သတင်း

AA ထိုးစစ်ကြောင့် ဧရာဝတီတိုင်းတွင် စစ်ငွေ့သမ်းလာ 

AA သည် တစ်ပြည်နယ်လုံး သိမ်းမည်ဟု ကြွေးကြော်ထားရာ တောင်ဘက်ဆုံးတွင် ဂွမြို့နယ်သာ ကျန် တော့၍ ကပ်လျက် ဧရာဝတီတိုင်းတွင် စစ်ငွေ့သမ်းလာသည်။

ရခိုင်ပြည်နယ်တောင်ဘက်အစွန် ဂွမြို့နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်းတွင် တော်လှန်ရေးတပ်များ ရောက်နေသည်ဟု သတင်းထွက်နေပြီး စစ်ကောင်စီက အစစ်အဆေးတင်းကျပ်နေကြောင်း ဒေသ ခံများ ထံက သိရသည်။

သံတွဲခရိုင်၊ ဂွမြို့နယ်တွင် သြဂုတ် ၁၀ ရက်၌ တိုက်ပွဲများ စတင် ဖြစ်ပွားနေကာ အာရက္ခတပ်တော် (AA) ၏ ထိုးစစ်သည် ဧရာဝတီတိုင်းဘက်အထိ ခြိမ်းခြောက်မှုများ ရှိလာသည်။ 

ဂွမြို့အထက်ဘက် သံတွဲနှင့်တောင်ကုတ်သည် AA  လက်အောက် ကျရောက်သွားပြီဖြစ်ရာ တော်လှန်ရေးအဖွဲ့များ ဒေသထဲ ရောက်နေကြပြီဟု ကြားသိရ၍ ညအချိန် လူနေတိတ်ဆိတ်နေကြကြောင်း ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ခုက စစ်မှုထမ်းရော၊ တော်လှန်ရေးအဖွဲ့တွေ ရောက်နေတဲ့သတင်းတွေကြားတော့ တချို့ (ဒေသခံ) တွေ နယ်ပြောင်းကြတာတွေရှိတယ်။ ရန်ကုန်၊ နေပြည်တော်မှာရှိတဲ့ သားသမီးတွေဆီ သွားနေကြတာ၊ ခု မြို့မှာက ညပိုင်း ၆ နာရီ ၇ နာရီလောက်ဆို တိတ်ဆိတ်နေရောပဲ” ဟု ၎င်းက ဆိုသည်။

ဟင်္သာတမြို့ထဲတွင်  ထောက်လှမ်းရေးများက အရပ်သားအသွင်ယူ လှုပ်ရှားနေသလို လက်နက်ကိုင် စစ်သားများနှင့် ပြည်သူ့စစ်အချို့ကိုလည်း ယခုရက်ပိုင်း တွေ့မြင်လာရကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ပုသိမ်မြို့ပေါ်တွင်  စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ  ပုံမှန်ထက် ပိုများလာသည်၊  ကျေးရွာတချို့တွင် ရခိုင်စစ်ဘေးရှောင်များကို နေထိုင်ခွင့် ငြင်းပယ်ခံရသည်ဟု  အသက် ၄၀ ကျော် ပုသိမ် မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

ဂွမြို့ မြောက်ဘက်တွင် သံတွဲမြို့၊ အရှေ့ဘက်တွင် ဧရာဝတီတိုင်း အင်္ဂပူ၊ ရေကြည်၊ လေးမျက်နှာ မြို့နယ်များ ၊ တောင်ဘက်တွင် သာပေါင်းမြို့နယ်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်ရှိကာ မော်တင်စွန်းကို ကွေ့၍ ငဝန်မြစ်အတိုင်း ဆန်တက်လျှင် ပုသိမ်မြို့သို့ ရောက်ရှိသည်။  

ထို့ပြင် ဂွမြို့နယ်သည် သံတွဲ-ဂွ- ငါးသိုင်းချောင်း- ရန်ကုန် အဝေးပြေးလမ်းပေါ် တည်ရှိပြီး လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်သလို နယ်မြေကူးလူးသွားလာမှုများ ရှိသဖြင့် စစ်ကောင်စီက တင်းကျပ်နေခြင်းဖြစ်သည်။

ငါးသိုင်းချောင်းမြို့တွင် စစ်ကောင်စီတပ်က ရဲစခန်းကို မြို့တွင်းရွှေ့လိုက်သလို ဆေးရုံရှိ လူနာများအား လုံးကို ဆင်းခိုင်းကာ အကာအကွယ်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်နေသည်ဟု ကြားသိရကြောင်း ပုသိမ်ဒေသခံ နောက်တစ်ဦးက ပြောသည်။ 

နယ်မြေထိစပ်နေသော ဧရာဝတီတိုင်းရှိ ဒေသတချို့သည် AA ၏ နိုဗာ (၃ ) စစ်ဒေသအတွင်း ပါဝင်နေသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)  တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲက ဧရာဝတီတိုင်းကို အခြေပြုသော တိုင်းစစ်ဌာန(ဧရာဝတီ)ကို အဆင့်ဆင့် ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်က ကြေညာခဲ့သည်။

PDF တပ်များ၏  မြစ်ဝကျွန်းပေါ်ဒေသ စစ်ရေးအခြေအနေကို မသိရှိရသေးသော်လည်း ဧရာဝတီတိုင်း အတွင်း ထိုးဖောက်နိုင်ရန် မဟာမိတ် (EROs) များနှင့် ပူးပေါင်း၍ ကြိုးစားတိုက်ပွဲဝင်လျက်ရှိကြောင်း  ထို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PDF တိုင်းစစ်ဌာန(ဧရာဝတီ)ကို အဆင့်ဆင့် ဖွဲ့စည်းပြီးဖြစ်ကြောင်း ကြေညာချက်။

ဧရာဝတီတိုင်းအတွင်း မြို့ပြပြောက်ကျားအဖွဲ့များသာ လှုပ်ရှားပြီး တိုက်ပွဲကြီးကြီးမားမား မရှိပေ။ 

ရခိုင်တပ် AA ၏ထိုးစစ် ဧရာဝတီတိုင်းထဲရောက်မလာနိုင်ရန်အတွက် စစ်ကောင်စီသည် အောက်တိုဘာလ တတိယပတ်တည်းက တိုင်း ၂ ခုအစပ် ရခိုင်ရိုးမတောင်ခြေကျေးရွာများမှ အရပ်သားများကို ခြိမ်းခြောက် ကာ မောင်းထုတ်ပြီး ကြိုတင်စစ်ရေးပြင်ထားသည်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ကျေးရွာ ၂၀ ခန့် နှင့် ဂွမြို့နယ်ရှိ ရွာတချို့အပါအဝင် စုစုပေါင်း အိမ်ခြေ ၃၀၀ ကျော်ခန့်ကို ပြောင်းရွှေ့ခိုင်းခဲ့သည်။

စစ်ကောင်စီသည် ဧရာဝတီတိုင်းဘက်သို့ လာရောက်သည့် ဂွစစ်ရှောင်များကိုလည်း မှတ်ပုံတင်အပါအဝင် အထောက်အထား ပြည့်စုံမှသာ ဖြတ်သန်းခွင့်ပြုပြီး အထောက်အထားမပြည့်စုံပါက ငွေညှစ်တောင်းခံလေ့ ရှိကြသည်။

ဧရာဝတီတိုင်းသို့ ရောက်ရှိပါကလည်း ဧည့်စာရင်း မတိုင်ကြားပါက အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကိုလည်း ကြုံတွေ့ကြရသေးသည်ဟု ဆိုကြသည်။

ရခိုင်ဒေသခံတို့၏ နိုင်ငံသားစိစစ်ရေးကတ်တွင် ဒေသအမှတ်အသား  နံပါတ် ၁၁/ ပါဝင်နေသဖြင့် ပိုမို စစ်ဆေးခံနေရသည်ဟု   ရန်ကုန်တွင် စစ်ဘေးရှောင်နေသည့် ရခိုင်ဒေသခံ အသက် ၃၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“ခု ၁၁/ တွေက ဘယ်နယ်ရောက်ရောက် ပစ်မှတ်ထား အစစ်ခံနေရတာ။ လူငယ်တွေဆိုရင် တစ်ခုခု (အ ထောက်အထား) လိုတာနဲ့ တန်းဖမ်းခံနေရတာ၊ ခု စစ်ရှောင်တွေဆိုရင် စစ်တပ်ရဲ့ ဖိအားပေး ခြိမ်းခြောက် တာကို ကျိန်းသေခံကြရမှာ” ဟု ထိုအမျိုးသမီးက ပြောသည်။

ဂွနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ဧရာဝတီတိုင်းအတွင်းရှိ  ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ သာပေါင်းမြို့တို့တွင် ဂွဒေသခံ စစ်ဘေးရှောင်အများပြား ခိုလှုံနေကြသည်။

ဒီဇင်ဘာ ၁၈ ရက် ဂွတိုက်ပွဲတွင် အလောင်း၊ လက်နက်ခဲယမ်းအမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း AA က ထုတ်ပြန်ထားသည်။

စစ်တပ်က သတင်းထုတ်ပြန်ချက်များစွာ ထုတ်ပြန်နေသော်လည်း ထိုထုတ်ပြန်ချက်များတွင် တိုက်ပွဲများ အကြောင်း ဖော်ပြခြင်း မရှိပေ။

တိုက်ပွဲ ပြင်းထန်နေသည့်ဂွမြို့နယ်ဘက်တွင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံထားရသည့်အတွက် ဂွမြို့ထဲတွင် ပိတ်မိနေသည့် ဒေသခံများနှင့်လည်း အဆက်သွယ် မရရှိကြပေ။

AA တပ်ဖွဲ့ဝင်များကို ကချင်ပြည်နယ်တစ်နေရာတွင် ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ကျလုနီးပါး အမ်းအခြေအနေ

အမ်းမြို့အခြေစိုက် အနောက်ပိုင်းစစ်ဌာနချုပ်(နပခ)ကို အပြီးသတ်သိမ်းပိုက်ရန် နေရာ အနည်းငယ်သာ ကျန်တော့ပြီး ကျလုနီးပါးဖြစ်နေကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုင်းစစ်ရုံးထဲတွင်ရှိနေသော အင်အားရာနှင့်ချီရှိသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အသည်း အသန်ခုခံကာကွယ်နေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း ရခိုင်ရိုးမတောင်တန်းဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒီဇင်ဘာ ၁၈ ရက် AA ထုတ်ပြန်ချက်တွင် ပါရှိသည်။

နပခ တိုင်းစစ်ဌာနချုပ်သိမ်းပိုက်ရာတွင် မြေပြင်တိုက်ပွဲထက် စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် တိုက်ပွဲမှာ ပိုမိုပြင်းထန်နေရခြင်းဖြစ်ကြောင်း AA ဘက်က ဆိုသည်။

အလားတူ နပခ တိုင်းစစ်ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲမှုများရှိသောကြောင့်  စစ်ကောင်စီတပ်ဖွဲ့ဝင် များ သေဆုံးဒဏ်ရာရကြသလို လက်နက်ချသော စစ်ကောင်စီတပ်သားများလည်း ရှိသည်ဟု သိရသည်။

AA က စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို “ စောစောအလံဖြူထောင်လျှင် စောစောအသက်ရှင် ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်” ဟု ဖိတ်ခေါ်ထားပြီး လက်နက်ချ အညံ့ခံသူတိုင်း၏ အသက်ကို အာမခံကြောင်း ဆိုသည်။

တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့အများအပြားအခြေစိုက်ထားသည့် အမ်းမြို့ကို ယခုနှစ် စက်တင်ဘာလကုန်ကတည်းက AAစတင်တိုက်ခိုက်ခဲ့ပြီး ယခု နပခ ဌာနချုပ်စခန်းကြီးသာ ကျန်သည်။

ရခိုင်တွင် အမ်းမြို့နယ် အခြေစိုက်  နပခ ကျဆုံးသွားပါက တရုတ်စီမံကိန်းများရှိသော ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအခြေစိုက်သော ပြည်နယ်မြို့တော် စစ်တွေသာ ကျန်တော့သည်။

လက်ရှိတွင် ရခိုင် ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့၊ တောင်ကုတ် စသည့်  ၁၂မြို့တို့ အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့ကို AA က သိမ်းပိုက်ထားသည်။  

AA သည် တစ်ပြည်နယ်လုံး သိမ်းမည်ဟု ကြွေးကြော်ထားရာ တောင်ဘက်ဆုံးတွင် ဂွမြို့နယ်သာ ကျန် တော့၍ ကပ်လျက် ဧရာဝတီတိုင်းတွင် စစ်ငွေ့သမ်းလာသည်။

မီးလောင်ပျက်စီးနေသော နပခ ဌာနချုပ်အဆောက်အဦ။ (ဓာတ်ပုံ- AA ရုပ်သံမှ)

Show More

Related Articles

Back to top button