အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နယ်စပ်တွင် လက်နက်များ ဖမ်းမိကြောင်း အိန္ဒိယရဲ သတင်းထုတ်

မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အဖွဲ့နှစ်ခု အရောင်းအဝယ်လုပ်သည့် မောင်းပြန်ရိုင်ဖယ် ၆ လက်နှင့် ကျည်ဆံတစ်သောင်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်တွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF)၏ ထိပ်သီး ခေါင်းဆောင်ပိုင်း ၁ ဦး အပါအဝင် ၅ ဦးကို ဖမ်းဆီးထားကြောင်း မီဇိုရမ် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ 

ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ကပ်လျက် တည်ရှိသော  Mamit  ခရိုင်၊ Saithah ရွာအစွန်တွင် ဖမ်းမိသည့် လက်နက်များမှာ AK 47 မောင်းပြန်ရိုင်ဖယ် ၆ လက်၊ ကျည်ဆန် ၁၀,၀၀၀ ကျော်၊ ကျည်ကတ် ၁၃ ခု ဖြစ်သည်၊  ပြည်နယ်အတွင်း လက်နက်ခဲယမ်း အများဆုံး သိမ်းဆည်း ရမိမှုတစ်ခုဖြစ်သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့၏ ဇန်နဝါရီလ ၁၅ ရက်နေ့  သတင်းထုတ်ပြန်ချက်တွင် အင်္ဂလိပ်ဘာသာနှင့် ဖော်ပြထားသည်။ 

CNF ခေါင်းဆောင်၏ အမည်ကို ထုတ်ပြန်ချက်တွင် မတွေ့ရပေ။ 

ထိုလက်နက်ခဲယမ်းများမှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်း ဒေသတွင် လှုပ်ရှားသည့် United People’s Democratic Front (UPDF) နှင့် CNF ကြား အရောင်းအဝယ်လုပ်ကြသည့်ပစ္စည်းများ  ဖြစ်သည်ဟု သိရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

အိန္ဒိယ-မြန်မာနယ်စပ် ဗစ်တိုရီးယားကမ့်တွင် အခြေစိုက်သည့် သက်တမ်းရင့် ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော CNF သည် စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် အစောဆုံးပူးပေါင်းကာ  စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့်အဖွဲ့ဖြစ်သည်။  

ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် လက်နက်များအကြောင်း စာပို့ မေးမြန်းသောအခါ CNF က ၎င်းတို့နှင့် ပတ်သက်ခြင်း မရှိဟု အကြောင်းပြန်သည်။  

“လက်နက်ခဲယမ်းက CNF ဟာ မဟုတ်ပါဘူး” ဟု အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက  ဇန်နဝါရီ ၁၆ ရက်နေ့ ညနေပိုင်းတွင် Myanmar Now ကို စာပေးပို့ ဖြေကြားထားသည်။ 

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက ၂၀၂၃ နှစ်ကုန်ပိုင်းက သိမ်းပိုက်ပြီးနောက် CNF အလံလွှင့်ထူထားစဉ်။  (ဓာတ်ပုံ –  CNF / CNA)

ဖမ်းဆီးခံရသူများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ပြန်လည် ဖြေဆိုခြင်း မရှိသေးပေ။

ဖမ်းဆီးခံရသူများထဲတွင် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည့် Bil Cung ပါဝင်ကြောင်း CNF ဒုဥက္ကဋ္ဌ (၁) က အိန္ဒိယ သတင်းဌာန ဖြစ်သည့် Times of India (TOI)  ကို အတည်ပြုထားသည်။ 

ထိုသူက ခေါင်းဆောင်ပိုင်းကို အသိပေး၊ ခွင့်ပြုချက်ယူပြီး ဆောင်ရွက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အဖွဲ့အစည်းနှင့်လည်း အဆက်အသွယ်မရှိကြောင်း ဒုဥက္ကဋ္ဌ (၁) က  အဆိုပါ သတင်းဌာနကို ပြောသည်။ 

အဖမ်းခံရသည့် အခြား ၄ ဦးမှာ မြန်မာနိုင်ငံသား ၂ ဦး၊ ဘင်္ဂလားဒေ့ရှ်မှ ၁ ဦး၊ မီဇိုရမ်မှ ၁ ဦး ဖြစ်သည်ဟု ထိုသတင်းတွင် ရေးထားသည်။

 ချင်းလူ့အခွင့်အရေးအဖွဲ့ မှ ပရိုဂရမ် မန်နေဂျာ ဦးတီရာ Terah က ထိုသို့လက်နက်ခဲယမ်း သိမ်းဆည်းရမိပြီးနောက် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များ ထောင်နှင့်ချီ ခိုလှုံနေသည့် မီဇိုရမ်ပြည်နယ်တွင် သက်ရောက်မှု မတွေ့ရသေးကြောင်း ပြောသည်။ 

“အဲ့ဒီဖမ်းဆီးမှုကြောင့်လောလောဆယ်တော့ ခုထိတော့ အသွားအလာကန့်သတ်တာမျိုးတော့ မရှိဘူး။ နောက်ဘယ်လိုဖြစ်မလဲ တော့ ပြောလို့မရသေးဘူး”ဟု သူက ဆိုသည်။

လက်နက်ကိုင်အဖွဲ့အစည်း များပြားသည့် နယ်စပ်ဒေသတွင် လက်နက်ခဲယမ်း ဖမ်းဆီးရမိသည့်သတင်း မကြာခဏ ထွက်ပေါ်လာတတ်သည်။

မီဇိုရမ်ပြည်နယ်မှ မြန်မာဘက်ကို လက်နက်ခဲယမ်းသယ်ယူမှုစွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ချင်း လူမျိုး ၁၀ ဦးကို ပြီးခဲ့သည့်နှစ် ဩဂုတ်လက စွဲချက်တင်ခဲ့ ကြောင်း အိန္ဒိယ သတင်းများတွင် ဖော်ပြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button