သတင်း

လောင်းလုံမြို့နယ်တွင် PDF နှင့် ကြည်းရေလေတပ် တိုက်ပွဲပြင်းထန် 

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲ ၃ ရက်ဆက်ဖြစ်နေသည့် လောင်းလုံမြို့တွင် ဒေသခံ ၈,၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင် တော်လှန်ရေးအင်အားစုက ထိုးစစ်ဆင်ရာ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ တပ်အင်အားဖြင့် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေပြီး  ဒေသခံ ထောင်နှင့်ချီ တိမ်းရှောင်နေရသည်ဟု သိရသည်။

မြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာ ကျောက်နီမော်ရွာ ဘုရားကုန်း၊  တာဝါတိုင် စခန်းကုန်း စသည့် စစ်ကောင်စီ ခြေကုပ်ယူထားသည့်နေရာများကို ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင်တိုက်ခိုက်သည်၊  တိုက်ပွဲ ပြင်းထန်သည်ဟု   ဒေသခံများက ယနေ့ (ဒီဇင်ဘာ ၂၅) တွင် ပြောကြသည်။

ကျောက်နီမော်ရွာ၏ အရှေ့ဘက်တွင် ထားဝယ်မြစ်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် ရှိသည်။

ကျောက်နီမော်ရွာကို စစ်တပ်က  စစ်သင်္ဘောဖြင့် စစ်ကူပို့ထားသည်ဟု လောင်းလုံမြို့နယ်တွင်လှုပ်ရှားသည့် တော်လှန်ရေးအဖွဲ့များက ပြောသည်။

“ရေကြောင်းကနေ သင်္ဘော ၃ စီးနဲ့တိုက်ခိုက်နေတာရှိတယ်။ လေကြောင်းတိုက်ခိုက်မှုက မနေ့ကလုပ်တာ။ စဖြစ်တဲ့နေ့က ကင်းထောက်လေယာဉ်တွေဝဲတယ်။ မနေ့ကတော့ လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်”ဟု လောင်းလုံမြို့နယ်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဒီဇင်ဘာ ၂၅ တွင် ပြောသည်။ 

တိုက်ပွဲများကြောင့် ကျောက်နီမော်ရွာနှင့် အနီးဝန်းကျင်ရွာများဖြစ်သည့် ကျောက်ဝပ်ပြင်၊ ညောပြင်၊ ကျောက်ပုံစသည့် ကျေးရွာများမှ  ဒေသခံ ၈,၀၀၀ ကျော်မှာလည်း ဘေးလွတ်ရာကျေးရွာများကို ထွက်ပြေး တိမ်းရှောင်နေရသည်ဟု လောင်းလုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တချို့တွေက တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင် နေရတာတွေရှိတယ်။ ပင်လယ်ကမ်းစပ်ရွာတွေကျတော့ လှေနဲ့အနီးအနားကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင် နေရတာတွေရှိတယ်။ ဘေးကင်းနိုင်တဲ့ နေရာမျိုးတွေမှာ ရှောင်တိမ်းနေရတာမျိုးပေါ့”ဟု အထက်ပါ ပအဖ အဖွဲ့ဝင်က ပြောသည်။

တိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ် မသိရသေးကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။ 

လောင်းလုံမြို့နယ်အတွင်း  လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာနိုင်ခြင်းကြောင့် ပြည်သူများ လုံခြုံဘေးကင်းသည့်နေရာများနှင့် ပုန်းခိုကျင်းများတွင် နေထိုင်ကြရန် လောင်းလုံ ပကဖ အဖွဲ့က ဒီဇင်ဘာ ၂၃ ရက်နေ့တွင် အရေးပေါ် သတိပေးချက်ထုတ်ပြန်ထားသည်။ 

ကျောက်နီမော်ရွာရှိ စစ်ကောင်စီတပ်စွဲထားရာနေရာများကို တော်လှန်ရေးအင်အားစုက မကြာခဏ တိုက်ခိုက်လေ့ရှိသော်လည်း ရက်ရှည်တိုက်ပွဲဖြစ်နေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု မြို့နယ် ပအဖ တာဝန်ရှိသူကဆိုသည်။ 

တိုက်ခိုက်ရာတွင်ပါဝင်နေသည့် တပ်ဖွဲ့ဝင်ကလည်း စစ်တပ်ကအပြင်းအထန် တုံ့ပြန်နေသည်၊  တော်လှန်ရေးအင်အားစုကလည်း စခန်းသိမ်းနိုင်ခြင်းမရှိသေးဟု ပြောသည်။ 

စစ်တပ်က စစ်ပွဲသတင်းများကို ထုတ်ပြန်လေ့ မရှိပေ။

တနင်္သာရီတိုင်းတွင် နယ်မြေစိုးမိုးမှုပြန်ရရန်ကြိုးပမ်းနေသည့် စစ်တပ်က နိုဝင်ဘာလအတွင်း ပုလော၊ လောင်းလုံး၊ တနင်္သာရီ၊ ရေဖြူမြို့နယ်တို့တွင် စစ်ကြောင်းထိုးလျက်ရှိသည်ဟု သိရသည်။

တိုက်ပွဲများ၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဒေသခံ ၆၈၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ‌ကြောင်း တနင်္သာရီတိုင်းအတွင်း ဖြစ်ရပ်များကို စောင့်ကြည့်နေသည့် FE 5 Tanintharyi အဖွဲ့က ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button