ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်နေသည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲတွင် စစ်ကောင်စီနှင့် ဆွေးနွေးမှုများ အဆင်ပြေချောမွေ့ပြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အခြေအနေကို ပိုမိုနားလည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၁၉ နှင့် ၂၀ ရက်တွင် ပြုလုပ်နေသည့် အဆိုပါမြန်မာ့အရေးဆွေးနွေးပွဲကို မြန်မာနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ အဆင်မြင့် အရာရှိများတက်ရောက်ခဲ့ကြသည်။
ယမန်နေ့က အလွတ်သဘော ဆွေးနွေးမှုအဖြစ် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယနေ့ ( ဒီဇင်ဘာ ၂၀ ရက် ) ဆွေးနွေးပွဲတွင် အာဆီယံ၏ သဘောထား ၅ ချက်ကိစ္စ ဖြည်စွက်ဆွေးနွေးမည်ဟု ဆိုသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တက်လာသော စစ်ကောင်စီနှင့် အိမ်နီးချင်း ၅ နိုင်ငံလုံး၏ ပထမဆုံး တွေ့ဆုံမှုဆွေးနွေးမှုလည်းဖြစ်သည်။
တက်ရောက်လာသူများက နယ်စပ်လုံခြုံရေးနှင့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများ တိုက်ဖျက်ရေး၊ အထူးသဖြင့် တရားမဝင် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားကဲ့သို့သော စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပြီး ပူးပေါင်းတိုက်ဖျက်သွားရန် သဘောတူညီခဲ့ကြသည်ဟု ဒီဇင်ဘာ ၁၉ ရက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။
ဆွေးနွေးပွဲကို ခြုံငုံကြည့်ပါက အခြေအနေ ကောင်းမွန်ပြီး မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများ အကြား ဆွေးနွေးနိုင်မှုအတွက် ထိုင်းနိုင်ငံ၏ ကမကထပြု ဆောင်ရွက်ပေးမှုကို အသိအမှတ်ပြုသည် ဟု ပါရှိသည်။
ဆွေးနွေးပွဲတွင်ပါဝင်သည့် နိုင်ငံများသည် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်စပ်နေခြင်းကြောင့် မြန်မာ နိုင်ငံအကြောင်း အခြားနိုင်ငံများထက် ပိုနားလည်ကြောင်း၊ နောက်ဆက်တွဲ ဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် ထိုကဲ့သို့တွေ့ဆုံဆွေးနွေးနိုင်ရန် အခွင့်အလမ်းများ ရှိနိုင်ကြောင်း ဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံပွဲကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံနှင့် အိမ်ရှင်အဖြစ် ထိုင်းနိုင်ငံတို့က စီစဉ် ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်နေသည်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက မြန်မာ့နိုင်ငံရေး အလားအလာနှင့် တိုးတက်မှုအခြေ အနေများကို မျှဝေခဲ့ပြီး လာမည့်နှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း လူဦးရေသန်းခေါင်စာရင်း ကောက်ခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့် ရွေးကောက်ပွဲအတွက် အိမ်နီးချင်းနိုင်ငံများကဲ့သို့ ပြည်ပမှ လေ့လာသူများ ဖိတ်ခေါ်ကြောင်း ပြောခဲ့သည်။
ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရန် တွေ့ဆုံဆွေးနွေးရေး တံခါးဖွင့်ထားသည်ဟုလည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပွဲတွင် ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာက ဖမ်းဆီးထားသော ထိုင်းငါးဖမ်းသမား ၄ ဦးကိစ္စ အပါအဝင် နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်မှုတို့အတွက် အရေးပါသော အာရှလမ်းမကြီးကို ပြန်ဖွင့်ရန် မြန်မာနှင့် ဆွေးနွေးခဲ့သလို အိန္ဒိယနှင့်လည်း ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။
ယခုနှစ် အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးတွင် ထိုင်းနိုင်ငံ သည် မြန်မာနိုင်ငံအတွက် “ကူညီရန်အဆင်သင့်ဖြစ်သည်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောခဲ့ကာ အလွတ်သဘောအစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ကမ်းလှမ်းခဲ့အပြီး ယခု အစည်းအဝေး အကောင်အထည်ပေါ် လာခြင်းဖြစ်သည်။
ယင်းမတိုင်မီ ဇူလိုင်လတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်ကျင်းပသည့် ဘင်းစတက်အစည်းအဝေး အတွင်း ထိုင်း၊ အိန္ဒိယနှင့် မြန်မာတို့အကြား အလွတ်သဘော ညှိနှိုင်းဆွေးနွေးခဲ့သလို သြဂုတ်လက ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ပြုလုပ်သည့် မဲခေါင်-လန်ချန်းအစည်းအဝေးတွင် ထိုင်း၊ တရုတ်၊ မြန်မာနှင့် လာအိုနိုင်ငံတို့အကြား အလွတ်သဘော ညှိနှိုင်းဆွေးနွေးခဲ့ကြသေးသည်။
ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် အလွတ်သဘောဆွေးနွေးပွဲများနှင့်ပတ်သက်၍ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဓိကကတော့ နယ်စပ်ရေးရာကိစ္စတွေ၊ နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ နယ်စပ်တည်ငြိမ်ရေး၊ နယ်စပ်ဒေသဖြတ်ကျော်မှုခင်း များ ပူးပေါင်းတိုက်ဖျက်နိုင်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ပြောထားသည်။
“ဝ” တပ် ( UWSA) နှင့် ထိုင်းစစ်တပ်တို့ တပ်များနောက်ဆုတ်ပေးရေး ကိစ္စနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ ကြား ဖွဲ့စည်းထားသော နယ်ခြားကော်မတီအဆင့်ဆင့် အစည်းအဝေးများမှတဆင့် ဖြေရှင်းသွားမည် ဟု ၎င်းက ပြောထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးရာအကြံပေး Md Touhid Hossain ကလည်း ရိုဟင်ဂျာအရေး၊ နယ်စပ် အခြေအနေများ ဆွေးနွေးသွားမည်ဟု ဒေသတွင်းသတင်းဌာနများကို ပြောထားသည်။
“ဒီဆွေးနွေးပွဲဟာ တရားဝင် ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ အနည်းငယ် ကွဲပြားပါလိမ့်မယ်။ အဓိက ခေါင်း စဉ် ၃ ခု ဖြစ်တဲ့ နယ်စပ်၊ ရာဇ၀တ်မှုနဲ့ မြန်မာနိုင်ငံအခြေအနေတွေ ဖြစ်ပါတယ်” ဟု ဒါကာမှ မထွက်ခွာမီ Touhid က ပြောခဲ့သည်ဟု BSS News တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်အနေဖြင့် နိုင်ငံအတွင်း လက်ရှိ ခိုလှုံနေသော ရိုဟင်ဂျာ ၁ ဒသမ ၃ သန်း၏ လုံခြုံရေးနှင့် အခွင့်အရေးများဖြစ်ပြီး ၎င်းတို့၏ နေရပ်သို့ လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေး ဖြစ်သည်ဟု ဆိုသည်။
“ဒါဟာ နေ့ချင်းညချင်း ဖြေရှင်းလို့ရတဲ့ ပြဿနာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်၊ ဒါပေမယ့် လက်တွေ့ကျတဲ့ အဖြေတစ်ခုတော့ လိုအပ်ပါတယ်”
လက်ရှိတွင် ရခိုင်ပြည်နယ်၏ အစိတ်အပိုင်းအများအပြားသည် ဘင်္ဂလားဒေ့ရှ် နယ်စပ် ကီလိုမီတာ ၃၀၀ နီးပါးရှိ ဒေသများ အပါအဝင် အာရက္ခတပ်တော် (AA) ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီးမြို့တော် စစ်တွေကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားသည်ဟု အဆိုပါသတင်းဌာနက ဖော်ပြထား သည်။
မကြာသေးမီလများအတွင်း ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများပြင်းထန်လာမှုကြောင့် ရိုဟင်ဂျာ ၈၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထား ကြသည်။