တို့နေရာက မြောက်ပိုင်းနဲ့လည်း သိပ်မတူဘူး၊ တောင်ပိုင်းက နိုင်ငံရေးပထဝီအနေအထားအရရော၊ ပထဝီမဟာဗျူဟာအရရော၊ ပထဝီစီးပွားရေးအရရော အရေးပါတဲ့ နေရာ ဖြစ်ပါတယ်။ ကုန်သွယ်ကူးသန်းရောင်းဝယ်ရေးမှာလည်း အရေးပါတယ်။
အရှေ့တောင်းတိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ရပြီဆိုရင်တော့ သူတို့ ကမ်းရိုးတန်းကိုလည်း လက်လွှတ်ရပြီ၊ ဒါဆို သူတို့ရဲ့ ရေတပ်လည်း လက်လွှတ်ရမယ့် သဘောဖြစ်ပြီ။ ဒါပေမဲ့အခုကျတော့ အခြားဖက်တွေမှာပဲ လှုပ်ရှားနေကြတဲ့အခါမှာကျတော့ ဒီဘက်မှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတို့ အထောက်အပံ့တို့ ဗျူဟာမြောက် စစ်ဆင်ရေးတို့ မလုပ်နိုင်တဲ့အတွက်ကြောင့် ရန်သူက ခြေကုပ်ယူထားနိုင်ခဲ့တယ်။ မြောက်ပိုင်းမှာ စစ်ရေးအခြေအနေ နည်းနည်းလျော့လာတာနဲ့ ကျွန်တော်တို့ဘက်မှာ အင်အားပြန်ဖြည့်လာတယ်။ ရန်သူရဲ့ စစ်ရေးခန့်မှန်းချက်သုံးသပ်ချက်မှာ တောင်ပိုင်းစစ်ဒေသကို အရေးထားတဲ့အတွက်ကြောင့် သူတို့ အစီအစဉ်တကျကို လုပ်ထားတယ်။
ကျွန်တော်တို့ တော်လှန်ရေးလုပ်တာက ပြည့်ပြည့်စုံစုံဖြစ်မှ လုပ်လို့မရဘူး၊ ရှိတဲ့အနေအထား ဒီထက်ပိုမိုကောင်းအောင်ဆိုပြီး ကြိုးစားပြီးတော့ လုပ်နေတယ်။ ဒါကြောင့်ပဲ ပထမအဆင့်အနေနဲ့ ကျွန်တော်တို့ မွန်ပြည်နယ်မှာရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ မွန်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ တောင်ပိုင်းစစ်ဒေသပေါ့၊ ကရင်ပြည်နယ်အပါအဝင် တနင်္သာရီတိုင်းမှာ ရှိနေကြတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ တစ်စုတစ်စည်းတည်း ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနေတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံတစ်ခွင်လုံး စစ်ဆင်ရေးတွေ အချိန်ကိုက်လုပ်နိုင်ဖို့၊ ဒေသတစ်ခုနဲ့ တစ်ခု အထောက်အပံ့ အကူအညီကြဖို့ စစ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေ ဖလှယ်ကြဖို့ အများကြီးလုပ်ဖို့ လိုပါတယ်။
မေး ။ ။ အခုကတော့ မွန်တပ်တော်တစ်ခုဖြစ်ပေါ်လာရေး ခြေလှမ်းစပြီဆိုတော့ နိုင်ငံရေး ရည်မှန်းချက်၊ မျှော်မှန်းချက်ကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ။ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်လို့ပဲ ပြောပြော၊ အမျိုးသားရည်မှန်းချက်လို့ပဲ ပြောပြော၊ မြန်မာပြည်မှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုနဲ့ ကိုယ့်ရဲ့ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ်မှာ အခြေခံတဲ့ ဖက်ဒရယ်မူအတိုင်းပဲ ကျွန်တော်တို့ လက်ခံထားတယ်။
ကျွန်တော်တို့ မွန်ပြည်နယ်လည်း ဒီအတိုင်းပဲပေါ့၊ မွန်ပြည်နယ်မှာ မွန်ပြည်သူပြည်သားတွေကိုယ်တိုင် အုပ်ချုပ်စီမံခန့်ခွဲနိုင်တဲ့ ဖက်ဒရယ်ယူနစ်တစ်ခုလိုမျိုး၊ စစ်မှန်တဲ့ ဖက်ဒရယ်ယူနစ်တစ်ခုပေါ့။ အရင်တုန်းက စစ်အာဏာရှင်အဆက်ဆက်ကလည်း ပြည်ထောင်စုလို့ ပြောလာခဲ့တယ်၊ ဒါပေမဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံထားတာမျိုးမရှိခဲ့ပါဘူး။
ကျွန်တော်တို့ မျှော်မှန်းထားတာက ဒီပြည်နယ်ကို အခြေခံပြီး၊ ပြည်နယ်အင်အားကောင်းလာတဲ့အပေါ်မှာ မူတည်ပြီး ပြည်ထောင်စုအားကောင်းမှုကို ဖွဲ့စည်းမယ့် အဲဒီလိုပြည်ထောင်စုမျိုးကို ဖြစ်ချင်ပါတယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ လက်ရှိ မွန်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စုဖွဲ့ထားတဲ့ တပ်ရင်းတပ်ဖွဲအင်အားကရော ဘယ်လောက်ရှိနေပါသလဲ။ ဖြည့်စွက်ဖြေကြားချင်တာရှိလည်း ပြောပေးပါဦး။
ဖြေ ။ ။ ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက်က မွန်ပြည်နယ်တစ်ခွင်လုံးဖြစ်နေတဲ့ အတွက်ကြောင့် ဒီစစ်ရေးအောင်မြင်မှုအတွက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်က တိုက်ခိုက်ရေးအတွက် မလုံလောက်ပါဘူး။ တော်လှန်ရေးလုပ်တဲ့နေရာမှာ အထူးသဖြင့် စစ်သမိုင်းအရ ဗီယက်နမ်စစ်ပွဲမှာဆိုရင် အင်အားကြီးမားတဲ့ အမေရိကန်ကို အောင်နိုင်တာက ဗီယက်နမ်ပြည်သူပြည်သားအားလုံး၊ မြေပြင်မှာရှိနေတဲ့ တောင်သူလယ်သမားတွေ၊ မြို့ပေါ်မှာ လှုပ်ရှားနေတဲ့ လူတန်းစားတွေ၊ နိုင်ငံရေးတပ်သားတွေ အားလုံး စုစည်းမှုအားနဲ့ လှုပ်ရှားတဲ့အတွက်ကြောင့်ပါ။
မွန်ပြည်နယ်မှာ ဗျူဟာမြောက်စစ်ဆင်ရေးလုပ်တဲ့အခါမှာ မိမိတို့ ကျရာအခန်းကဏ္ဍကနေ မွန်ပြည်နယ် တစ်ခွင်မှာ နေကြတဲ့ မွန်ပြည်သူပြည်သားတွေအပြင် ပအို့ဝ်တို့၊ ကရင်တို့ တခြားတိုင်းရင်းသားတွေလည်း ရှိပါတယ်။ ဒါကြောင့် မွန်ပြည်နယ်ရဲ့ လွတ်မြောက်ရေး၊ တစ်နိုင်ငံလုံးရေး လွတ်မြောက်ရေးဆိုပြီးတော့ အားလုံးမှာ တာဝန်ရှိနေတဲ့အတွက်ကြောင့် ဝိုင်းဝန်းပြီးတော့ တော်လှန်ရေးအောင်မြင်ဖို့ ကြိုးစားပေးကြဖို့ တိုက်တွန်းချင်တယ်။
ပြည်ပမှ ရှိနေကြတဲ့ မွန်ပြည်သူပြည်သားတွေရဲ့ အထောက်အပံ့အကူအညီတွေလည်း ကျွန်တော်တို့ တော်တော်လေး လိုအပ်နေပါတယ်။ ဒီဗျူဟာမြောက်စစ်ဆင်ရေးလုပ်နိုင်ဖို့ကို ဝိုင်းဝန်းပြီးတော့ ကူညီပေးကြပါ။
ကျွန်တော်တို့ရဲ့ အင်အားကျတော့ စစ်ရေးဆိုင်ရာဖြစ်တာကြောင့် မပြောနိုင်သော်လည်း ကျွန်တော်တို့အားလုံးရဲ့ ပေါင်းစည်းမှုနဲ့ အခုလောလောဆယ်မှာဆိုရင် မွန်တပ်ဖွဲ့တွေအပါအဝင် အခြားမဟာမိတ်တပ်ပေါင်းလိုက်မယ်ဆိုရင် ဗျူဟာမြောက် စစ်ဆင်ရေးလုပ်နိုင်တဲ့ တပ်မဟာ ၂ ခု၊ ၃ ခုလောက်အထိ ရှိနိုင်ပါတယ်။
နောက်တစ်ခုအရေးကြီးက ကျွန်တော်တို့ရဲ့ ညီညွှတ်မှုတွေက တစ်ဆင့် စစ်ရေးဆိုင်ရာ အောင်မြင်မှု အသီးအပွင့်တွေ ရလာတာနဲ့ ကျွန်တော်တို့ဆီ မရောက်လာသေးတဲ့ စစ်သည်တော်အင်အားတွေ၊ မွန်လူငယ်တွေ၊ တခြားလူငယ်တွေလည်း ဝင်လာဖို့ အများကြီးရှိနေပါတယ်။
