ယမန်နေ့(ဒီဇင်ဘာ ၃၀) နံနက်ပိုင်းက ကရင်ပြည်နယ်တစ်နေရာတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကန့်ကွက်ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ကြေညာချက် ထုတ်ပြန်သည်။
ဖာပွန်မြို့နယ်ဝန်းကျင်ဒေသ ဖြစ်သည့် KNU ၏ မူတြော်ခရိုင်၊ နိုဖော်ထီးကျေးရွာတွင် ကျင်းပသည့် အခမ်းအနားအပြီး ပျော်ပွဲရွင်ပွဲနှင့် အားကစားပွဲကို စစ်ကောင်စီက ဗုံကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး လူသိရှင်ကြား ရည်ရွယ်ချက်ရှိရှိဖြင့် စော်ကားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ကရင်လူမျိုးများ အထွတ်အမြတ်ထားရာ ကရင်နှစ်သစ်ကူးပွဲတော်ကို ဂုဏ်သိက္ခာညိုးနွမ်းစေပြီး ပွဲတော်တက်ရောက်သူများ သွေးစွန်းညစ်ထေး သေကြေပျက်စီးစေရန် ရည်ရွယ်သည့်လုပ်ရပ်ဖြစ်သည်ဟု KNU ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိခိုက်မှုအခြေအနေကို ကြေညာချက်တွင် ထည့်သွင်းမထားသော်လည်း အခမ်းအနားအပြီး ပျော်ပွဲရွှင်ပွဲနှင့် အားကစားပွဲကျင်းပသည့်နေရာ တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ တာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ သတင်းထုတ်ပြန်ချက်များ ဖော်ပြသည့် စစ်ရုံးဝက်ဆိုက်တွင်လည်း ထိုတိုက်ခိုက်မှုအကြောင်း ဖော်ပြမထားပေ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာတွင်မူ ငြိမ်းချမ်းရေးကို အလေးထားမည်ဟု ဖော်ပြခဲ့သည်။
“အပြန်အလှန်လေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ကြပါသည်” ဟု စစ်ခေါင်းဆောင်၏စာတွင် ရေးထားသည်။
စစ်ကောင်စီသည် ကတိမတည်ဗလောင်ဗလဲပြောဆိုနေသဖြင့် ယုံကြည်နိုင်စရာမရှိသလို ၎င်းတို့နှင့်တည်ဆောက်မည့် ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်ကြောင်း KNU ပြောခွင့်ရ ဖဒိုစောတောနီးက ပြောသည်။
တိုင်စစ်ဌာနချုပ်များကျဆုံးရသည်အထိ စစ်ရှုံးနေသည့် စစ်ကောင်စီသည် အကျဉ်းအကျပ်ထဲရောက်နေသည်၊ ပြုပြင်ပြောင်းလဲမှုကို လိုလားသည့် စစ်တပ်အရာရှိများအနေဖြင့် ပြည်သူကို မျက်နှာမူ၍ လက်ရှိအခြေအနေမှ ရုန်းထွက်သင့်သည်ဟု ၎င်းက ပြောသည်။
“မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ချပါ။ ပြည်သူကို မျက်နှာမူပြီးတော့ ပြည်သူကို အကာကွယ်ပေးမယ့် စစ်တပ်တစ်ခု၊ ပြုပြင်ပြောင်းလဲနိုင်မယ့် အခြေအနေတစ်ခုကို ကျွန်တော်တို့နဲ့ တွေ့ပါ” ဟု သူက ဆိုသည်။
“မိုက်တွင်းနက်ပြီးတော့ နက်သထက်နက် တူးကြမယ်ဆိုရင်တော့ ပြည်သူက ပေးမယ့် ပြစ်ဒဏ်ကတော့ဘယ်လိုမှ ကယ်လို့မရတော့ဘူး”
နယ်မြေစိုးမိုးနိုင်မှုလျော့ကျလာသည့် စစ်ကောင်စီက ၎င်းတို့လက်လွှတ်လိုက်ရသည့် နယ်မြေများတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ဗန်းမက်ရွာရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ဌာနချုပ်ကိုလည်း ယနေ့(ဒီဇင်ဘာ ၃၁ ရက်) နံနက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗုံး ၄ လုံးကြဲချသဖြင့် ဆေးခန်းတစ်ခန်း ထိခိုက်ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် ပြောခွင့်ရ ခွန်ရိန်းယံက Myanmar Now ကို ပြောသည်။