ဆောင်းပါး

ထိုင်းတွင်မွေးဖွားကြီးပြင်းပြီးနောက် စစ်ကောင်စီတပ်ထဲ အပို့ခံရသူ

ထိုင်းထောင်မှ မြန်မာစစ်စခန်းသို့ ရောက်သွားသည့် လူငယ်တစ်ဦး ပြန်လွတ်ရေးအတွက် မိခင်ဖြစ်သူက ၃၂၅ ရက်စာ လုပ်အားခနှင့် ညီမျှသည့်ငွေကို ချေးငှားပြီး လာဘ်ထိုးခဲ့ရသည်။

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် နေထိုင်သည့်  ဒေါ်သန်းက စက်တင်ဘာ ၉ ရက်နေ့တွင်   ထောင်မှလွတ်မည့်သားကို သွားကြိုရန်   နံနက်စောစော အိပ်ယာထဖြစ်သည်။  ၉ လပိုင်း ၉ ရက်ဖြစ်ခြင်း၊ လွတ်ရက်စေ့သည့်နေ့ ဖြစ်ခြင်းတို့ကြောင့် ကံကောင်းသည့်နေ့အဖြစ် ဒေါ်သန်းမှတ်ယူသည်။

အိမ်အခန်းကျဉ်းအမြင့်တစ်နေရာရှိ ဘုရားကျောင်းတွင် သီတင်းသုံးနေသော ဗုဒ္ဓရုပ်ပွားတော်ကို ဆွမ်း၊ ရေချမ်း၊ ပန်းတော်ကပ်သည်။  တစ်ဦးတည်းသောသားလေး ပြန်ရောက်လာလျှင် သူကြိုက်တတ်သည့် ဖွယ်ဖွယ်ရာရာ ဟင်းလေးတွေ ချက်ကျွေးချင်သည်။ တက်ကြွသည့်ခြေလှမ်း၊ ပျော်ရွှင်သည့် အတွေးများဖြင့် နေထိုင်ရာဆီအုန်းတောမှ ကားဖြင့်မိနစ် ၃၀ ကျော်ကြာ သွားရသည့် ရနောင်းအချုပ်ထောင်သို့ ဒေါ်သန်းရောက်သွားသည်။

သားဖြစ်သူ ခွန်ကိုးသည်   ဆီအုန်းခြံအတွင်း အလုပ်လုပ်ရင်း ဆီအုန်းခိုးသည်ဟု စွပ်စွဲခံရကာ ထောင် ၂ နှစ်  ကျနေခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် မွေးဖွားကြီးပြင်းသူဖြစ်သော ခွန်ကိုး(မြန်မာဘာသာဖြင့် ကိုကိုးဟု ခေါ်နိုင်) သည် မြန်မာစကား မပြောတတ်ဘဲ ထိုင်းလိုသာ ပြောတတ်သည်။

ဒေါ်သန်း ထောင်သို့ ရောက်သွားချိန်က  ထောင်အရာရှိတို့ အလုပ်ရှုပ်နေကြသည်။  ရာနှင့်ချီသော အကျဉ်းသားများကို တွေ့ရပြီး ထိုအထဲမှ သားဖြစ်ကို ရှာနေချိန် အချုပ်ကားတစ်စီးပေါ် တက်သွားသည့်သားလေးကို မြင်ရသည်။ အပြင်ဘက်သို့ ထွက်မလာဘဲ အချုပ်ကားအတွင်း ဝင်သွားခြင်းကို ဒေါ်သန်း နားမလည်နိုင်။ အချိန်အနည်းငယ်ကြာမှ သားလေးကို မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်းမြို့သို့ ပို့တော့မည်ဟု ဒေါ်သန်း သဘောပေါက်သွားသည်။

“သူကိုမနက်ပိုင်းမှာ သွားတွေ့လိုက်သေးတယ်။ ဒီမှာပြန်ခေါ်ထားလို့မရဘူး။ မြန်မာပြည်ပို့မယ်ဆိုတော့ သူက ပို့ခံရတဲ့အထဲမှာ ပါသွားတယ်၊  ပို့လိုက်တယ်ဆိုတော့ ပြန်ပြီးတော့ ယူဆောင်လို့လည်း မရရလေ” ဟု ထားဝယ်သံ ဝဲဝဲဖြင့် ဒေါ်သန်းက ပြောပြသည်။

သားလေးကို မည်သည့်အတွက်ကြောင့် မြန်မာနိုင်ငံပို့မည်နည်း၊ ဘာတွေဆက်ဖြစ်မည်နည်းဟူသည့် မေးခွန်းများသာ ဒေါ်သန်းခေါင်းထဲ တန်းစီနေကာ အုံ့ဆိုင်းဆိုင်းဆီအုန်းပင်များကြားရှိ မီးမှိန်မှိန် အိမ်ငယ်လေးထဲတွင် သောကများနေရတော့သည်။

“ခံစားရတာတော့ မပြောနဲ့တော့ အမေဖြစ်တဲ့သူက အိပ်လို့လည်းမပျော်၊ စားလည်းမပျော်။ ထိုင်ချည်းပဲ ငိုနေရတယ်၊ ဆေးခန်းလည်းသွားပြရတယ်၊ အခုမှ နည်းနည်းငယ် လန်းလာတာ။ တစ်နေ့လုံးငို၊ အိပ်လည်းမရရ၊ စားလည်းမရရ၊ ကလေးကို မတွေ့ရတော့ပြီဆိုပြီးဖြစ်နေတာ၊ စိတ်ထဲမှာ တောင့်တနေတယ်။ သူ့တစ်ယောက်တည်းရှိတာ” ဟု ဒေါ်သန်းက ပြောသည်။

ခွန်ကိုးတို့ သားအမိကို ဆီအုန်းခြံအတွင်း နေအိမ်ငယ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now)

မြန်မာစကားနားမလည်၊ အသက် ၂၉ နှစ်တိုင် မြန်မာနိုင်ငံမရောက်ဖူးသည့် ခွန်ကိုးသည်လည်း အခြေအနေကိုနားလည်နိုင်အောင် ကြိုးပမ်းနေရသည်။ ခွန်ကိုး အပါအဝင် ထိုင်းအာဏာပိုင်တို့ နယ်စပ်ဖြတ် ပို့ဆောင်လာသူ အများအပြားထဲမှ လူငယ် ၁၀၀ ခန့်သည် ကော့သောင်းမြို့ အမှတ် (၂၆၂)  ခြေလျင်တပ်ရင်းသို့  ရောက်သွားသည်။  စစ်တပ်အရာရှိတစ်ဦးက မင်းတို့စစ်ထဲဝင်ရမယ်ဟု ပြောဆိုကြောင်း သူ့သူငယ်ချင်းတစ်ဦးက ဘာသာပြန်ပေးသည်။ စစ်တပ်က သူတို့အားလုံးကို ဆံပင်တိုတို ညှပ်ပေးသည်ဟု ခွန်ကိုးက ပြောသည်။

“ရောက်တော့ဆံပင်တွေညှပ်ပစ်တယ်၊ ဘာမှတော့ မလုပ်ရသေးဘူး၊ အဆက်အသွယ်တွေလည်း မရသေးတော့ ဒီအတိုင်းပဲ ထားတာပေါ့၊ အိမ်မပြန်ရဘူး၊ စစ်ထဲဝင်ရမယ်လို့ပြောတယ်” ဟု ခွန်ကိုးက ထိုင်းဘာသာဖြင့် ပြောသည်။

“ရောက်နေတာက အယောက် ၁၀၀ ကျော်။ ကျွန်တော်နဲ့သိတဲ့သူက ၂၀ ကျော်လောက်ရှိတယ်” 

မကြာသေးမီက Myanmar Now သတင်းအဖွဲ့ ရနောင်းမြို့သို့ ရောက်ရှိစဉ် ခွန်ကိုးကို  မြန်မာစစ်တပ်က ညှပ်ပေးလိုက်သည့် စစ်သားဆံပင်ပုံစံနှင့်ပင်  တွေ့ရသည်။ မြန်မာစကား မတတ်သော်လည်း စစ်သားသစ်အဖြစ် စုဆောင်းခံရသည့် အရပ် ၅ ပေ ၈လက်မခန့်ရှိ လူကောင်ထွားထား ခွန်ကိုးက သူ့အတွေ့အကြုံကို ပြန်ပြောရာတွင် ထိုင်းသာသာဖြင့် ‘ကိုးဝါး” အရမ်းကြောက်တယ်ဟု   ပြောသည်။

မြန်မာစစ်စခန်းတွင် ခွန်ကိုးက  လွတ်မြောက်ရာ လွတ်မြောက်ကြောင်း နည်းလမ်းရှာရတော့သည်။ ခက်ခဲသည်တော့မဟုတ်ပါ၊ ငွေပေးလျှင်လွတ်မြောက်မည်ဟု သတင်းစကားကြားရသည်။ ဤသို့ဖြင့် ဖုန်းအသုံးပြုခွင့်ရှိသူတစ်ဦးထံမှ ဖုန်းငှားကာ ထိုင်းတွင်ရှိနေသော မိခင်ကို ဆက်သွယ်ရသည်။

မိခင် ဒေါ်သန်းကလည်း  အတိုးဖြင့် ဘတ်ငွေ  ၄၅,၀၀၀   လိုက်လံချေးငှားပြီး  ပို့ပေးကြောင်း Myanmar Now ကို ပြောပြသည်။ 

“အမျိုးတွေဆီ လိုက်ချေးရတယ်လေ၊ တစ်နေ့မှာလည်း ဘယ်လောက်ရမလဲ၊ ဆီအုန်းအလုပ်က တစ်နေ့မှ ၂၀၀ တောင် မရချင်ရ၊ တခါတလေ မရဘူး၊ ချေးငှားပြီးတော့ လုပ်ရတာပဲ” ဟု ဒေါ်သန်းက ပြောသည်။ 

ထိုငွေကို ကော့သောင်းရှိ အသိမိတ်ဆွေတစ်ဦးထံ လွှဲပေးကာ စစ်တပ်အရာရှိထံ ပေးစေခဲ့ခြင်းဖြစ်သည်။

မြန်မာအများစုကို ဖမ်းဆီးထိန်းသိမ်းထားလေ့ရှိသည့် ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးနှင့် အကျဉ်းထောင် (ဓာတ်ပုံ − Myanmar Now)

 ငွေပေးချေအပြီး ကော့သောင်းရှိ နေအိမ်တစ်အိမ်တွင် ခွန်ကိုး ခေတ္တတည်းခိုကာ ထိုင်းနိုင်ငံဘက်သို့ ကူးသန်းခွင့်ရရန် စောင့်ဆိုင်းနေစဉ် အမျိုးအမည်မသိရသော ဌာနဆိုင်ရာဝန်ထမ်းများ ရောက်လာပြန်သည်ဟု  ဒေါ်သန်း၊ ရနောင်းမြို့အခြေစိုက် လူမှုကူညီရေးအသင်း မိတ္တသဟာရ (SAFWA) အသင်း တာဝန်ရှိသူ ကိုသားကျော်တို့က ပြောသည်။

“နောက်ထပ်အဖွဲ့တွေက ထပ်လာပြီးရင် သူ့ကိုလာပြန်ဖမ်းတာ။ နောက်ထပ် ၆၀,၀၀၀ တောင်းတယ်၊ တစ်ဖွဲ့ကို တစ်သောင်းနှုန်းနဲ့ ၆ဖွဲ့ ၆ သောင်းတောင်းတယ်” ဟု ကိုသားကျော်က ပြောသည်။

“အဖွဲ့တွေကတော့ စုံနေရောပဲ၊ ကျွန်တော်လည်း ဘာအဖွဲ့တွေမှန်းတော့ မသိဘူး” 

ငွေကြေးတောင်းခံသူမှာ ရဲအရာရှိဟု သိရပြီး အမည်မသိရဟု ကိုသားကျော်က ဆိုသည်။ ထိုသူနှင့် ထပ်မံညှိနှိုင်းပြီး ဘတ် ၂၀,၀၀၀ ပေးရသည်၊ စုစုပေါင်း ဘတ် ၆၅,၀၀၀ (ဒေါ်လာ ၁၉၀၀ ခန့်) ကုန်ကျသည်ဟုလည်း ကာယကံရှင်မိသားစုက ဆိုသည်။ ထိုပမာဏသည် ဒေါ်သန်း၏ ၃၂၅ ရက်စာ လုပ်ခငွေနှင့် ညီမျှသည်။

ရနောင်းထောင်မှ လွတ်ရက်စေ့သူများကို ပြန်လွှတ်ပေးရန် ထိုင်းအာဏာပိုင်တို့က ပြင်ဆင်ချိန်တွင် ခွန်ကိုးကို မြန်မာပြည်သားအုပ်စုထဲ ထည့်လိုက်ခြင်းကြောင့် နယ်စပ်ဖြတ်ပြီး ပြန်ပို့ခံရသည့် အုပ်စုထဲ ရောက်သွားခဲ့သည်ဟု  သားဖြစ်သူထံမှ သိရကြောင်း ဒေါ်သန်းက Myanmar Now ကို ရှင်းပြသည်။

“ထိုင်းနိုင်ငံသား အထောက်အထားလည်း မပြနိုင်ဘူး၊ မြန်မာနိုင်ငံသား အထောက်အထားလည်း မပြနိုင်ဘူး၊ ဒါပေမယ့် အမေက မြန်မာဆိုတော့ ဟိုကလည်း မြန်မာဆိုပြီးတော့ ထည့်လိုက်တာ” ဟု ဒေါ်သန်းက ပြောသည်။

ယခင်ကလည်း အချုပ်ထောင်တို့မှ လွတ်လာသူများ  မြန်မာအာဏာပိုင်တို့လက်ထဲ ရောက်သွားကြသည်၊ တချို့လည်း ထိုင်းလုပ်ငန်းရှင်၏ အာမခံမှုဖြင့်  ထိုင်းနိုင်ငံအတွင်း လုပ်ငန်းခွင်သို့ ပြန်သွားခွင့် ရခဲ့ကြသည်ဟု  သိရသည်။ သို့သော် စစ်မှုထမ်းဥပဒေထွက်ပြီး ယခုနှစ် စက်တင်ဘာလမှစတင်က ထိုသို့ဖြေရှင်း၍မရတော့ဟု မိတ္တသဟာရ (SAFWA) အသင်း တာဝန်ရှိသူ ကိုသားကျော်က ဆိုသည်။

“အဲ့လိုအခြေအနေက ဆိုးသွားတာ၊ ထုတ်လို့မရတော့တာ၊ စစ်တပ်ထဲတစ်ခါတည်း ခေါ်သွားတာ” ဟု ကိုသားကျော်က ပြောသည်။

“အရင်တွေတုန်းကတော့ အဲ့ဒီလိုမဟုတ်ဘူး။ ထားဝယ်ပို့မယ့်သူဆိုလည်း ထားဝယ်ပေါ့။ ထားဝယ်ကဆို ဝေးတဲ့အတွက် ကော့သောင်းမှာ ဆွေမျိုးသားချင်းဘယ်သူရှိလဲ၊ ရှိတဲ့သူက လာအာမခံပြီးတော့ ထုတ်လို့ရတယ်၊ အခု ၉ လပိုင်းထဲမှာတော့ မရတော့ဘူး၊ အကုန်လုံး စစ်တပ်ထဲပါသွားတယ်”

ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနသည် ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးပြီး လူဦးရေ အနည်းအများပေါ်မူတည်၍ တစ်လ တစ်ကြိမ် သို့မဟုတ် နှစ်လ၊ သုံးလတစ်ကြိမ် သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ပေးလေ့ရှိသည်ဟု သိရသည်။ သို့သော် မြန်မာနိုင်ငံတွင်း စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက်  မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမှု တစ်လ တစ်ကြိမ်မှ နှစ်ကြိမ်အထိ ရှိသည်ဟုလည်း ရနောင်းအခြေစိုက် အလုပ်သမားအရေး လှုပ်ရှားနေသူများက ဆိုကြသည်။

ပြန်ပို့ခံရပြီးနောက် စစ်သားအဖြစ် စုဆောင်းခံရခြင်းကြောင့် အကူအညီရရန် ထိုင်းနိုင်ငံတွင်း ကျန်ရစ်သူမိသားစုများက ဆက်သွယ်လာကြသည်ဟုလည်း ကိုသားကျော်က ပြောသည်။

“ဓာတ်ပုံနဲ့ ကျွန်မတို့ကို ဒီလိုကူညီပေးပါ၊ ဒီမှာ ကော့သောင်းကိုပို့တာ ပါတော့မယ်ဆိုပြီးတော့ တစ်ခေါက်မှာ အနည်းဆုံး ၇ ယောက်၊ ၈ ယောက်လောက်ရှိတယ်” ဟု ၎င်းက ပြောသည်။ 

နိုင်ငံအတွင်း စစ်စခန်းကြီးများဆုံးရှုံးခြင်း၊ လက်အောက်ခံတပ်သားများ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်များထံ လက်နက်ချခြင်း၊ တိုက်ပွဲများအတွင်းသေဆုံးခြင်း၊ ထိန်းချုပ်နယ်မြေများ ဆုံးရှုံးခြင်းတို့ ကြုံနေရသည့် စစ်ကောင်စီသည် ယခုနှစ်ဆန်းပိုင်းတွင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် တပ်သားသစ်စုဆောင်းလာခဲ့သည်။

စစ်သားအဖြစ် အတင်းအကျပ်စုဆောင်းခံရပြီးနောက် စစ်သင်တန်းတက်ရောက်နေရသူတို့၏ မှတ်တမ်းဓာတ်ပုံကို စစ်ကောင်စီ ဝါဒဖြန့်သူများက အွန်လိုင်းတင်ခဲ့ကြသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းလူငယ်များကို စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်သည်ဆိုကာ စစ်သင်တန်း အပတ်စဉ်တစ်ခုလျှင် လူငယ် ၅,၀၀၀ ခန့်ကို စစ်သင်တန်းပေးကာ တပ်သားသစ် စုဆောင်းနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလအတွင်း စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး နိုဝင်ဘာလအတွင်းတွင် အပတ်စဉ် (၈) သို့ရောက်ရှိလာပြီဖြစ်သည်။

 စစ်ကောင်စီက စစ်သားသစ် ရရန်  နည်းမျိုးစုံဖြင့် ကြိုးစားနေကြရာ   ဒီဇင်ဘာလ ဒုတိယပတ်အတွင်းတွင်ပင် မန္တလေးတိုင်းနှင့် စစ်ကိုင်းမြို့တို့မှ လူငယ် ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု အဖမ်းအဆီးများအကြောင်း စုံစမ်းထောက်လှမ်းနေသည့် Voice Of Mandalay (Vomdy) အဖွဲ့ တာဝန်ခံက Myanmar Now ကို ပြောသည်။ ထိုလူငယ်များဖမ်းဆီးခံရခြင်းသည် စစ်ကောင်စီက တပ်သားသစ်စုဆောင်းခြင်းဖြစ်သည်ဟု ဒေသခံများက ယုံကြည်နေကြသည်။

အလားတူ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အနီးဝန်းကျင် ရွာများတွင်လည်း  လူငယ်များ အိမ်တွင် ညမအိပ်ရဲတော့ကြောင်း  ပျဉ်းမနားမြို့နယ်၊ အလျင်လိုကျေးရွာနေ လူငယ်တစ်ဦးက ပြောသည်။

“ဧည့်စာရင်းစစ်သလိုနဲ့ လူဆွဲခေါ်တဲ့ညက ကျွန်တော်လည်း ကောက်ရိုးပုံပေါ်ပြေးတာ၊ အမြင့်အပေါ်ကဆိုတော့ ရွာထဲပါတာတွေအကုန်မြင်ရတာ။  အဲဒါနဲ့ အမေကလည်းနောက်ရက်နင် ကောင်ရိုးပေါ်ပုံအိပ်ဆိုလို့ ညဘက်ဆို သွားအိပ်နေရတာ” ဟု ယင်းလူငယ်က ဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရဲ၊ စစ်တပ်တို့ ပါသည့် အဖွဲ့က  ညမှောင်ရီပြုစ ညပိုင်း ၇နာရီကျော်အချိန်တွင် ရွာထဲရှိ လူငယ်များကို ဖမ်းဆီးလေ့ရှိသည်ဟုလည်း ပျဉ်းမနားဒေသခံများက ဆိုသည်။

စစ်ကောင်စီက စစ်သားသစ်စုဆောင်းရန် ပြင်ဆင်စဉ် ပြည်သူများ စိုးရိမ်စရာ မလိုကြောင်း ပြောဆိုခဲ့သည်။ စစ်သင်တန်းတက်ပြီးလျှင် မိမိရပ်ရွာလုံခြုံရေးကို ဆောင်ရွက်ရမည်၊ ရှေ့တန်းထွက်ရန်မလိုအပ်ဟု သတင်းလွှင့်ခဲ့သည်။ 

လက်တွေ့တွင်မူ စစ်သားသစ် အများအပြား တိုက်ပွဲတွင် သေဆုံး၊ အဖမ်းခံရပြီး သုံ့ပန်းဖြစ်သွားကြသည့် သတင်းများ မကြာခဏ ထွက်ပေါ်နေသည်။

နိုင်ငံတွင်းရှိ လူငယ်များ၊ သားသည်မိခင်၊ ဖခင်များ သောကရောက်နေရသကဲ့သို့  နိုင်ငံနှင့်ဝေးရာ ရနောင်းမြို့တွင် လွန်ခဲ့သည့် နှစ် ၃၀ ကျော်ကတည်းက ရောက်ရှိနေထိုင်နေသည့် ဒေါ်သန်းသည်လည်း  သားဖြစ်သူ ခွန်ကိုး စစ်တပ်ထဲမှ ပြန်လွတ်ရေးအတွက် ပေးထားရသည့်ငွေ ပြန်ဆပ်ရေးအတွက်   ရတက်မအေးနိုင်သေးပေ။  

အတိုးနှင့် အရင်း အရစ်ကျ ပြန်ဆပ်ချိန်တွင် ပေးနိုင်ရန် နေ့စဉ် အလုပ်လုပ်၊ ငွေစုနေရသည်၊ ငွေရှင်များ ဓားပြတိုက်ခံထားရသလို ဖြစ်နေသည့် သူ့အခက်အခဲအတွက် ကိုယ်ချင်းစာစေလိုသည်ဟု ဒေါ်သန်းက ပြောသည်။

“အခုဆိုရင် မနည်းကို ဆပ်ရမှာပဲ။ သူတို့ကတော့ တစ်ရက်တည်းရသွားတာ။ သူတို့ကို သနားခိုင်း(ကိုယ်ချင်းစာစေ) ချင်တယ်၊ ဒီမှာလည်းရှာရတာ မလွယ်ရလေ။ တကယ်တမ်း သူတို့သားသမီးတွေ ဒါမျိုးဖြစ်မယ်ဆို သူတို့ခံစားနိုင်မလား၊ သူတို့ကိုလည်း ကိုယ်ချင်းစာခိုင်း စေချင်တယ်လေ၊ အဲ့လိုမျိုး မဖြစ်ခိုင်းချင်ရ(မဖြစ်စေချင်ဘူး)” ဟု ဒေါ်သန်းက ထားဝယ်သံဝဲဝဲဖြင့် ပြောသည်။ သားဖြစ်သူ ခွန်ကိုးသည်လည်း မူရင်းအလုပ်ဖြစ်သော ဆီအုန်းသီးခူးခြင်းအလုပ်ပြန်လုပ်ပြီး မိခင်ဖြစ်သူကို ကူညီရန် ပြင်ဆင်နေသည်။

Show More

Related Articles

Back to top button