သတင်း

ရခိုင်စစ်ရှောင်သင်္ဘော ဟိုင်းကြီးကျွန်းအနီး တစ်ပတ်ကျော်ကြာတားဆီးခံရ 

ရန်ကုန်သို့လာသည့် ခရီးသည် ၂၇၀ ပင်လယ်ထဲတွင် ရက်ရှည် ဟန့်တားခံခဲ့ရပြီး ရေတပ်အရာရှိတို့က စစ်ဆေးခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ စစ်ရှောင်မည့်သူများ လိုက်ပါလာသည့် သင်္ဘောတစ်စီးကို နယ်နိမိတ် ထိစပ်နေသော ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်၌ စစ်ကောင်စီရေတပ် က သီတင်းတစ်ပတ်ကျော်ကြာ တားဆီးစစ်ဆေးခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် မာန်အောင်၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် စစ်တွေမြို့နယ်မှ ဒေသခံများအပါအဝင် စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်နှင့် အရပ်ဘက်ဝန်ထမ်းမိသားစုဝင် စုစုပေါင်း ၂၇၀ ကျော် လိုက်ပါ လာသည့် ရွှေလမင်း(၅) ကုန်တင်သင်္ဘောကို ဟိုင်းကြီးကျွန်းအခြေစိုက် ပမ္မဝတီရေတပ်ဌာနချုပ် ဝန်းကျင် အနီး ပင်လယ်ပြင်တွင်   တားဆီးခဲ့ခြင်း ဖြစ်ကြောင်း ထိုဖြစ်စဉ်ကိုသိရှိသူများနှင့် ဒေသခံများက ပြောသည်။

၃ ရက်ကြာတတ်သည့် ထိုခရီးစဉ်မျိုးအတွက် လနှင့်ချီစောင့်ဆိုင်း၍ ကြိုတင်စာရင်းပေးသွင်းကြရသည်၊   ယခုသင်္ဘောတွင် စာရင်းပေးသည့် လူဦးရေနှင့် တင်ဆောင်သည့်လူဦးရေ မကိုက်ညီဟုဆိုကာ   တားဆီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ (ဇန်နဝါရီ ၆) ညနေပိုင်းရောက်မှသာ လွှတ်ပေးလိုက်ကြောင်း ထိုသင်္ဘောပေါ်တွင် လိုက်ပါလာ သော ခရီးသည်တစ်ဦး၏မိတ်ဆွေ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“သင်္ဘောပေါ်မှာ တစ်ဦးချင်းတစ်ယောက်ချင်းစစ်ဆေးတာမရှိဘူး။ သင်္ဘောသားတွေနဲ့ ဆွေးနွေးပြီးတော့ ပြန်သွားတယ်။ အဲ့ဒီလောက်ပဲ။   နေပြည်တော်က ခွင့်ပြုစာ မရောက် လာသေးလို့ မထွက်ရသေးဘူးလို့ ခရီးသည်တွေက ပြန်ကြားတယ်” ဟု ၎င်းက  ပြောပြသည်။ 

“ဒုက္ခတော့ အတော်ရောက်တယ်။ အိမ်သာလေးက တစ်လုံး။ လူပေါင်းလည်းအများကြီးဆိုတော့ ရေမချိုးရတာလေ။ ထွက်လာကတည်းက ရေမချိုးရသေးဘူး” 

နေပူပူပင်လယ်ပြင်တွင် တားဆီးခံရသည့် ထိုသင်္ဘောပေါ်တွင် သံဃာတော်အချို့၊ အမျိုးသမီး၊ သက်ကြီး ရွယ်အိုနှင့် ကလေးသူငယ်များပါဝင်ပြီး ကြက်ဥပြုတ် တစ်လုံး ကျပ် ၁,၅၀၀၊ ဖုန်းတစ်ခါအားသွင်းလျှင် ကျပ် ၃,၀၀၀ ပေးကာ  အစားသောက်နှင့် နေထိုင်ရေးခက်ခဲခဲဖြေရှင်းခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။ 

တားဆီးထားစဉ်အတွင်း  ရေတပ်မှ အရာရှိများ လာရောက်စစ်ဆေးသလို တပ်သားများ လည်း အစောင့်ချထားသည်ဟု သိရသည်။ 

ကုန်တင်သင်္ဘောတွင် လူလိုက်ပါလာခြင်းဖြစ်ပြီး  တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲဝန်းကျင်ဖြင့် လူပေါင်း ၉၀ ကျော် တင်ရန် ကြိုတင်စာရင်းပေးခဲ့ကြောင်း၊ ခရီးသည်အရေအတွက်ပေါ်မူတည်ကာ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများကို ငွေကြေးပေးဆောင်ရပုံရကြောင်း၊ သို့သော်လည်း ယခုခရီးစဉ်တွင် တစ်ဦးလျှင် ကျပ် ၄ သိန်းဖြင့် တင်နိုင်သည့်ခရီးသည်အရေအတွက်ထက်   ၃ ဆ  ပိုမိုတင်ဆောင်လာခြင်း ကြောင့် တားဆီးထားပုံရကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များကို စစ်ကောင်စီက ကန့်သတ်တားဆီးမှုများရှိနေရာ ယခု သင်္ဘောပေါ်တွင်လည်း အာရက္ခတပ်တော်(AA) နှင့် ဆက်စပ်သူများ ပါဝင်ခြင်း ရှိမရှိ သိလိုသဖြင့် စစ်ဆေးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ခရီးသည်တချို့က ယူဆကြောင်း ထိုသတင်းရင်းမြစ်က ပြောသည်။ 

ထိုရေလမ်းကြောင်းသည် ကုန်တင်သင်္ဘောများ သွားလာသည့် တရားဝင်လမ်းကြောင်းဖြစ်ပြီး ဟိုင်းကြီးကျွန်းအခြေစိုက် ပမ္မဝတီရေတပ်ဌာနချုပ်နှင့် ရန်ကုန်မြို့အဝင် ရေတပ်စခန်းများတွင် အစစ်ဆေး ခံယူရလေ့ရှိသည်။

ဟိုင်းကြီးကျွန်း ဒေသခံနှစ်ဦးကလည်း  ထိုသင်္ဘော ပင်လယ်ပြင်တွင် တားဆီးခံခဲ့ရသည်၊  တားဆီးစစ်ဆေးသည့် အကြောင်းအရင်းအသေးစိတ်ကို မသိရဟု ပြောကြသည်။ 

“မနေ့က ညနေပိုင်းမှာ ထွက်သွားကြပြီ။ (၄ နာရီ၊ ၅ နာရီ) ပတ်ဝန်းကျင်လောက်ထွက်သွားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။မြို့နယ်ပေါင်း ၁၇ ခုရှိ ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှလွဲ၍ ကျန် မြို့နယ်အားလုံးကို အာရက္ခတပ်တော်(AA) က အလုံးစုံထိန်းချုပ်ထားသည်။

မြို့သိမ်းတိုက်ပွဲများ ပြင်းထန်လာချိန်တွင် စစ်ပွဲမဖြစ်ပွားသေးသည့် မာန်အောင်မြို့နယ်သို့ စစ်ဘေး ရှောင်လာသူများရှိပြီး ယခုအခါ မာန်အောင်မြို့တွင် စစ်ဖြစ်လာမည်ကို စိုးရိမ်၍ တိမ်းရှောင်လာကြောင်း သိရသည်။

ယခင် ဧရာဝတီတိုင်းနှင့်ထိစပ်နေသော ဂွမြို့နယ်ကို AA မသိမ်းပိုက်မီက ဒေသတွင်းတိုက်ပွဲများ ဖြစ်ပွား လာစဉ် တိမ်းရှောင်လာသော ရခိုင်ဒေသခံများကို ဧရာဝတီတိုင်းအဝင်တွင် ငွေညှစ်မှု၊ ကန့်သတ်စစ်ဆေးမှု များ ရှိခဲ့သည်။

Show More

Related Articles

Back to top button