![](https://myanmar-now.org/mm/wp-content/uploads/sites/7/2025/01/rakhine_internet_2.jpg)
စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်ကြောင်း ယမန်နေ့ (ဇန်နဝါရီ ၁) တွင် ထုတ်ပြန်လိုက်ရာ လေ့လာသူတို့က ထိုဥပဒေသည် ပြည်သူတို့ကို ပိုမိုနှိပ်ကွပ်ရန် ရေးဆွဲထားခြင်း ဖြစ်သည်ဟု ဝေဖန်လိုက်သည်။
ထိုဥပဒေ သတ်မှတ်ထားချက်တွင်ပါဝင်သော ဆိုက်ဘာအလွဲသုံးစားများ ပြုလုပ်ခြင်း၊ အွန်လိုင်း လောင်းကစား စနစ်များ တည်ဆောက်ခြင်းများ ပြုလုပ်ပါကလည်း ထောင်ဒဏ် အပါအဝင် ငွေဒဏ်များ ချမှတ်မည်ဟု ဆိုထားသေးသည်။
အခန်း(၁၆)ခန်း၊ ပုဒ်မ(၈၈)ခု ပါဝင်သော ထိုဆိုက်ဘာလုံခြုံရေးဥပဒေသစ်သည် လူထု၏ ကောင်းကျိုး ထက် အသုံးပြုသူများအားဖိနှိပ်ရန် ရည်ရွယ်ချက်များနှင့်ရေးဆွဲထားသောပုဒ်မများစွာ ပါဝင်သည့် ဥပဒေတစ်ရပ်ဖြစ်နေသည်ဟု ထိုဥပဒေကို ကနဦးလေ့လာထားသည့် ဒစ်ဂျစ်တယ်လွတ်လပ်ခွင့် အခွင့်အရေးလှုပ်ရှားနေသော မြန်မာအင်တာနက်ပရောဂျက်(MIP)က ဆိုသည်။
စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေးဥပဒေအသစ်သည် လူထု၏ ကောင်းကျိုးထက် အသုံးပြုသူများကို ဖိနှိပ်ရန် ရည်ရွယ်ချက်များဖြင့် ရေးဆွဲထားသောဥပဒေဖြစ်သည်ဟု MIP မှ တာဝန်ရှိသူ အမျိုးသား တစ်ဦးက ပြောသည်။
“ဒီဥပဒေက ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေပေါ်မှာ အများပြည်သူရဲ့ လူမှုဘ၀ရှင်သန်ဖို့၊ ဖွံ့ဖြိုးဖို့ အတွက်ကို အကာအကွယ်ပေးတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ ပိုပြီး ဖိနှိပ်ဖို့အတွက် အသုံးပြုမယ့် နောက်ထပ် လက်နက်တစ်ခုပဲ” ဟု သူ ဆိုသည်။
အကြမ်းဖက်အဖွဲ့များ၏ အချက်အလက်တစ်ခုခုကို အီလက် ထရောနစ်နည်းပညာဖြင့် သိမ်းဆည်းထားခြင်း၊ ဆိုရှယ်လူမှုကွန်ရက်များမှ ဆက်သွယ်ခြင်း များကို တားမြစ်ကြောင်း ယခုဥပဒေတွင် ထည့်သွင်းထားသည်ဟု ဆိုသည်။
ဖုန်း၊ ကွန်ပျူတာ နှင့် အီးမေးလ်များတွင် စစ်ကောင်စီ လုပ်ငန်းလိုင်စင်ပိတ်သိမ်းထားသော သတင်းဌာနတို့၏ ဖော်ပြချက်များကို သိမ်းဆည်းထားပါက ထိုဥပဒေဖြင့် အရေးယူရန် စီမံထားခြင်း ဖြစ်သည်ဟု မြန်မာအင်တာနက်ပရောဂျက်(MIP)မှ တာဝန်ရှိသူအမျိုးသားတစ်ဦးက ရှင်းပြသည်။
စစ်အာဏာသိမ်းပြီးနောက် ဒစ်ဂျစ်တယ်လွတ်လပ်ခွင့် နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ အပြင်းအထန် ပိတ်ပင်နေသော စစ်ကောင်စီ၏ ယခု ဥပဒေတွင် ပြည်တွင်းအင်တာနက်သုံးစွဲသူများကို ပိုမိုစောင့်ကြည့်ဖိနှိပ်မှုများ လုပ်ဆောင်လာမည်၊ ထို့အပြင် ပြည်ပရောက်နိုင်ငံသားများကိုလည်း အရေးယူနိုင်ရန် ထိုဥပဒေ၏ ပုဒ်မ ၃(ခ) တွင် ထည့်သွင်းပြဋ္ဌာန်းထားသည်ဟု MIP ၏ လေ့လာတွေ့ရှိချက်က ဆိုသည်။
အွန်လိုင်းလူမှုကွန်ရက်များကို ပိတ်ပင်ခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်း၊ VPN များကို ပိတ်ပင်ခြင်းအပါအဝင် အင်တာနက်ပေါ်တွင် ပြောဆိုရေးသားမှုများကိုပါ စောင့်ကြည့်ဖမ်းဆီး နေခြင်းများကြောင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အုတ်မြစ်ကောင်းတို့မှာ သိသာစွာယိုင်နဲ့သွားပြီဟု မြန်မာအင်တာနက်ပရောဂျက်(MIP) က ဆိုထားသည်။
စစ်ကောင်စီသည် ပဋိပက္ခဖြစ်ပွားနေသော ဒေသများကို ဖုန်းလိုင်း နှင့် အင်တာနက်များ ဖြတ်တောက်သလို အွန်လိုင်းတွင် ဆန့်ကျင် ဝေဖန်သူ၊ လူထုလှုပ်ရှားမှု နှင့် တော်လှန်ရေးအဖွဲ့အစည်းများကို ထောက်ခံအားပေး ရေးသားသူတို့ကို စောင့်ကြည့်ဖမ်းဆီး ထောင်ချနေသည်။
စစ်အာဏာသိမ်းပြီးနောက်၄ နှစ်နီးပါးတွင် နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၈၇ ခန့်ကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံသည်ဟု Athan – အသံအဖွဲ့က ပြီးခဲ့သည့် နှစ်လယ်ပိုင်းက ထုတ်ပြန်ထားသလို လူမှုကွန်ရက်ပေါ်တွင် ပြောဆိုချက်များကြောင့် ပြည်သူပေါင်း ၁၈၄၀ ဦးအထိ စစ်ကောင်စီက ဖမ်းဆီးအရေးယူ ထားသည်ဟု Data for Myanmar က ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေးဥပဒေ ပုဒ်မ(၃၃)အရ နိုင်ငံအတွင်း အသုံးပြုသူတစ်သိန်း နှင့်အထက်ရှိသော ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းများသည် အသုံးပြုသူတို့၏ ကိုယ်ရေးအချက်အလက်များအပြင် အသုံး ပြုမှုမှတ်တမ်းများနှင့် ဦးစီးဌာနမှ အခါအားလျော်စွာ သတ်မှတ်သောအချက်အလက်များကို (၃)နှစ်အထိ ထိန်းသိမ်းထားရမည် ဖော်ပြထားသည်။
စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများက တရားရုံး ခွင့်ပြုချက် ရယူစရာမလိုဘဲ အသုံးပြုသူများ၏ အချက်အလက်များကို အလွယ် တကူတောင်းခံနိုင်ရန် ထည့်သွင်းရေးဆွဲသော ပြဋ္ဌာန်းချက်များ ပါဝင်သည်။
ထိုဥပဒေတွင် “အများပြည်သူကြည့်ရှုခြင်းငှာမသင့်လျော်သောသတင်းအချက်အလက်များ” ကဲ့သို့သော မရှင်းလင်းသည့် ဖွင့်ဆိုချက်များလည်း ပါဝင်သည်။
ထိုသတင်းအချက်အလက်များကို အီလက်ထရော နစ်နည်းပညာဖြင့် ဖြန့်ချီခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူစေခြင်း (သို့မဟုတ်) ရောင်းချခြင်းများ အတွက် ထောင်ဒဏ် အနည်းဆုံး ၁ လမှ ၆ လ၊ ဒဏ်ငွေ အနည်းဆုံး ကျပ် ၁၀ သိန်းမှ သိန်း ၁၀၀ အထိ ချမှတ်နိုင်သည့်အပြင် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်ဟု ထည့်သွင်းဖော်ပြထား သည်ကိုတွေ့ရသည်။
ဥပဒေက ပြဋ္ဌာန်းထားသော ဆိုက်ဘာအလွဲအသုံးပြုခြင်း တစ်မျိုးမျိုးကို ကျူးလွန်လျှင် ထိုသူကို အနည်းဆုံး ၁ နှစ်မှ အများဆုံး ၃ နှစ်ထိ ထောင်ဒဏ်၊ အနည်းဆုံး ကျပ်သိန်း (၅၀) မှ အများဆုံး ကျပ်သိန်း ၂၀၀ ထက် မပိုသည့် ငွေဒဏ်၊ ဒဏ်နှစ်ရပ်စလုံး ချမှတ်ရမည်ဟုလည်း ဆိုထားသေးသည်။
“အရည်အသွေးနိမ့်တဲ့ ဥပဒေတွေ၊ လူထုကို အကာအကွယ်ဖို့ မစဉ်းစားတဲ့ ဥပဒေတိုင်းက ဘယ်တော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမျိုးတွေ မရှိဘူး” ဟု မြန်မာအင်တာနက်ပရောဂျက်(MIP)မှ တာဝန်ရှိသူအမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
ထိုဥပဒေတွင် အင်တာနက်အသုံးပြုသူများကိုသာမက ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုပေး သူများကိုလည်း တင်းကြပ်နိုင်သော ဥပဒေပုဒ်များကိုလည်း ထည့်သွင်းထားသေးသည်။