သတင်း

စစ်ရေးအောင်မြင်နေသည့် AA နှင့် ဆွေးနွေးလိုကြောင်း ဒါကာ လေသံပြောင်း

AA တပ်ဖွဲ့သည် ဘင်္ဂလားဒေ့ရှ်၏ဆွေးနွေးဘက်မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနအရာရှိက ပြောဆိုသော်လည်း ပြည်ထဲရေးဌာန အရာရှိကမူ ဆွေးနွေးရမည်ဟု ဆိုလိုက်သည်။

ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထားနိုင်သည့် အာရက္ခတပ်တော် (AA) နှင့် ထိတွေ့ဆက်ဆံနေပြီး နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ကြိုးပမ်းနေသည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးဌာနအကြံပေးအရာရှိက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောဆိုသည်။

မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်ပေါင်း ၁၇၀ နီးပါးကို ထိန်းချုပ်ထားသည့် AA အပါအဝင် စစ်ကောင်စီနှင့်ပါ ထိတွေဆက်ဆံရန်ကြိုးပမ်းနေခြင်းဖြစ်သည်ဟု  အငြိမ်းစား ဗိုလ်ချုပ်ကြီး Jahangir Alam က ပြောဆိုကြောင်း အိန္ဒိယ အခြေစိုက် The Telegraph သတင်းဌာနက ရေးသည်။

နယ်စပ်အနီး ကျည်ကျရောက်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ရာတွင်  သတိကြီးကြီးထားနေရသည်ဟု Jahangir Alam က ဆိုသည်။

“ဒါကြောင့် ဘင်္ဂလားဒေ့ရှ်က နယ်စပ်အခြေအနေကို ဖြေရှင်းဖို့ နှစ်ဖက်လုံးနဲ့ ဆက်သွယ်နေပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် အစိုးရမဟုတ်သည့်   AA နှင့် ဆွေးနွေးမှုများမလုပ်နိုင်ဟု ဒီဇင်ဘာလ ၁၉ ရက် ထိုင်းနိုင်ငံတွင်ပြုလုပ်သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနအကြံပေး Touhid Hossain က  ပြောဆိုခဲ့ဖူးသည်။ 

“နယ်စပ်ဒေသကို အာရက္ခတပ်တော်လို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ထိန်းချုပ်ထားပါတယ်။ နိုင်ငံတစ်ခုဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အနေနဲ့ သူတို့နဲ့ ဆွေးနွေးလို့မရပါဘူး” ဟု Touhid Hossain က ဆိုသည်။

ထိုပြောဆိုချက်အပြီး တစ်ရက်အကြာ ဒီဇင်ဘာ ၂၀ ရက်တွင် အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းယူပြီးဖြစ်ကြောင်း AA က ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းနောက် ဒီဇင်ဘာ ၂၂ ရက်တွင် တောင်ကုတ်မြို့ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ဂွမြို့ကိုလည်းကောင်း  သိမ်းပိုက်လိုက်ကြောင်း AA က ထပ်မံ ထုတ်ပြန်ခဲ့သည်။

လတ်တလောတွင်  မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားသည့် AA က   ရခိုင်ပြည်နယ်အတွင်း ကျန်ရှိမြို့များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင်မြို့များကို သိမ်းယူရန် ကြိုးစားနေသည်။

ထိုသို့ AA ၏ စစ်ရေးအောင်မြင်မှုများ တစ်ပတ်အတွင်း သိသိသာသာ တိုးတက်လာချိန်တွင် AA နှင့်ပါ ဆွေးနွေးလိုကြောင်း ဒါကာ၏ လေသံ ပြောင်းလဲလာခြင်းဖြစ်သည်။

ဒီဇင်ဘာ(၂၈)ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလေ့လာရေးဌာန (BIPSS) ဦးဆောင်ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင်လည်း AA နှင့် ဆွေးနွေးသင့်ကြောင်း ဘင်္ဂလားဒေ့ရှ် ဗိုလ်ချုပ်ဟောင်းများ၊ လုံခြုံရေးကျွမ်းကျင်သူများ၊ ပညာရှင်များက တိုက်တွန်းခဲ့ကြသည်။

နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့ကို စစ်ကောင်စီ လက်လွှတ်ရပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့်ဒေသတွင်း ဂယက်ရိုက်ခတ်မှုများအတွက် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်ပညာရှင်များက ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် BBS News က ရေးသည်။

“သံတမန်နည်းလမ်းအရ AA နဲ့ ထိတွေ့ဆက်ဆံဖို့ အချိန်တန်ပြီ” ဟု East-West University ၏ လက်ထောက်ပါမောက္ခ Parvez Karim Abbasi က ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်ဟောင်း Haque ကလည်း AA နှင့် ဘင်္ဂလားဒေ့ရှ်ဆက်ဆံခြင်းသည့်  နှစ်ဦးနှစ်ဘက် အကျိုးများမည်ဟု ဆွေးနွေးခဲ့သည်။

အခြား ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ Muniruzzaman ကမူ AA နှင့် အချိန်မီ ထိတွေ့ဆက်ဆံမှု မပြုပါက၊ ရခိုင်ဒေသသည်ကုန်းတွင်းပိတ်မဟုတ်ခြင်းကြောင့် ရေလမ်းကြောင်းမှတစ်ဆင့် အခြားပြည်ပနိုင်ငံများ ဆက်ဆံလာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးသို့ သတိပေး ဆွေးနွေးခဲ့သည်ဟု BBS News က ဆိုသည်။

Show More

Related Articles

Back to top button