အတွေးအမြင်အာဘော်

မဟာမုနိဘုရားကြီးကို ရခိုင်တို့ပြန်သယ်မှာလား

ရခိုင်တို့အတွက် အလွန်ကြီးမားသော သမိုင်းအလှည့်အပြောင်းဖြစ်လာအပြီးတွင် ဒေသတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ လူမှုရေး၊ စီးပွားရေးအခက်အခဲများကို ဆက်လက် ရင်ဆိုင် ဖြေရှင်းရမည်ဖြစ်သည်။

၁၉၉၀ ပြည့်လွန်နှစ်များတဝိုက်  ရုပ်မြင်သံကြားတွင် မန္တလေးရှိ မဟာမြတ်မုနိဆင်းတုတော်ပုံကြီးပါလာက ထိုဘုရားသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၃၀ ကျော်ခန့်က ဗမာတို့ရခိုင်ကို နယ်ချဲ့ သိမ်းပိုက်ပြီးနောက် လုယူသွားသည့် ငါတို့ဘုရားဟု ကျွန်ုပ်၏ အမိသည်  ညည်းတွားတတ်၏။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၄ ခန့်က ကျွန်တော်မြင်းခြံထောင်တွင် အကျဉ်းကျနေစဉ် ဤဘုရားနှင့် ပတ်သက်၍လည်း နိုင်ငံရေးအကျဉ်းသားနှစ်ဦး အငြင်းအခုံဖြစ်ကြသည်ကို ကြုံရပြန်သည်။ 

တစ်ယောက်မှာ စစ်တပ်ကိုပုန်ကန်၍ ဖမ်းခံရသော ရခိုင်နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်ပြီး နောက်တစ်ယောက်မှာ ၁၉၈၈ အရေးတော်ပုံကာလ မန္တလေးမြို့တွင် နာမည်ကြီးခဲ့သော ဂဠုန်နီဆရာတော်ဖြစ်သည်။ 

ဆရာတော်သီတင်းသုံးခဲ့သောဘုန်းကြီးကျောင်းမှာ မဟာမုနိ သို့မဟုတ် ဒေသအခေါ် ဘုရားကြီးအနီးတွင်ပင် တည်ရှိသည်။ 

၎င်းတို့နှစ်ဦးအငြင်းပွားကြသည်မှာ ၂၀၀၁ ခုနှစ်က ထွက်ခဲ့သည့် Black Hawk Down ဆိုသည့် အမေရိကန်ရုပ်ရှင်ကြော်ငြာကို သတင်းစာတွင် တွေ့ရာမှ အစပြုခဲ့ခြင်းဖြစ်သည်။ 

နောင်တွင် ရခိုင်တို့လွတ်လပ်ရေးပြန်ရပါက ထိုရုပ်ရှင်တွင်ပါသည့် နောက်ဆုံးပေါ်အမေရိကန်ထုတ် တိုက်ခိုက်ရေး Black Hawk ရဟတ်ယာဉ်ကြီးများကို အသုံးပြု၍  မန္တလေးမှ မဟာမုနိဘုရားကြီးကို ကရိန်းကြိုးများဖြင့် ရစ်ပတ်ကာမူလရခိုင်ပြည်သို့ ဝေဟင်မှတစ်ဆင့်ပြန်လည် ပင့်ဆောင်သွားမည်ဟု ရခိုင်နိုင်ငံရေးအကျဉ်းသားက ၎င်း၏စိတ်ကူးကို ထုတ်ဖော်ပြောဆိုလိုက်သည်။ 

ထိုပြောဆိုချက်မှာ ဘုရားကြီးအရိပ်အောက်တွင် ကြီးပြင်းလာသော ဦးကာဝိယခေါ်  ဂဠုန်နီဆရာတော်၏ အရှိုက်ကို ထိုးနှက်လိုက်သကဲ့သို့ဖြစ်သည်။ 

“ဟေ့ကောင် … မင်းဘုရားကြီးကို သယ်ရဲရင်သယ်လေ၊ ဧရာဝတီမြစ်ကိုတောင် ကျော်နိုင်မယ်ထင်လားကွ။ ကျော်ရင်မီးပွင့်သွားမှာပေါ့ကွ” ဟု ဆရာတော်က တန်ပြန်ပြောဆိုသည်။ 

မဟာမုနိသည် တန်ခိုးကြီးသည့်ဘုရားဟု သတင်းစကားများကြောင့် ဗမာဘုရင်တို့သည် ရှေးပုဂံခေတ်ကလည်း ရခိုင်ကို သိမ်းယူရန်ကြိုးပမ်းခဲ့ကြသော်လည်း ၁၈ ရာစုနှောင်းပိုင်းမှသာ သိမ်းနိုင်ခဲ့ကြသည်။ 

ကုန်းဘောင်ခေတ်  ခရစ်သက္ကရာဇ် ၁၇၈၅ တွင် ဗမာတို့ရခိုင်ကို သိမ်းပြီးနောက် ထောင်ပေါင်းများစွာသော ရခိုင်တို့သည် အင်္ဂလိပ်၏သြဇာအောက်သို့ ကျရောက်နေပြီဖြစ်သော မျက်မှောက်ခေတ် ဘင်္ဂလားဒေ့်ရှ်ဖက်သို့ စစ်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ 

ရခိုင်စစ်ဘေးဒုက္ခသည်များကို နေရာချထားရန် ဗြိတိသျှ၏ အရှေ့အိန္ဒိယကုမ္ပဏီမှ ဗိုလ်ကြီးဟီရန်ကော့စ် (၁၇၆၀-၁၇၉၉) က တာဝန်ယူခဲ့သည်။ ယခုအခါ မြန်မာပြည်မှ ထွက်ပြေးခဲ့ရရှာသော ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်စခန်းများရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရ်မြို့မှာ ဗိုလ်ကြီးဟီရန်ကော့က ရခိုင်စစ်ဘေးဒုက္ခသည်တို့အား နေရာချထားပေးရာမှ ၎င်းနာမည်ကိုအစွဲပြု၍ ပေါ်ပေါက်လာသောမြို့ဖြစ်သည်။ 

၁၈၂၄-၁၈၂၆ ပထမ အင်္ဂလိပ်မြန်မာစစ်ဖြစ်ပွားသည့်အခါ ရခိုင်တို့လည်း အင်္ဂလိပ်တပ်များနှင့်အတူ အင်းဝမှလာသည့် ဗမာတပ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ 

ယခုအခါ အာရက္ခတပ်တော် AA သည် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို.များကလွဲ၍ ရခိုင်ပြည်နယ်တစ်မြို့လုံးကို ထိန်းချုပ်ပြီး ထိုမြို့များကိုလည်း မကြာခင်ဆက်လက်ထိန်းချုပ်နိုင်မည်ဟု ယူဆရသည်။ 

AA သည် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ်အားလုံးကိုလည်း ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်ကမ်းရိုးတမ်းနှင့် ဆက်စပ်နေသော မော်တင်စွန်းအငူထိဆက်လက်သိမ်းပိုက်မည်ဟု ခန့်မှန်းချက်များလည်း ထွက်ပေါ်နေသည်။ 

AA က ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီးပါက မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ပြည်မအတွင်းထဲထိ စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်မည့် အနေအထားရှိသည်။ 

ယခုအခြေအနေမှာ ရခိုင်တို့အတွက် အလွန်ကြီးမားသော သမိုင်းအလှည့်အပြောင်းဖြစ်သည်။ သို့ရာတွင် ရခိုင်တို့ သည် ကြီးမားသည့် ရခိုင်ပြည်နယ်ရှိ လူမှုရေးစီးပွားရေးအခက်အခဲများ၊ ၎င်းတို့နှင့်အတူ ကာလရှည် အတူယှဉ်တွဲနေထိုင်လာခဲ့သော ရိုဟင်ဂျာလူမျိုးများ၊ ကမန်လူမျိုးစုများနှင့် ချစ်ကြည်တည်တံ့သော အနှိုင်းမဲ့မေတ္တာ ကရုဏာ ဗြဟ္မစိုရ်တရားနှင့် ယှဉ်သည့် ဆက်ဆံရေးကောင်းများတည်ဆောက်ရန် ကြိုးပမ်းရမည့် စိန်ခေါ်မှုများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရမည့် အခြေအနေများကို တပြိုင်နက်တည်း ရင်ဆိုင်ရမည့်အခြေအနေဖြစ်သည်။ 

လတ်တလောတွင်ကား မဟာမုနိဘုရားကြီးကို ရခိုင်တို့ပြန်သယ်မှာလား မေးခွန်းမှာ ရခိုင်တို့အတွက် ပူပန်စရာဖြစ်သော ကိစ္စမဟုတ်သည်မှာ သေချာပါသည်။  

Show More

Related Articles

Back to top button