
ထိုင်းနိုင်ငံအတွင်းစီးပွားရှာ ဘဝတည်ဆောက်ရန် ထားဝယ်ဒေသခံ ဆယ်ကျော်သက်အရွယ် မမိုးအိနှင့် မိခင်ဖြစ်သူတို့ လွန်ခဲ့သည့် နှစ် ၂၀ ကျော်က ထိုင်းနိုင်ငံ ရနောင်းမြို့သို့ စက်လှေဖြင့် ခိုးဝင်လာခဲ့သည်။
ငါးဖမ်းလှေ ဝမ်းဗိုက်အတွင်း ခိုအောင်းကာ လိုက်ပါလာရပြီး အပေါ်မှ တာလပတ်များ ဖုံးအုပ်ထားခြင်းကြောင့် အမှောင်ဖုံးနေသည့်တိုင် မိခင်ဖြစ်သူ နံဘေးတွင် ရှိနေသည့်အသိဖြင့် မမိုးအိ ကြောက်စိတ်မဝင်မိပေ။
မိမိတို့ဒေသတွင် အလုပ်အကိုင်ရှားပါးခြင်းကြောင့် ဝင်ငွေပိုရနိုင်သောထိုင်းသို့ သွားရန် မိခင်ဖြစ်သူ၏ ဆုံးဖြတ်ချက်ကို အမေ့ကိုသာ အားကိုးနေရသည့် သမီးငယ် မမိုးအိလည်း မိခင်ဖြစ်သူနှင့်အတူ လိုက်ပါလာခဲ့သည်။
ထိုင်းတွင် ပန်းရံအလုပ်လုပ်ကိုင်ပြီး နှစ်အနည်းငယ်ကြာလျှင် စုဆောင်းမိလာသည့် ငွေလေးဖြင့် ရွာပြန်မည် အလှူလုပ်မည်ဟု ထိုစဉ်က မိသားစုစီစဉ်ကြသည်။ ပြီးခဲ့သည့် နှစ် ၂၀ က အလှူအတွက် ကြိုတင်ဝမ်းသာနေကြသော်လည်း ကျရောက်လာမည့် ကြံမ္မာဆိုးကို မမိုးအိတို့ ကြိုမသိနိုင်ခဲ့ပေ။
“၁၂ လပိုင်း ၂၆ ရက်နေ့မှာပဲ မနက်စောစောမှာ ကျွန်မအမေက ကျွန်မနဲ့စကားပြောနေသေးတယ်၊ ၉ နာရီလောက်မှာပေါ့နော်၊ သမီးတဲ့ ငါတို့မိသားစု ရွာပြန်မှာပေါ့နော်၊ ရွာမှာအလှူပြန်သွားလုပ်မယ် တဲ့။ သားအမိတွေစကားတွေပြောပြီးတော့ သာသာယာယာပဲ” ဟု မမိုးအိက ဆိုသည်။
သို့သော် ထိုနေ့က နာရီပိုင်းအတွင်းမှာပင် ထိုအိမ်မက်ပျက်ပြယ်သွားတော့သည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်ခဲ့သည့် ဆူနာမီလှိုင်းများက မမိုးအိတို့ သားအမိ ရှိနေရာ တံငါရွာလေးသို့လည်း ဝင်ရောက်ခဲ့ပြီး သူတို့အိမ်မက်များကို ပင်လယ်ထဲဆွဲချကာ ဖျက်ဆီးပစ်လိုက်သည်။
သေဆုံးသူ မြောက်များစွာထဲ မိခင်ဖြစ်သူ၏ ရုပ်အလောင်း ပါလေမလားဟု ၄ ရက်တိုင် လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ပေ၊ ပင်လယ်ကြီးက အမေ့ကို အပြီးတိုင်ခေါ်သွားခဲ့ပြီဟု ဆယ်ကျော်သက် မမိုးအိ လက်မခံချင်သော်လည်း လက်ခံလိုက်ရသည်။

“အမေ့ကိုလိုက်ရှာတော့ အလောင်းတွေတွေ့ရတယ်၊ တော်တော်ဆိုးဆိုးရွားရွားပဲ၊ ကိုယ့်အမေ အလောင်းလားလို့ လိုက်ရှာ၊ လိုက်လှန်တော့လည်း မဟုတ်ဘူး။ ရှာတာကတော့ ၄ ရက်လောက်ရှာရတယ်၊ ဟိုမှာလိုက်ရှာ ဒီမှာလိုက်ရှာနဲ့” ဟု မမိုးအိက မျက်ရည်ကျလျက် ပြောဆိုသည်။
ထန်းပင်တစ်ကျော်အမြင့်ခန့်ရှိသော လှိုင်းလှုံးကြီးများက ပင်လယ်ပြင်မှအရှိန်အဟုန်ဖြင့် တက်လာပြီး ကုန်းပေါ်ရှိ အရာဝတ္တုမှန်သမျှကို တစ်ဒင်္ဂအတွင်း ပင်လယ်တွင်းသို့ ဆွဲချဖျက်ဆီးသွားသည်ဟု ထိုနေ့ဖြစ်စဉ်တွင် သေဘေးမှ လွတ်မြောက်ခဲ့သူ ကိုမိုးဝေက ပြန်လည်ပြောပြသည်။
“ရေက ပထမဆုံးတော့ ဖြည်းဖြည်းချင်းလာတယ်၊ ပြီးရင်ပြန်ဆင်းသွားတယ်၊ နောက်တစ်ကြိမ်ထပ်လာတယ်၊ နည်းနည်းများလာပြီး အကြီးကြီးဖြစ်လာတယ်၊ ဒီမှာလူတွေကော၊ အိမ်တွေကော၊ လှေတွေကော အကုန်လုံးကို ဖျက်ဆီးပစ်လိုက်တယ်။ ရှင်းရှင်းပြောမယ်ဆိုရင် မီးတောင်ကြီးပေါက်ကွဲပြီးတော့ မီးတောင်အောင်မှာ လူတွေနေရသလိုမျိုး လူတွေအားလုံးက ဦးတည်ရာမဲ့ဖြစ်နေကြတယ်၊ တစ်ယောက်နဲ့တစ်ယောက် ကယ်မယ့်သူကမရှိဘူး၊ ကိုယ့်ဟာကိုယ်လွတ်အောင် ပြေးကြရတာ”

ရွာအနီးရှိ ၃ မိုင်ကျော် လမ်းမရှည်တွင်လည်း လူတန်းရှည်ကြီးဖြစ်နေပြီး ထောင်နှင့်ချီသောလူအများမှာ ရေလွတ်ရာတောင်ပေါ်သို့ တက်ပြေးကြခြင်း၊ ထိုင်းစစ်တပ်က ၁၀ ဘီးကားကြီးများဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းတို့ကြောင့် အသက်ရှင် လွတ်မြောက်သူများရှိသော်လည်း ရာနှင့်ချီသေဆုံးသူများတွင် မမိုးအိ၏ မိခင်လည်း ပါဝင်သွားတော့သည်။
ထိုနမ္မထိုင်းတံငါရွာလေးတွင် နေထိုင်သူအများစုမှ မြန်မာနိုင်ငံမှာ လာရောက်ကြသည့် ထားဝယ်ဒေသခံတို့ ဖြစ်ပြီး ဆူနာမီဒဏ်အများဆုံးခံခဲ့ရသည်။ အိမ်ခြေ ၁,၀၀၀ တွင် ၇၅၀ ခန့် ပျက်စီးသွားသည်၊ မြန်မာရွှေ့ပြောင်း ရေလုပ်သားတို့၏ နေအိမ်များဖြစ်သည်ဟု မျက်မြင်တွေ့ခဲ့ရသည့် ရေလုပ်သား ကိုဖိုးဇော်က ဆိုသည်။

ထိုမျှမက နမ္မရွာနှင့် မိနစ် ၃၀ ခန့်ဝေးသည့် ခေါင်လတ်ရွာတွင်လည်း မြန်မာရာနှင့်ချီသေဆုံးသည်ဟု ထိုစဉ်က ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးခဲ့သည့် ယခု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ဆိုသည်။
သေဆုံးသူ မြန်မာအရေအတွက် အတိအကျကို ခန့်မှန်းမရနိုင်သော်လည်း ရည်စူးဆွမ်းသွတ်အလှူ ၃၇ ကြိမ်ပြုလုပ်ခဲ့ရသည်ဟု သိရသည်။ အဆိုပါ ဆွမ်းသွတ်အလှူသည် တစ်ကြိမ်လျှင် တစ်ဦးစီပြုလုပ်နိုင်ခြင်းမရှိဘဲ တစ်ကြိမ်လျှင် အယောက် ၅၀၊ ၂၀၊ ၁၀ စသဖြင့် စုပေါင်း ဆွမ်းသွတ်ရခြင်းဖြစ်သည်ဟုလည်း သိရသည်။
ဆူနာမီ ရေလှိုင်းများသည် ပင်လယ်၊ သမုဒ္ဒရာအောက်တွင် ငလျင်၊ မီးတောင်ပေါက်ကွဲမှု၊ မြေပြိုမှုတို့ကြောင့် ရုတ်တရက် ဖြစ်ပေါ်လာတတ်ပြီး ရေက ကမ်းခြေဒေသကို ထုထည်ကြီးမားစွာ ဖုံးလွှမ်းတတ်သည့် သဘာဝဘေးအန္တရာယ်မျိုး ဖြစ်သည်။
ကုလသမဂ္ဂ၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ စသည့်အဖွဲ့အစည်းပေါင်း ၅၀ ကျော်ဖြင့် ၂၀၀၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ဆူနာမီအကဲဖြတ်ရေးအဖွဲ့ Tsunami Evaluation Coalition (TEC) ၏ မှတ်တမ်းအရ အဆိုပါ ဆူနာမီရေလှိုင်းများကြောင့် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ လူပေါင်း ၁၈၀,၀၀၀ ကျော် သေဆုံးသည်ဟု ဖော်ပြသည်။

ထိုင်းနိုင်ငံအတွင်းလူပေါင်း ၅,၃၀၀ ကျော် သေဆုံးခဲ့ပြီး ထိုအထဲတွင် ထိုင်းတောင်ပိုင်းရောက် မြန်မာ ထောင်နှင့်ချီ ပါဝင်နိုင်သည်ဟု ထိုစဉ်က ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးသူများ၊ အသက်ရှင်ကျန်ရစ်သူ မြန်မာရွှေ့ပြောင်း လုပ်သားများက ယုံကြည်ကြသည်။
ထိုင်းနိုင်ငံသားများ၊ နိုင်ငံစုံမှ ကမ္ဘာလှည့် ခရီးသည်များလည်းပါဝင်ပြီး ထိုင်းအစိုးရက DNA စစ်ဆေးကာ မည်သူမည်ဝါဖြစ်သည်ကို သတ်မှတ်ပေးပြီး သက်ဆိုင်ရာ နိုင်ငံသံရုံးသို့အကြောင်းကြားကာ အလောင်းထုတ်ယူစေသည်ဟု သိရသည်။

နိုင်ငံတကာမှသံရုံးများကလည်း ရနောင်းမြို့တွင် စားပွဲများချကာ သံရုံးအငယ်စားများဖန်တီး၍ ဆူနာမီတွင်သေဆုံးသွားသူ ယင်းတို့နိုင်ငံသားများ၏ စာရင်းကောက်ယူသည်၊ မိသားစုထံ တယ်လီဖုန်း ဆက်ပေးသည်ကို တွေ့ရသည်ဟု ထိုစဉ်က ကယ်ညီကယ်ဆယ်ရေး လုပ်ကိုင်ပေးခဲ့သူ ဦးထူးချစ်က ဆိုသည်။
ထိုစဉ်ကမြန်မာသံရုံးသို့ ဆက်သွယ်၍ အကူအညီတောင်းခံခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရသည်ဟုလည်း ဦးထူးချစ်က ပြောသည်။
“အဲ့အချိန်မှာ မှတ်မှတ်ရရပေါ့၊ ကျွန်တော်တို့ Team (အဖွဲ့) ရဲ့ ဆက်သွယ်ရေး တာ၀န်ခံက မြန်မာသံရုံးကို ဖုန်းဆက်ပါတယ်။ ဒီမှာ မြန်မာရွေ့ပြောင်းအလုပ်သမားတွေ အများကြီးပဲ၊ ဒါ ကျွန်မတို့အနေနဲ့ ဘာကူညီပေးရမလဲပေါ့၊ ဟိုက(မြန်မာသံရုံး) ပြောသွားတာရှင်းပါတယ်၊ မြန်မာရွေ့ပြောင်း အလုပ်သမားတွေ ဒီမှာမရှိပါဘူးတဲ့”
ထိုသို့သော အခြေအနေတွင် သေဆုံးသူ မြန်မာရွှေ့ပြောင်း အလုပ်သမားများနာရေးအတွက် ကျန်ရစ်သူမိသားစုများ၊ ထိုင်းအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများက လုပ်ဆောင်ပေးခဲ့ရသည်ဟုလည်း ထိုစဉ်က ကူညီကယ်ဆယ်ရေး လုပ်ပေးခဲ့သူတို့က Myanmar Now ကို ပြောသည်။
“ဒီတုန်းအချိန်က ကျွန်တော်က ကူညီကယ်ဆယ်ရေးအဖွဲ့မှာလုပ်တော့ နေ့ရောညပါ မအားရဘူး၊ ဘာသာသွားပြန်ပေးရသလို တချို့ဟာတွေလုပ်ပေးရတာရှိတယ်၊ သေဆုံးသွားတဲ့ အလုပ်သမားတွေ နစ်နာကြေးကိစ္စတွေ အားလုံးက ဒုက္ခသုတ်ခတွေနဲ့ချည်းပဲ” ဟု ကိုမိုးဝေက ပြောသည်။

ထိုစဉ်က ထိုင်းဝန်ကြီးချုပ် သက်ဆင်ကိုယ်တိုင် ဆူနာမီဒဏ်ခံကျေးရွာများသို့ ရောက်ရှိလာပြီး အားပေးစကားပြောခြင်း၊ နိုင်ငံတကာသံရုံးများမှ အရာရှိများကိုယ်တိုင် ယင်းတို့နိုင်ငံသားများကို လိုအပ်သည့် အကူအညီများပေးခြင်းတို့ကို မြင်တွေ့ခဲ့ရသည်၊ ထို့ကြောင့် ထိုစဉ်က အာဏာသိမ်း မြန်မာဗိုလ်ချုပ်များ၏ ဘန်ကောက်သံရုံးအရာရှိများကိုလည်း မြန်မာရွှေ့ပြောင်း လုပ်သားများ မျှော်လင့်ခဲ့ဖူးသည်ဟု ရေလုပ်သား ကိုဖိုးဇော်က ပြန်ပြောင်းပြောပြသည်။
“အဲ့ဒီအချိန်က စစ်အစိုးရ။ ကျွန်တော်တို့က မျှော်ကိုးတာပေါ့ဗျ၊ အစိုးရပဲ တို့ကိုများ ဘာတွေလာကူညီမလဲ။ အဲ့တုန်းက ထိုင်းဝန်ကြီးချုပ် သက်ဆင်ကိုး။ သူကိုယ်တိုင်လာပြီးတော့ ထိုင်းလူမျိုးတွေကို ခေါ်ပြောနုတ်ဆက်၊ ပိုက်ဆံတွေပေး၊ မုန့်ဖိုးတွေပေး၊ ရယ်ရယ်မောမောနဲ့ ကျွန်တော်တို့ကိုယ်တိုင် မျက်စိနဲ့ မြင်ရတာ။ ကိုယ်တွေကလည်း ကိုယ့်အဖေများ လာမလားပေါ့၊ ဒါလူတိုင်းက မျှော်လင့်တာပဲ။ ပါးစပ်ကသာ ထုတ်မပြောချင်နေမယ် လူတိုင်းရဲ့ စိတ်ထဲမှာရှိတယ်” ဟု ၎င်းက ပြောသည်။
နမ္မကျေးရွာအနီးရှိ ဆူနာမီသင်္ချိုင်းကို Myanmar Now သတင်းအဖွဲ့က သွားရောက်လေ့လာရာတွင် မြန်မာနိုင်ငံသား ၂၀ ဦးသေဆုံးသည်ဟု မှတ်တမ်းတင်ထားသည်။ ထိုအရေအတွက်ထက် များစွာပိုနိုင်သည်ဟုလည်း ဆူနာမီဖြစ်စဉ်က အသက်ရှင်ကျန်ရစ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများက ယုံကြည်ကြသည်။

ထို ဆူနာမီသင်္ချိုင်းတွင် နိုင်ငံပေါင်း ၃၉ နိုင်ငံမှ သေဆုံးသူများကိုမြှုပ်နှံထားပြီး နိုင်ငံအလိုက်ကိုယ်စားပြုနိုင်ငံ အလံများလွှင့်ထူနိုင်ရန် အလံတိုင်များ စိုက်ထူထားသည်ကို တွေ့ရသည်။ သင်္ချိုင်းဖွင့်ပွဲ လုပ်စဉ်ကလည်း နိုင်ငံပေါင်းစုံမှ သံတမန်များတက်ရောက်ကာ ဝမ်းနည်းကြောင်း ပြသခဲ့ကြသော်လည်း ထိုစဉ်က မြန်မာစစ်အစိုးရ တာဝန်ရှိသူများ၊ သံရုံးအရာရှိများမှာ မျှော်သာမျှော် ပေါ်မလာဟုလည်း ကိုဖိုးဇော်က ဆိုသည်။
“အဲ့ဒါဖွင့်ပွဲတုန်းကဆိုရင် အာဆီယံနိုင်ငံတွေ အကုန်လာတယ်၊ သေဆုံးသူနိုင်ငံသားတိုင်းရဲ့ အလံတွေအကုန်ရှိတယ်၊ ဒါပေမယ့် ဖွင့်ပွဲမှာ ကျွန်တော်တို့နိုင်ငံရဲ့ အလံအောက်မှာ ကျွန်တော်တို့ အာဏာပိုင် တစ်ယောက်မှမရှိဘူး၊ သူများနိုင်ငံသားတွေမှာ အခမ်းအနားတွေနဲ့။ ကျွန်တော်တို့ ပန်းခွေနဲ့ ကိုယ့်နိုင်ငံအလံကို ကိုယ့်ဘာသာ ကိုယ်ယူ၊ ကိုယ်နိုင်ငံသားတွေအတွက် ဝမ်းနည်းကြောင်း ကိုယ့်ဘာသာပဲ လုပ်ခဲ့ရတာ” ဟု ကိုဖိုးဇော်က ပြောသည်။
ထိုနေ့အဖြစ်အပျက်နှင့် မြန်မာသံရုံးအရာရှိများ၏ တာဝန်မဲ့မှုကို ထိုစဉ်က ဒုက္ခပေါင်းစုံခံစားခဲ့ရသူ ဆူနာမီလှိုင်းဒဏ်ခံ အသက်ရှင်ကျန်ရစ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများက နှစ်ပေါင်း ၂၀ ကြာသည့်တိုင် မမေ့နိုင်သေးဟု Myanmar Now သတင်းအဖွဲ့နှင့် တွေ့ဆုံစဉ် ပြောဆိုကြသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ထောင်နှင့်ချီနေထိုင်သည့် နမ္မရွာကလေးတွင် နှစ်စဉ် ဒီဇင်ဘာ ၂၆ ရက်ရောက်တိုင်း ဆူနာမီလှိုင်းဒဏ်ကြောင့် သေဆုံးသွားသူများအတွက် ကိုယ်ထူကိုယ်ထ တည်ထောင်ထားသည့် ရွာရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် မမေ့မလျော့ နှစ်စဉ်အလှူလုပ် အမျှဝေလေ့ရှိသည်။
မိခင်သေဆုံးသွားပြီး အလောင်းပင်ပြန်မရလိုက်သည့် မမိုးအိသည်လည်း မိခင်နှင့်အတူ ရွာပြန်ပြီး အလှူမလုပ်နိုင်တော့ပေ။ သို့သော် နှစ်စဉ် ဒီဇင်ဘာ ၂၆ ရောက်တိုင်း နမ္မရွာဘုန်းကြီးကျောင်းလေးတွင် မိခင်အတွက် အလှူလုပ်ပေးသည်ဟုလည်း မမိုးအိက ဆိုသည်။
“ကျွန်မတို့က အလှူအတန်းတွေလုပ်ကြတယ်၊ ဆွေမရှိမျိုးမရှိသူတွေကောပေါ့နော်။ ကျွန်မတို့အမျှဝေတယ်၊ သာဓုခေါ်နိုင်ပါစေဆိုပြီးတော့ ကျွန်မတို့ နှစ်တိုင်းလုပ်ပေးတယ်။ ဒီနှစ်လည်း ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်လေးပို့ပြီး အမျှဝေမယ်” ဟု မမိုးအိက ပြောလိုက်သည်။