အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

“မုဆိုးမတို့ရွာ” နာမည်ပေါက်  မန္တလေးမှ  မုန့်ဟင်းခါးဆိုင် လုပ်ငန်း ဟန့်တားခံရ

အာဏာသိမ်းစစ်ကောင်စီ အုပ်ချုပ်မှု ၄ နှစ်အတွင်း တားမြစ်ပိတ်ပင်မှု အများအပြား ပေါ်ပေါက်ခဲ့ရာ ယခုနောက်ဆုံးဖြစ်ရပ်တစ်ခုမှာ မန္တလေးမြို့၊ မဟာအောင်မြို့နယ်မှ အစားအသောက်ရောင်းသောဆိုင် ပိတ်ပင်ခံရမှု ဖြစ်သည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သော မုဆိုးမတို့ရွာ အမည်ရ မုန့်ဟင်းခါးဆိုင်သည် နောက်တစ်နေ့တွင် အပိတ်ခံလိုက်ရသည်ဟု သိရသည်။ 

အုပ်ချုပ်ရေးနှင့် စည်ပင် သာယာရေးဌာန ဝန်ထမ်းတချို့ ရောက်လာပြီး ပိတ်သိမ်းခိုင်းခဲ့သည့်ဟု ဒေသခံများထံက စုံစမ်းသိရှိရသည်။ 

“လာစစ်ဆေးတဲ့အချိန်မှာ လုပ်ငန်းလိုင်စင်မရှိဘဲ ဖွင့်ထား တာကြောင့် လိုင်စင်လျှောက်ထားရမယ်ဆိုပြီး ဆက်ဖွင့်ခွင့်မပေးတာ” ဟု မန္တလေးမြို့ခံ အမျိုးသား တစ်ဦးက Myanmar Now သို့ ပြောသည်။ 

မဟာမြိုင်ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံတစ်ဦးကလည်း ဆိုင်ပိတ်ထားသည်ကို တွေ့ရကြောင်း အတည်ပြုသည်။

“ဆိုင်ကို ဖျက်လိုက်တယ်ဆိုတာမျိုးတော့ မကြားမိဘူး။ အခုကတော့ ပိတ်ထားပြီ” ဟု သူက  ပြောသည်။  

ဆိုင်ကို မုဆိုးမတို့ရွာ ဟု တမူထူးခြားစွာ အမည်ပေးရခြင်းသည်  ခင်ပွန်းသည် ဆုံးပါးထားသူများ ဦးစီး ဖွင့်လှစ်ထားခြင်းကြောင့်ဖြစ်ကြောင်း ဆိုင်၏ facebook စာမျက်နှာတွင် မကြာသေးမီ ရက်ပိုင်းက ဖော်ပြခဲ့သေးသည်ဟု သိရသည်။  

ဆိုင်ပြန်ပိတ်လိုက်ပြီးနောက်  ထိုစာမျက်နှာလည်း အွန်လိုင်းမှ ပျောက်ကွယ်သွားသည်ဟု ဆိုသည်။  

ဆိုင်စဖွင့်သည့်နေ့ ရိုက်ကူးထားသည့် မှတ်တမ်းရုပ်သံတစ်ခုတွင် ဆိုင်အတွင်း မုန့်ဟင်းခါး စားနေကြသူများကို တွေ့ရပြီး ရင်းရင်းနှီးနှီး ပြောဆိုနေကြသံများလည်း ပါဝင်သည်။

နိုင်ငံအလယ်ပိုင်း အချက်အချာကျသည့်မြို့ကြီးဖြစ်သော မန္တလေးတွင် အနယ်နယ်အရပ်ရပ်မှ စုဝေးရောက်ရှိ ခိုလှုံနေကြသော စစ်ဘေးရှောင်လာသူများထဲမှ အများအပြားကလည်း အစားအသောက် ရောင်းသည့်ဆိုင်များ ဖွင့်ထားကြရာ ဤဆိုင်သည် လိုင်စင် အကြောင်းပြချက်နှင့် ပထမဆုံး လူသိရှင်ကြား ပိတ်ပင်ခံရသောဆိုင် ဖြစ်နေသည်။

လိုင်စင်လျှောက်ထားမှုနှင့် ပတ်သက်ပြီး ဆိုင်ပိုင်ရှင်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဆိုင်အမည်နှင့် ရောင်းကုန် မုန့်ဟင်းခါးတို့မှာ ဥပဒေနှင့် ငြိစွန်းခြင်း မရှိသဖြင့် အချိန်အနည်းငယ်ယူပြီး လျှောက်ထားပါက မြို့နယ်စည်ပင်သာယာရေးဌာနက လုပ်ငန်းလုပ်ခွင့်လိုင်စင် အလွယ်တကူ ထုတ်ပေးဖွယ်ရှိသည်ဟု ဒေသခံတချို့က ပြောသည်။

ဆိုင်၏ အစားအသောက်စာရင်းတွင် မုန့်ဟင်းခါးသာမက ခေါက်ဆွဲများ၊ အသုပ်မျိုးစုံ၊ ရခိုင်မုန့်တီတို့ ပါဝင်ကြောင်း တွေ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button