
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်နေချိန်တွင် စစ်ကောင်စီက အာရက္ခတပ်တော်(AA)ထိန်းချုပ် နယ်မြေများကို လေကြောင်းဖြင့် ဗုံးဆက်တိုက်ကြဲနေသဖြင့် ဇန်နဝါရီဒုတိယပတ်အတွင်း ကလေးများ အပါအဝင် ၆၄ ဦးခန့် သေဆုံး၊ ၇၀ ကျော် ဒဏ်ရာရရှိသွားသည်ဟု သိရှိရသည်။
ဇန်နဝါရီ ၁၈ ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များ ထား ရှိသည့်နေရာကို စစ်ကောင်စီလေယာဉ်က ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးနှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု AA က ဇန်နဝါရီ ၁၉ တွင် ထုတ်ပြန်သည်။
ယခုကဲ့သို့ ဗုံးကြဲခံရ၍ သေဆုံး၊ ဒဏ်ရာရရှိသော စစ်သုံ့ပန်းမိသားစုဝင်များမှာ ရခိုင်ဒေသ စစ်ပွဲများ အတွင်း ဖမ်းဆီးရမိထားသည့် တပ်မိသားစုဝင်များဖြစ်သည်၊ အဆိုပါနေရာ၌ ယာယီထိန်းသိမ်းထားခြင်းဖြစ်သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ရေးထားသည်။
ယခုကဲ့သို့ စစ်သုံ့ပန်းများနှင့် မိသားစုဝင်များကို ရည်ရွယ်ချက်ရှိရှိဗုံးကြဲတိုက်ခိုက်ခြင်းမှာ ဂျီနီဗာကွန် ဗန်းရှင်း ခေါ် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာသဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုး ဖောက်ခြင်းဖြစ်သည်ဟု AA ပြန်ကြားရေး အရာရှိ ဦးခိုင်သုခက ပြောသည်။
“ဒီဟာကတော့ပြောမယ်ဆိုလို့ရှိရင် စစ်ကောင်စီအနေနဲ့ စစ်ပွဲအတွင်းမှာ လိုက်နာရမဲ့ ကျင့်ဝတ်တွေ အားလုံးကို ချိုးဖောက်ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါဟာ စစ်ရာဇဝတ်မှုဖြစ်ပါတယ်။ ဒါကြောင့်မို့ စစ်ကောင်စီ ခေါင်းဆောင်တွေ အနေနဲ့ သူတို့ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို သူတို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာဖြစ်ပါတယ် “ဟု ၎င်းက ဆိုသည်။
စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် အသင့်ရှိကြောင်း AA က ၂၀၂၄ ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း လေတပ်က AA ထိန်းချုပ်သောဒေသများကို ဗုံးကြဲမှုများတွင် သေဆုံးသူ ၆၀ ကျော် ရှိနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၀ ဦးခန့်သေဆုံးကာ ၂၀ ကျော်ဒဏ်ရာရရှိသွားသည်ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောထားသည်။
“ဗုံး မကြာခဏကြဲနေလို့ တော်တော်စိုးရိမ်နေရတယ်။ ကားတစ်စီးသွားရင်တောင် လေယာဉ်လာပြီလား လို့ ရင်တုန်နေရတယ်”ဟု ၎င်းက ဆိုသည်။
အလားတူ ဇန်နဝါရီ ၈ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၂၆ ဦး သေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိသွားသည်ဟု AA က ထုတ်ပြန်ထား သည်။

ထို့ပြင် အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသောသူများရှိနေသေးသောကြောင့် သေဆုံး ဒဏ်ရာရ သူများ အရေအတွက် ထပ်မံတိုးလာနိုင်သည်၊ နေအိမ်ပေါင်း ၄၀၀ ခန့် မီးလောင်ကျွမ်းသွားသည်ဟု ဇန်နဝါရီ ၁၀ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။
နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သောနေ ရာများကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန် လျက်ရှိသည် ဟု AA က ဆိုသည်။
ထို့ကြောင့် လေကြောင်းရန် နှင့် လေကြောင်း အန္တရာယ်ကို ယခင်ထက် ပိုသတိထားရန်၊ အင်တာနက်နှင့် ဖုန်းသုံးစွဲမှုများကို စစ်ကောင်စီ ခြေရာခံပြီး မည်သည့်နေရာတွင် လူအများအပြား ရှိကြောင်း သိနိုင်သဖြင့် သတိထားသုံးစွဲကြပါရန် ဦးခိုင်သုခက တိုက်တွန်းထားသည်။
“ဒါဟာ အများပြည်သူလုံခြုံရေးအတွက် အားလုံးက လိုက်နာရလုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပါတယ် “ဟု ၎င်းက ပြောသည်။
အလားတူ ဇန်နဝါရီ ၁၂ ရက်နေ့က ပေါက်တောမြို့နယ်၊ တောင်ဦးမော်ကျေးရွာကို ၂ ကြိမ် ဗုံးကြဲခံရပြီး နေအိမ် ၁ လုံးနှင့် ဆိုင်ခန်း ၁ ခန်း ပျက်စီးသွားခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာကိုလည်း ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၃ နာရီက လေကြောင်းမှ ဗုံးကြဲခဲ့ရာ နေအိမ် ၁ လုံး ပျက်စီးပြီး ဗုံးသီး ၁ လုံး မပေါက်ကွဲခဲ့သလို လက်နက်ကြီးကျ၍ နေအိမ် ၉ လုံး ပျက်စီးခဲ့သည်ဟု ဒေသတွင်းသတင်းဌာနများက ဖော်ပြကြသည်။
ထိုဒေသများကို ဗုံးကြဲမှုနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် AA တို့ တိုက်ပွဲများ လတ်တလော ရပ်တန့်နေသော်လည်း စစ်ရေး တင်းမာနေသည့် အခြေအနေဖြစ်နေပြီး AA ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံ မြို့နယ်ခွဲရှိ ကျေးရွာများမှ စစ်ကောင်စီတပ်စခန်းများကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်နေကြသည်။
AA သည် သံတွဲ၊ ရမ်းဗြဲ ၊ ဘူးသီးတောင် ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွ နှင့် ချင်းပြည်နယ်၊ပလက်ဝမြို့ တို့ကို သိမ်းပိုက်ထားသည်။
ပြည်နယ်တွင်းရှိ AA တိုက်ခိုက်ရန်ကျန်ရှိသည့်မြို့များမှာ အိန္ဒိယရင်းနှီးမြုပ်နှံမှုများရှိသည့် ပြည်နယ် မြို့တော် စစ်တွေ၊ တရုတ်ရင်းနှီးမြုပ်နှံမှုများရှိသည့် ကျောက်ဖြူနှင့်မာန်အောင်မြို့တို့သာ ကျန်သည်။
