မန္တလေးမြို့တောင်ဘက်တွင် အမရပူမြို့ပြစီမံကိန်း လုပ်ပိုင်ခွင့်ရရှိထားသော လုပ်ငန်းရှင် မောင်ဝိတ်ပိုင် ကုမ္ပဏီသည် ဒေသခံတို့ပိုင်သော မြေကွက်များပေါ်တွင် မြေဖို့မြေပြင်ကာ စီမံကိန်းစတင်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။
ထိုစီမံကိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၇ခုနှစ် ဒီဇင်ဘာလတွင် မောင်ဝိတ်၏ Mandalay Business Capital City Development Ltd ကုမ္ပဏီက လုပ်ပိုင်ခွင့် ရခဲ့ခြင်းဖြစ်သည်။
အမရပူရမြို့နယ် မန္တလေးမြို့ပတ်လမ်း အရှေ့ဘက်၊ အနောက်ဘက်နှင့် ဧရာဝတီမြစ်ကြား မြေဧကပေါင်း ၂,၅၀၀ ပေါ် အကောင်အထည်ဖော်မည့် ထိုစီမံကိန်းအတွက် ကျပ်ဘီလျံပေါင်း ၁,၃၀၀ ကျော် ရင်းနှီးမြှုပ်နှံရန်စီစဉ်ထားသည်။
တည်ဆောက်ရေးကာလ ၁၀ နှစ်သတ်မှတ်ထားသည့် ထိုစီမံကိန်းကို အပိုင်းလိုက်ခွဲ၍ အကောင်အထည်ဖော်မည်ဟု သိရသည်။ စီမံကိန်းမြေဧက ၂၅၀၀ အတွင်းရှိ ကွင်းအမှတ် ၆၀၃ မှ ၆၁၁ အတွင်းရှိ မြေများကို ကာလပေါက်ဈေးထက်နည်းပါးသည့်ဈေးဖြင့် မဖြစ်မနေရောင်းရန် ဖိအားပေးနေသည်ဟု သိရသည်။
မရောင်းရသေးသည့် မြေများပေါ်တွင်လည်း ယခုအခါ မြေပြင်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည် မြေပိုင်ရှင် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။
“ရောင်းရောင်း၊ မရောင်းရောင်း အကုန် ဖို့နေတာ။ အောက်လဲ တိုင်မရ၊ အထက်လည်းတိုင်မရ။ တချို့က သိမ်းမှာကြောက်လို့ ရတဲ့ဈေးနဲ့ရောင်းတဲ့သူရှိတယ်” ဟု အထက်ပါ မြေပိုင်ရှင်က ပြောသည်။
“နေ့မနား၊ ညမနား သဲတွေဖို့နေတာ။ စိုက်ထားတဲ့ မြေပဲခင်းတွေ ကုန်တော့မယ်။ မရောင်းလဲနေ၊ သူတို့ဆက်လုပ်မယ်။ မရောင်းရင်နေဆိုတဲ့သဘော။ မြေပဲတွေ စိုက်ပျိုးထားတာ၊ အကုန်ဆိုရင် သိန်းရာကျော်ကုန်တယ်”
စစ်အာဏာမသိမ်းမီက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ရှိသည့် မြေတစ်ဧကလျှင် သိန်း ၂,၂၀၀ ထိ ဈေးပေါက်ခဲ့သော်လည်း ကျပ်ငွေတန်ဖိုး အကြီးအကျယ်ကျဆင်းနေသည့် ယခုချိန်တွင် သိန်း ၁,၅၀၀ ဖြင့် ရောင်းချရန် ကုမ္ပဏီက ဖိအားပေးနေသည်ဟုလည်း သူက ဆိုသည်။
မြေအရောင်းအဝယ်နှင့်ပတ်သက်၍ လွန်ခဲ့သည့် ၅ လဝန်းကျင်က Mandalay Business Capital City Development ကုမ္ပဏီနှင့်မြေပိုင်ရှင်များကြား နောက်ဆုံးတွေ့ဆုံခဲ့ပြီး နောက်ထပ်ညှိနှိုင်းမှုမရှိတော့ဘဲ စီမံကိန်းအတွက် မြေပြင်သည့် လုပ်ငန်းများကိုတွန်းအားပေးလုပ်ကိုင်နေသည်ဟုလည်း အထက်ပါ မြေပိုင်ရှင်က ဆိုသည်။
“(မရောင်းရသေးတဲ့မြေတွေပေါ်မှာ) သဲဖို့နေတာမြင်နေလျက် ဘာမှပြောမရဘူး။ ရွာလူကြီးတွေ ကိုယ်တိုင်ကတောင် ရောင်းဖို့ရာလိုက်ပြောခိုင်းနေတာ။ မရောင်းရင် သိမ်းမယ်ဆိုတဲ့သဘောပြောတာ။ ရောင်းရင် သူတို့ကို ပွဲစားခက ပေးရတယ်” ဟု ၎င်းက ဆိုသည်။
စီမံကိန်းမြေနေရာသည် မည်သည့်နေရာအထိ အကျုံးဝင်သည်ကို ဒေသခံများသဘောပေါက်ရန် ကုမ္ပဏီဘက်က ပွင့်ပွင်းလင်းမပြောဆိုသလို ရှမ်းကလေးကျွန်းရွာကိုလည်း စီမံကိန်းအတွင်း ပါဝင်ရန် မောင်ဝိတ်က ထိုစီမံကန်းနှင့်ပတ်သက်သည့် ရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုထားသည်။
စီမံကိန်းမြေဧရိယာထဲတွင် ပုံစံ(၇) ရှိသည့် ကိုင်းမြေများကို တစ်ဧက ကျပ်သိန်း ၁,၅၀၀၊ ပုံစံ(၇) မရှိဘဲ မြေခွန်ပြေစာဖြင့် စိုက်ပျိုးသည့် မြေနုကျွန်း ၁ ဧကလျှင် ကျပ်သိန်း ၆၀၀ နှုန်းဖြင့်ဝယ်ယူကြောင်း၊ စီမံကိန်းအတွင်း မြို့မြေကွက်များဖြင့် အစားထိုးလဲပေးခဲ့ရာစီမံကိန်းဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း အမရပူရ မြို့ပြစီမံကိန်းအထောက်အကူပြုကော်မတီက နိုဝင်ဘာ ၁၃ရက်စွဲဖြင့် အသိပေးသော အကြောင်းကြားစာတစ်စောင်တွင် ဖော်ပြထားသည်။
စီမံကိန်းအတွက် ရောင်းချရန်၊ မြို့မြေဖြင့်လဲလှယ်ရန် ကွင်းမှတ် ၆၀၃ မှ ၆၁၁ ထိ မြေ ၈၀၅ ဧကကို စိုက်ပျိုးလုပ်ပိုင်ခွင့်များကိုပယ်ဖျက်သွားမည်ဖြစ်ကြောင်း သတ်မှတ်ငွေကြေးများကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ တွင် အပြီးသတ်ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
ထိုစီမံကိန်းလျာထားချက်တွင်ပါဝင်နေပြီး အရောင်းအဝယ်မပြီးပြတ်သေးသည့် မြေဧကမည်မျှရှိသည်ကို Myanmar Now က အတိအကျမသိရသေးပေ။
ထိုစီမံကိန်းကို မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် မန္တလေးမြို့ရေကြီးရေလျှံမှု လျှော့ချရေးအတွက် ရည်ရွယ်ထားပြီး ၂၀၁၆ တွင် မန္တလေးစည်ပင်နှင့် Mandalay Business Capital City Development Ltd ကုမ္ပဏီတို့ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အမရပူရမြို့ပြစီမံကိန်း ဆက်လက်လည်ပတ်ခဲ့ပြီး အထောက်အကူပြုကော်မတီတွင် စစ်ကောင်စီလက်အောက်ခံ အမရပူရခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အခြားဝန်ထမ်းများပါဝင်သည်။
အရောင်းအဝယ်မပြီးပြတ်သေးဘဲ စီမံကိန်းမြေပြင်မှု၊ မြေပိုင်ရှင်များနှင့်စေ့စပ်ညှိနှိုင်းမှုနှင့်ပတ်သက်၍ အမရပူရမြို့ပြစီမံကိန်းအထောက်အကူပြုကော်မတီ အတွင်းရေးမှူးကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ကျသည်မှာမကြားသေး၍ အသေးစိတ်မပြောဆိုနိုင်ကြောင်းက ကုမ္ပဏီဘက်ကိုသာ မေးမြန်းစေလိုကြောင်း ပြောသည်။
Mandalay Business Capital City Development Ltd ကုမ္ပဏီထံ Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင် မြေယာကိစ္စနှင့်ပတ်သက်၍ အမရပူရမြို့ပြစီမံကိန်းအထောက်အကူပြုကော်မတီက အဓိကဆောင်ရွက်နေကြောင်း၊ ကုမ္ပဏီအနေဖြင့် သတင်းဌာနများ၏ မေးမြန်းချက်ကို ဖြေဆိုရန် အဆင့်ဆင့်တင်ပြရ၍ တရားဝင်ဖြေဆို၍ မရကြောင်း တုံ့ပြန်သည်။
ကုမ္ပဏီနှင့်နီးစပ်သူ အမျိုးသားတစ်ဦးကမူ ထိုစီမံကိန်းစတင်ချိန်ကတည်းက မြေပိုင်ရှင်တို့နှင့်ညှိနှိုင်း၍ မြေယာဝယ်ယူခြင်း၊ မြို့ပြမြေဖြင့်လဲလှယ်ခြင်းဆောင်ရွက်ကြောင်း၊ ယခုအခါ ကာလတစ်ခုကြာမြင့်ပြီ ဖြစ်၍ အမရပူရမြို့ပြစီမံကိန်းအထောက်အကူပြုကော်မတီက ဆက်လက်ကိုင်တွယ်နေကြောင်း ပြောသည်။
“စီမံကိန်းကတော့ ပုံမှန်အတိုင်းဆက်လုပ်နေပါတယ်။ တတ်နိုင်သမျှတော့ စီမံခန့်ခွဲမှုကော်မတီရဲ့ စီမံမှုအောက်မှာ ဆက်လက်ပြီးလုပ်ဆောင်နေတာရှိတယ်” ဟု သူက ပြောသည်။
ခေတ်အဆက်ဆက်တွင် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးကျွမ်းဝင်သူ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်သည် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၈ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။
သမ္မတဦးသိန်းစိန်လက်ထက်တွင် ထောင်မှ လွတ်လာသည့် မောင်ဝိတ်က ရန်ကုန်နှင့် မန္တလေးတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ပူးပေါင်းကာ ဆောက်လုပ်ရေးစီမံကိန်းများ ရရှိရန် ကြိုးပမ်းခဲ့သည်။
မောင်ဝိတ်သည် စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီကို ပိုင်ဆိုင်ပြီး ထိုကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့ရှိ Gonyi Residence & Gonyi Shop House, Lann Thit Avenue, Parami Residence, Complex 45 စသည့် ဆောက်လုပ်ရေးစီမံကိန်းများကို လုပ်ပိုင်ခွင့်ရရှိထားသည်။အမရပူရမြို့ပြစီမံကိန်းလုပ်ပိုင်ခွင့်ရသည့် Mandalay Business Capital City Development Ltd စေပိုင်၏ မိသားစုဝင်ကုမ္ပဏီလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ လာဘ်ပေးလာဘ်ယူမှုဖြင့် အမှုဆင်ရာ၌ မောင်ဝိတ်ကို အသုံးချခဲ့သည်။
၂၀၁၈ နှင့် ၂၀၂၀ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်တိုင် တွေ့ဆုံရာ၌ အမေရိကန်ဒေါ်လာ ၅ သိန်းခွဲကို စာအိတ်ဖြင့်ထည့်၍ ပေးအပ်ခဲ့ကြောင်း မောင်ဝိတ်ကိုယ်တိုင် ထွက်ဆိုသည့် ရုပ်သံဖိုင်ကို စစ်ကောင်စီ အာဏာသိမ်းအပြီး ၂ လ အတွင်း ဝါဒဖြန့်ထုတ်လွှင့်ခဲ့သည်။
စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်သည် NLD အစိုးရ၏ မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ဘန်ကောက်သို့ သွားရောက် ကုသမှု ခံယူရန် အမေရိကန်ဒေါ်လာ တစ်သိန်းနှင့် မြန်မာကျပ်ငွေ သိန်း ၆၅၀ ပေးခဲ့သည်ဟုလည်း စစ်ကောင်စီဘက်မှ ထွက်ဆိုခဲ့သူဖြစ်သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တရားရုံးချိန်းတစ်ခုတွင် မောင်ဝိတ် သက်သေလာထွက်စဉ် ဒေါက်တာဇော်မြင့်မောင်က“ကျမ်းဆိုတာ စူးတတ်တယ်၊ သံသရာအထိ ခံရမှာ ကိုယ့်လူ” ဟု သတိပေးခဲ့ဖူးသည်။
အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လေးကြိမ် ခွဲပေးသည်ဆိုသော မောင်ဝိတ်ပြောဆိုချက်ကို အခြေခံကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုနှစ်ခု ခွဲဖွင့်၍ ၂၀၂၂ အောက်တိုဘာတွင် ထောင် ၃ နှစ် တစ်ပေါင်းတည်း ချခဲ့သည်။
ထို့အတူ ဒေါက်တာဇော်မြင့်မောင်သည်လည်း မောင်ဝိတ်ထွက်ဆိုချက်ကြောင့် အထက်ပါ အဂတိပုဒ်မဖြင့်ပင် အမှုနှစ်ခု ခွဲဖွင့်ခံရကာစုစုပေါင်းထောင်ဒဏ် ၁၀ နှစ် ချခံရသည်။ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချထားစဉ် ရောဂါအပြင်းအထန်ခံစားခဲ့ရပြီး ကွယ်လွန်သွားပြီဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းသည့်နေ့ကတည်းက နေပြည်တော်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စုစုပေါင်း ပုဒ်မ ၁၉ ခုဖြင့် ထောင် ၃၃ နှစ် ချကာ နေပြည်တော်တွင် ချုပ်နှောင်ထားသည်။