
သက်တမ်းရင့်ကရင်တော်လှန်ရေးတပ် KNU/KNLA နှင့် ထိုအဖွဲ့မှခွဲထွက်သွားသည့် ကော်သူလေးတပ်မတော် KTLA တို့ နိုင်ငံတောင်ပိုင်း ထားဝယ်မြို့အနီးတဝိုက်တွင် ဒီဇင်ဘာမှစတင်ပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ် များက ဆိုသည်။
တနင်္သာရီတိုင်းမြို့တော် ထားဝယ်နှင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်း ထီးခီးအကြား လမ်းတလျှောက်တွင် ထိုတပ်ဖွဲ့နှစ်ခုအကြား ဒီဇင်ဘာတစ်လထဲတွင် လူအသေအပျောက်ရှိသည့်တိုက်ပွဲ ၅ကြိမ်ထက်မနည်းဖြစ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။
၂၀၂၃ နှစ်ကုန်က စပြီး KNLA တပ်မဟာ(၄) နှင့် KTLA တိုအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်၊ တိုက်ပွဲပြင်းထန်လာသည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဒေသအတွင်း အရေးပါသည့် နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် ထားဝယ်-ထီးခီးလမ်း သွားလာခွင့်ကို နှစ်ဖက် တပ်များက ပိတ်ဆို့ထားလိုက်သည်။
ထားဝယ်-ထီးခီးလမ်းတည် ရှိရာ ထားဝယ်အရှေ့တောဒေသရှိ KTLA တပ်စခန်း ၅ ခုကို ရှင်းလင်းနိုင်ခဲ့သည်ဟု KNU/KULA မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက Myanmar Now ကို ပြောသည်။
“သူတို့က ခြုံခိုပစ်တာတော့ ရှိတယ်။ ကျွန်တော်တို့လုံခြုံရေးအရ ပြန်တိုက်ရတာပေါ့။ မဟုတ်ရင် တော့ စ.က.စ(စစ်ကောင်စီ) ကိုတိုက်နေတဲ့ အပေါ်မှာ သူတို့က အခွင့်အရေးယူပြီး ခြုံခိုတိုက်နေတော့ ကျွန်တော်တို့ အရာရှိတွေကလဲ ကျဆုံးနေကြတာမျိုးရှိတာပေါ့။ တခြားကိစ္စတော့ ဘာမှ မရှိဘူး” ဟု ၎င်းက ပြောသည်။
KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည့် ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့ ( KNDO) မှ စစ်ဘက်စည်းကမ်းများ ချိုးဖောက်သည့် စွပ်စွဲချက်ဖြင့် ထုတ်ပယ်ခံရသူ ဗိုလ်မှူးချုပ် နယ်ဒါးမြက KTLA ကို ၂၀၂၂ ဇူလိုင်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
အင်အား ၁၅၀၀ ခန့်ရှိနိုင်သည်ဟု သုတေသနအဖွဲ့တစ်ခုဖြစ်သည့် ISP-Myanmar က ခန့်မှန်းထားသည့် ထိုတပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်မှူးချုပ်နယ်ဒါးမြသည် ကရင်တော်လှန်ရေး ခေါင်းဆောင်၊ ကရင်အမျိုးသား အစည်းအရုံး (KUU) ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီး စောဘိုမြ၏ ဒုတိယမြောက်သားဖြစ်သည်။
၂၀၂၁ မေ လကုန်ပိုင်းက မြဝတီမြို့နယ်၊ အူးဟူချောင်းတံတား တိုက်ပွဲတွင် သုံ့ပန်း ၄၇ ဦးကို ရရှိထားပြီး ထိုအထဲမှ ၂၅ ဦးကို စစ်ကောင်စီထောက်လှမ်းရေးသံသယဖြင့် သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီးနောက် ဗိုလ်မှူးချုပ်နယ်ဒါးမြသည် KNDO စစ်ဦးစီးချုပ်တာဝန်မှ ရပ်ဆိုင်းခြင်းခံခဲ့ရသည်။
တပ်အသစ်တည်ထောင်ခဲ့ပြီးနောက် KTLA သည် ကရင်ပြည်နယ် ၊ မြဝတီ-ဝေါလေရှိ KNU တပ်မဟာ (၆) နယ်မြေ နှင့် တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင်ရှိ KNU တပ်မဟာ (၄) နယ်မြေများတွင် အဓိက လှုပ်ရှား ခဲ့သည်။
တပ်မဟာ (၆) နယ်မြေတွင် KTLA နှင့် KNLA တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ကာ စခန်းသိမ်း တိုက်ပွဲများပူးတွဲ ဖော်ဆောင်နိုင်ခဲ့သော်လည်း ၂၀၂၃ နှစ်ကုန်ပိုင်းမှ စတင်ကာ ဗိုလ်အယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သည့် တနင်္သာရီတိုင်း အခြေစိုက် KTLA ဆာကဆော တပ်မဟာ နှင့် KNU တပ်မဟာ (၄) တို့ အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၀၂၄ ဒီဇင်ဘာ ၈ တွင် KNLA တပ်မဟာ (၄) တပ်ရင်း (၁၂) မှ ဒုတပ်ခွဲမှူး စောဖားဂျိုးကို ထားဝယ်-ထီးခီလမ်းအနီးတွင် KTLA ဆာကဆော တပ်မဟာက ဖမ်းဆီးသတ်ဖြတ်ခဲ့ရာမှ တိုက်ပွဲများ ပိုမိုပြင်းထန် လာခဲ့ခြင်း ဖြစ်သည်ဟု မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
“အဲဒီနောက်ပိုင်းမှာ နယ်မြေရှင်းလင်းတာတွေရှိတယ်။ အရှေ့တော ဒေသမှာ ရှိတဲ့ KTLA နေတဲ့ နေရာ ၅ ခုလောက်တော့ ရှင်းလိုက်တယ်။ အဲဒီ နေရာ ၅ ခုမှာ သူတို့ မရှိတော့ဘူး။ တခြားကို ပြောင်းရွှေ့သွားတာတော့ရှိတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ KNU/KNLA က နယ်မြေရှင်းလင်းပြီးနောက် ထားဝယ်-ထီးခီး လမ်းတလျှောက်ပေါ်တွင် ထားဝယ်-ထီးခီးလမ်းပေးတွင် ကရင် တပ်ဖွဲ့နှစ်ဖွဲ့အကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး KTLA ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ယခုလ ၃ ရက်နေ့တွင် KNLA တပ်ရင်း ၁၀ (တပ်ခွဲ ၁) ဒုတပ်ခွဲမှူး စောလားဒို သေဆုံးခဲ့သည်။
ထားဝယ်မြို့နှင့် ၂၅ မိုင် အကွာရှိ ကျောက်မဲတောင်စခန်းနှင့် မေတ္တာမြို့တို့ ရှိ စစ်ကောင်စီ တပ်စခန်းများကို ၂၀၂၄ ဖေဖော်ဝါရီ တွင် KNU/KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် ထားဝယ်-ထီးခီးလမ်းကို KNU, KTLA, ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ဒေသတွင်းလက်နက်ကိုင်တပ်များက ထိန်းချုပ် ထားနိုင်ခဲ့သည်။
ပူးပေါင်း တိုက်ပွဲများပြီးဆုံးပြီးနောက်တွင် နှစ်ဖက်တပ်များ ထိပ်တိုက်တွေ့လာခဲ့ခြင်းဖြစ်သည်။
အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထားဝယ်-ထီးခီးလမ်းကို ပိတ်ဆို့ထားရာ တနင်္သာရီတိုင်းအတွင်းတွင် တိုက်ပွဲများဖော်ဆောင်ရန်ခက်ခဲ နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်မှ ထားဝယ်ခရိုင်ရှိ PDF ခေါင်းဆောင် တစ်ဦးက ပြောသည်။
“အဲဒီလမ်းကြောင်းကို ကျွန်တော်တို့ သုံးချင်တဲ့ အချိန်မှာ သွားသုံးလို့မရတော့ဘူးလေ။ သူတို့ စစ်ရေး ဖော်ဆောင်နေတဲ့အချိန်မှာ အဲဒီလမ်းကိုတက်လို့မှမရတာ။ ကျွန်တော်တို့ရဲ့ လက်နက် ခဲယမ်းစီးဆင်းမှုက ထီးခီးကနေလာတာ။ သူတို့နှစ်ယောက်ရန်ဖြစ်နေတော့ အဲဒီတိုက်ပွဲကြားကို မတိုးရဲဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် တနင်္သာရီတိုင်းအတွင်းသို့ ကုန်စည်စီးဆင်းမှု၏ အဓိကနယ်စပ်လမ်းကြောင်းကို ပိတ်ဆို့ထားရာ ကုန်စည်စီးဆင်းမှုခက်ခဲလာပြီး ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် စစ်ရှောင်ပြည်သူများအတွက်လည်း အခက်အခဲရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ အခု ပြည်တွင်းထဲမှ နေလို့ မရတဲ့ ပြည်သူတွေ ထိုင်းနိုင်ငံကို သွားပြီးတော့ စစ်ရှောင်တဲ့ အချိန်မှာ ဒီလမ်းကြီးက ပိတ်ထားတဲ့ အချိန်မှာ ထားဝယ်ခရိုင်တစ်ထောင့် တစ်နေရာမှာ ခရီးသည်တွေ ပိတ်မိနေတာပေါ့” ဟု ၎င်းက ပြောသည်။
ထားဝယ်ခရိုင်ရှိ PDF ခေါင်းဆောင်နောက်တစ်ဦးကလည်း အလားတူ မှတ်ချက်ပေးသည်။
“ကျွန်တော်တို့မဟာမိတ်ပူးပေါင်းအဖွဲ့တွေတော့ နေရထိုင်ရတာ၊ စစ်ရေးဖော်ဆောင်ရတာရော အကုန်အခက်တွေ့ကုန်တယ်၊ ဆုတ်ပေးရတာရှိတယ်၊ ရှောင်ပေး ရတာရှိတယ်။ ဖြစ်စေချင်တာက အားလုံး ပူးပေါင်း ပြီး ဘုံရန်သူ စစ်ကောင်စီကို အပြုတ်တိုက်စေချင်တယ်၊ ဒါကျွန်တော်တို့ အားလုံးရဲ့ဆန္ဒပါ” ဟု ၎င်းက ပြောသည်။
မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက KTLA သည် KNU တပ်မဟာ ၄ နယ်မြေတွင် နယ်မြေစိုးမိုးရန်ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ KNU အဖွဲ့အစည်းတစ်ခုလုံးကတော့ စ.က.စ ကို တိုက်နေတာပဲ။ အချင်းချင်း တိုက်တာမဟုတ်ဘူး။ ကျွန်တော်တို့က စ.က.စ ကို တိုက်တဲ့ အချိန်မှာ သူတို့က ခြုံခိုပြီးလာ တိုက်တာ။ လာတိုက်တဲ့ အချိန်မှာ ကျွန်တော်တို့ လုံခြုံရေး အရ နယ်မြေ ရှင်းလင်း ရတာမျိုး ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
Myanmar Now က KTLA ကို လက်ရှိအခြေအနေအကြောင်း ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။
KTLA နှင့် KNLA တပ်မဟာ ၄ တို့ အကြားတိုက်ပွဲများတွင် မည်သည့် ဘက်ကမှ ပါဝင်သွားမည်မဟုတ်ဘဲ ကရင်တော်လှန်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ အနေဖြင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး ဘုံရန်သူဖြစ်သည့် စစ်ကောင်စီ တပ်ကိုသာ ပူးပေါင်း တိုက်ခိုက်ရန် တိုက်တွန်းလိုသည်ဟု NUG/PDF ၏ ထားဝယ်ခရိုင်တပ်ပေါင်းစု ဗျူဟာမှူးက ပြောသည်။
“ဒါ စစ်ကောင်စီ ဝမ်းသာအောင် အားပေး နေသလို ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ညီအစ်ကို ၂ ယောက် သင့်သင့်မြတ်မြတ်နေကြပါ။ စစ်ရေးကို တူတူလက်တွဲပြီးတော့ ဖော်ဆောင်ပေးကြပါလို့ တိုက်တွန်းချင်တယ်” ဟု ၎င်းက ပြောလိုက်သည်။