သတင်း

တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ ပြည်သူပိုင်ရာဘာခြံများကို စစ်တပ်မီးရှို့

တနင်္သာရီတိုင်း ပုလောမြို့နယ် အမှတ် (၈) ပြည်ထောင်စုလမ်းမ မြိတ်-ထားဝယ်လမ်းပိုင်းရှိ ကျေးရွာများအနီး ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်ခံရသည့် စစ်တပ်က ပြည်သူပိုင် စိုက်ပျိုးဥယာဉ်များနှင့် ရာဘာခြံများကို မီးရှို့သွားသည်။

နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ပုလောမြို့နယ် ပြည်ထောင်စုလမ်းမဘေးရှိ ပြည်သူပိုင် ရာဘာခြံများနှင့် စိုက်ပျိုးဥယျာဉ်မြေများကို စစ်ကောင်စီတပ်သားများ မီးရှို့ခြင်းကြောင့် ဧက ၇၀ ကျော် ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးအရ အရေးပါသည့် အမှတ် (၈) ပြည်ထောင်စုလမ်းမ မြိတ်-ထားဝယ်လမ်းပိုင်းရှိ ပုလောမြို့နယ်၊ တပိုကျေးရွာဒေသခံများပိုင်သည့် ခြံများ ဇန်နဝါရီ ၁၂ ရက်က မီးရှို့ခံရခြင်းဖြစ်သည်။

ပါဒစက်တော်ရာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် NUG စီမံခန့်ခွဲမှုအောက်ရှိ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီ ၉ တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ အမှတ် (၈) ပြည်ထောင်စုလမ်းမအတိုင်း ကြဲရွာသို့ ဆုတ်သွားကြပြီး အင်အား ၁၂၀ ခန့်ဖြင့် ကာပါဒစက်တော်ရာရွာ၊ တပိုရွာများသို့ ပြန်လည် စစ်ကြောင်းထိုးလာခဲ့သည်။

ထိုစစ်ကြောင်းကို မြိတ်ခရိုင်အမှတ် (၁) ပြည်သူ့ကာကွယ်ရေးတပ်ရင်းက ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထပ်မံဆုတ်ခွာသွားပြီး ခြံမြေများကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

“ဒေသခံတွေကတော့ ဧက ၇၀ လောက် မီးလောင်သွားတယ်လို့ ပြောတယ်။ ရာဘာခြံနဲ့ ကွမ်းခြံတွေ အကုန်လုံးပဲ။ တပိုဆယ်အိမ်စု ရွာကနေပြီး ပါဒ စက်တော်ရွာ အနောက်ဘက်က တောင်ကြော အကုန်လုံး တောင်ကတုံးဖြစ်ကုန်ပြီ ” ဟု ၎င်းက ပြောသည်။ 

ထိုမီးရှို့မှုကြောင့် မိသားစုပိုင်ဆိုင်သည့် နေအိမ် ၂ လုံး ရာဘာခြံနှင့် ဥယျာဉ်ခြံ ၁၅ ဧက ကျော် မီးလောင်ကျွမ်းခဲ့ပြီး သိန်းထောင်ဂဏန်းနီးပါး ဆုံးရှုံးခဲ့သည်ဟုလည်း တပိုဒေသခံ  ကိုစောက ပြောသည်။ 

“ရွာသားတွေရဲ့ ပိုင်ဆိုင်မှုတွေ တော်တော်များများလဲ မီးထဲ ပါသွားတယ်။ ရာဘာတောတွေ ဥယျာဉ်ခြံတွေက ပါသွားတယ်။ ကျွန်တော်တို့ ခြံတွေရော ရာဘာတောတွေရော ပါသွားတယ်။ တစ်ရွာလုံးရဲ့  ၃ ချိုးမှာ ၂ ချိုး ကျော်ကျော်လောက်ရဲ့ ပိုင်ဆိုင်မှုတွေ မီးထဲကို ပါသွားတယ်” ဟု ၎င်းက ပြောသည်။ 

တပိုရွာနှင့် ပါဒစက်တော်ရာရွာကြား တစ်မိုင် ခန့်ရှိသည့် ရာဘာတောနှင့် ဥယျာဉ်ခြံများကိုလည်း မီးရှို့ခဲ့ပြီး ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) အထိမီးလောင်ဆဲဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“မီးကတောင်ရိုးတလျှောက်မှာ လောင်နေတယ်။ စက်တော်ရာ ရွာဘက်မှာလည်း မီးရှို့နေတယ်ဆိုပြီးတော့ ခရီးသည်တင် ကားသမားတွေရဲ့ ပြောပြချက်အရသိရတယ်၊ ဒီကောင်တွေက တွေ့ကရာလိုက်ပြီးတော့ မီးရှို့နေတယ်။ ရွာသားတွေကလဲ ကြောက်ပြီးတော့ ထွက်ပြေးနေကြတယ်” ဟု ပြောသည်။

ထို့ပြင် တပိုရွာဒေသခံ ကိုမျိုးထိုက်ဦး၊ ကိုကြည်စိုးနှင့် ဦးတင်ဝင်းတို့ကိုလည်း စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာစဉ် ဖမ်းဆီးသွားပြီး အဆက်အသွယ်မရသေးဟု သိရသည်။

အမှတ် (၈) ပြည်ထောင်စုလမ်းမ ၊ မြိတ်-ထားဝယ်လမ်းပိုင်း တစ်လျှောက်တွင် ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇)၊ NUG စီမံခန့်ခွဲမှုအောက်ရှိ မြိတ်ခရိုင် တပ်ရင်း (၁)  ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ထိုလမ်းပိုင်းကို စိုးမိုးနိုင်ရန် အပြန်အလှန် ကြိုးပမ်းနေကြသည်ဟု မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

“KNDO နဲ့ မြိတ်ခရိုင်တပ်ရင်း ၁ နဲ့ ပြည်ထောင်စုလမ်းမကြီးမှာပဲ နေရာယူထားတယ်။ သူတပြန် ကိုယ်တပြန်ပဲ တိုက်နေကြတာ။ သူ့ဘက်က ရှေ့တိုးလိုက် ကိုယ့်ဘက်က ရှေ့တိုးလိုက်ဖြစ်နေတယ်။ ပြီးခဲ့တဲ့နှစ် ၉ လပိုင်းထဲက စဖြစ်နေတာ” ဟု၎င်းကပြောသည်။ 

ဇန်နဝါရီ လဆန်းပိုင်းက စပြီး တနင်္သာရီတိုင်းရှိ စစ်တပ်တပ်စခန်းများကို KNDO နှင့် PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များကနေ့စဉ် တိုက်ခိုက်နေရာ စစ်ကောင်စီတပ်က လေတပ်၊ ရေတပ် အင်အားများသုံးပြီး ပြန်လည် ခုခံနေသည်။ 

ဇန်နဝါရီ ၇ ရက်နေ့ကလည်း ပုလောမြို့ အမှတ် (၂) ရပ်ကွက်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ထိုနေ့တွင်ပင် လောင်းလုံးမြို့ စမ်းလှေးရွာ အနီးတွင် အမှတ် (၁၀၄) ခြေလျင်တပ်ရင်း၏ စစ်ကြောင်းတိုက်ခိုက်ခံခဲ့ရသည်။

ဇန်နဝါရီ ၉ တွင် မြိတ်မြို့အဝင် ဘုတ်ရွာရှိ အမှတ် (၁၇) ခြေလျင်တပ်ရင်းနှင့် ပုလောမြို့ ပါဒစက်တော်ရာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNDO နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း ၁တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ 

ထိုင်းနယ်စပ်မှ မြန်မာပြည်သို့ ကုန်စည်စီးဆင်းရာ အဓိက လမ်းမကြီးများတည်ရှိပြီး၊ ပင်လယ်ကမ်းရိုးတန်းရှည်လျားပြီး ရေကြောင်းကုန်သွယ်မှု ထွန်းကားသည့် တနင်္သာရီတိုင်းသည် စစ်ကောင်စီအတွက် အရေးပါရာ တော်လှန်ရေး မဟာမိတ်တပ်များကလည်း နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းနေသည်။

တနင်္သာရီတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များ၊  KNU  တပ်မဟာ ၄ လက်အောက်ခံတပ်ရင်းများ၊  KNDO  နှင့် ကော်သူးလေတပ် (KTLA) လက်အောက် ခံတပ်များ အခြေစိုက်လှုပ်ရှားနေ​သည်။

NUG စီမံခန့်ခွဲမှုအောက်ရှိ တနင်္သာရီတိုင်း စစ်ဒေသ ဗျူဟာ (၃၅) ကလည်း  စစ်ကောင်စီ အုပ်ချုပ်ရေးနှင့် စစ်ရေးပစ်မှတ်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် ၂၀၂၄ နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးသွားသည့် ဥယာဉ်ခြံမြေများကို တွေ့ရစဉ်။

Show More

Related Articles

Back to top button