သတင်း

အရာတော်တွင် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၇ ဦးနှင့် လက်နက်ခဲယမ်းများရ

မုံရွာအခြေစိုက် တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် ရိက္ခာတင်ယာဉ်တန်းကို PDF တပ်ရင်းများ၊ ပကဖနှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့စဉ် စစ်သုံ့ပန်း ၇ ဦး ဖမ်းမိကာ ကား ၅ စီး နှင့် လက်နက်ခဲယမ်းအမြောက် အမြား ရခဲ့သော်လည်း PDF တစ်ဦး ကျဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသည့် ထောက်ပို့ ယာဉ်တန်းကို ယမန်နေ့( ဇန်နဝါရီ ၉)  နံနက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက အရာတော်မြို့နယ် အတွင်း ကြားဖြတ်တိုက်ခိုက်ခဲ့စဉ် စစ်သုံ့ပန်း ၇ ဦး ဖမ်းဆီးရမိကာ၊ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

နမခမှ ထွက်လာသော ရိက္ခာတင် ကုန်ကား ၇ စီးပါဝင်သည့် စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို မုံရွာ – အရာတော် လမ်းပိုင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မုံရွာခရိုင်တပ်ရင်းတပ်ဖွဲ့ များ၊အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပြည်သူ့လုံခြုံရေး အဖွဲ့ (ပလဖ) ၊ ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ ကြခြင်းဖြစ်သည်။ 

ကား ၅ စီးကို သိမ်းပိုက်ရရှိပြီး သေနတ် ၄ လက်အပါအဝင် ကျည်ဆန်၊ ခဲယမ်းအများအပြား သိမ်းဆည်း ရမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ အမှတ် (၁) စစ်ဒေသက ဓာတ်ပုံနှင့် တကွ ယနေ့ ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်သည်။ 

“ကား ၂ စီးလောက် လွတ်တယ်။ ၇ စီးလာတာ ၅ စီးရတယ်။ တချို့ကားတွေက ပြည်သူတွေ ကားတွေကို ချောဆွဲလာတာ။ တချို့ဆိုရင် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) ကတည်းက ဆွဲခံရတဲ့ကားတွေထိ ပါတယ်” ဟု အရာတော်မြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ထိုယာဉ်တန်းမှာ အရာတော်မြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပြည်သူ့စစ် (ပျူစောထီး)များ အခိုင်အမာ အခြေစိုက်တပ်စွဲထားသည့် ငွေတွင်းရွာသို့ ထောက်ပို့ရန် ဦးတည်ခြင်းဖြစ်နိုင်ကြောင်း အထက်ပါ ပကဖ တာဝန်ရှိသူက ဆိုသည်။

“အရာတော် – မုံရွာကြားမှာ ရှိတဲ့ ရွာတွေတိုင်းနီးနီးကို မြေပြင်စစ်ကြောင်းဖြန့်ထားတာ သူတို့က။ အဲ့ဒါကို ကျွန်တော်တို့က ချောင်တဲ့နေရာ ဝင်လုပ်ရတာ။ (တိုက်ပွဲ)က တစ်နာရီကျော်ကျော် နှစ်နာရီ အေးအေးတော့ ကြာမယ်” ဟု အထက်ပါ ပကဖ တာဝန်ရှိသူက ဆက်ပြောသည်။ 

မုံရွာအခြေစိုက် အမှတ် (၅၀၈) အမြောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့ပြီး သံပြားကာ ယာဉ်  ၄ စီး စစ်ကူပေးပို့ခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

တိုက်ပွဲအတွင်း ရဲဘော် ၁ ဦးသေဆုံးခဲ့ကြောင်း  မုံရွာခရိုင် အမှတ် (၁၉) တပ်ရင်းက ထုတ်ပြန်ထားသည်။

မုံရွာ – အရာတော် တည်နေရာပြမြေပုံ။

တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှုအားကောင်းသည့် အရာတော်မြို့နယ်သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် မိုင် ၃၀ ခန့်သာ ကွာဝေးပြီး ကားဖြင့်သွားလာပါက တစ်နာရီခွဲဝန်းကျင်သာ ကြာ မြင့်သည်။

တော်လှန်ရေးအင်အားစုများ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် ရလဒ်ကောင်းရရှိခဲ့ခြင်းဖြစ်သည်ဟု အရာတော် ပကဖ တာဝန်ရှိသူက သုံးသပ်သည်။ 

တိုက်ပွဲပြီးနောက် မုံရွာ – အရာတော်လမ်းပိုင်းတွင် အခြေအနေ ရှုပ်ထွေးနေဆဲဖြစ်ပြီး စစ်တပ်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလည်းရှိနေကြောင်း မုံရွာခရိုင် အမှတ် (၁၉) တပ်ရင်းထံက သိရသည်။ 

တရုတ်- မြန်မာ နယ်စပ် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ဆင်ရေးတိုက်ပွဲများ လျော့ကျသွားပြီးနောက် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် ယခုနှစ် ဇန်နဝါရီလဆန်းမှ စပြီး စစ်တပ်က စစ်ရေးလှုပ်ရှားမှုများ ခပ်စိတ်စိတ် ပြုလုပ်လာသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဝက်လက်မြို့နယ် ရှိန်းမကားရွာကို စစ်ကူအင်အားဖြည့်တင်းရန် လာ သည့် စစ်ကြောင်း ၂ ခုကို တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့တပ်ဆယ်နှင့်ချီ သေဆုံးပြီး ဖြတ်တောက်ပိတ်ဆို့နိုင်ခဲ့သည်။ 

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ-  အမှတ် (၁) စစ်ဒေသ)

Show More

Related Articles

Back to top button