သတင်း

ဗန်းမော်တွင် တိုက်ပွဲ ၂ ရက် အရှိန်လျော့ကျပြီးနောက် ပြန်လည် ပြင်းထန်

စစ်စခန်းအများအပြားရှိသည့် ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်နေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း လေတပ် အားပြုပြီး အပြင်းအထန် ခုခံနေသည်ဟု သိရသည်။

ကချင်ပြည်နယ်တောင်ပိုင်း တရုတ်−မြန်မာနယ်စပ်အနီးရှိ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက  ယနေ့ (ဒီဇင်ဘာ ၁၆) နံနက်တွင် ထိုးစစ် အရှိန် တင်လိုက်ပြီး  စစ်ကောင်စီကလည်း လေတပ်အားပြုပြီး ခံစစ်ဆင်နေသည်ဟု သိရသည်။

ဒီဇင်ဘာ ၄ ရက်က စတင်သည့် ဗန်းမော်တိုက်ပွဲသည်  ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ခေတ္တရပ်တန့်သွားခဲ့ပြီး ယနေ့ ပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်ဟု ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တော်တော်လေး ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးသံတွေရော၊ လေယာဉ်တွေနဲ့ရော ချသွားတယ်။ မနက် ၇ နာရီခွဲကျော်လောက်က စဖြစ်ပြီး တဖြည်းဖြည်းပြင်းလာတာ။ ၉ နာရီကျော်လောက်မှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)အခြေစိုက်ရာ ဗန်းမော်တွင်  ခလရ(၂၃၆)၊ ခလရ(၄၇)၊ အမှတ် 

 (၃၃၆) နှင့် (၃၀၄) အမြောက်တပ်များ၊   အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်နှင့် အခြား လက်ရုံးတပ်ရင်း ၅ ရင်းခန့် ရှိသည့် တပ်မြို့ဖြစ်သည်။

အဆိုပါ တပ်စခန်းများကို KIA, အာရက္ခတပ်တော်(AA)နှင့် KPDF ပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံထားရမှုကြောင့် စခန်းသိမ်းတိုက်ပွဲများ၏ အခြေအနေကို အသေးစိတ်မသိရသေးပေ။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ ဗန်းမော်မြို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ကို အတည်ပြုသည်။

“တိုက်ပွဲကတော့ ဆက်ဖြစ်ပါတယ်။ နေ့တိုင်းလိုလိုဖြစ်ပါတယ်၊ စခန်းသိမ်းတာတွေကတော့ မရှိဘူး”

ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တချို့ KIA တပ်ဖွဲ့တွေကတော့ မြို့တွင်းမှာလည်း ရောက်နေတဲ့ ရပ်ကွက်တွေတော့ရှိပါတယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်တာကတော့ မြို့ပတ်ဝန်းကျင်ပေါ့၊ မြို့တွင်းမှာကတော့ အဲဒီလောက်ကြီး တိုက်ပွဲကတော့ မကြီးပါဘူး”

မြို့တွင်းရှိ ဒေသခံတို့မှာ နီးစပ်ရာ မြို့များနှင့် အခြားမြို့ကြီးများသို့ တိမ်းရှောင်သွားကြပြီး မြို့ခံလူဦးရေ၏ရာခိုင်နှုန်းအနည်းစုကသာ မြို့တွင်း၌  ကျန်ရစ်နေခဲ့ကြသည်ဟုလည်း သိရသည်။

မြစ်ကိုဖြတ်ကူးကာ တိမ်းရှောင်လာကြသော ဗန်းမော်ဒေသခံများကို ဒီဇင်ဘာ ၆ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-AFP)

ဒီဇင်ဘာ ၁၄ ရက်နေ့အထိ မြို့ထဲသို့ ဒေသခံများဝင်ရောက်၍ ရသည်ဟု သိရသည်။

“မြို့က အထွက်ပဲရတယ်၊ အဝင်မရဘူး။ တော်လှန်ရေးဘက်က လူတွေကို အန္တရာယ်ရှိလို့ မဝင်ခိုင်းတော့ဘူး။ လာမယ့်၃-၄ ရက်အတွင်း ပြင်းထန်နိုင်မယ့် အနေအထားရှိတယ်၊  လေယာဉ်ကလည်း တအားကြဲတော့လေ” ဟု အထက်ပါ ဗန်းမော်ဒေသခံ အမျိုးသားက ပြောသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့တွင် မြို့တွင်းသို့ ဝင်ရောက်နိုင်ခဲ့သည့် သူ၏ အဆိုအရ မြို့တွင်း၌ ဒေသခံတချို့ သွားလာနေသည်၊  ရဲစခန်းကို KIA တပ်များက မတိုက်ခိုက်သေးသောကြောင့် စစ်ကောင်စီတပ်ကပင် ဆက်လက်ထိန်းချုပ်ထားသည်ဟု သိရသည်။

“လက်ရှိက (စခန်း)နှစ်နေရာပဲကျန်မယ်။ စကခ-၂၁ နဲ့ ခြေလျင်တပ်ရင်း ခလရ ၄၇ တပ် တစ်စိတ်တစ်ပိုင်းပဲကျန်မယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

“၁၃ရက်နေ့ညက ထင်တယ်၊ သူတို့အပြင်းအထန်ခုခံလိုက်ရတယ်။ လေယာဉ်နဲ့ တစ်ညလုံးခုခံလိုက်လို့ (ခလရ)၄၇ က ကျခံလုနီးနီး ဖြစ်သွားတယ်။ အဲနေ့ညကဆိုရင် တစ်မြို့လုံးကို ဆူညံနေတာပဲ” 

လေကြောင်းတိုက်ခိုက်မှုများကြောင့် ဗန်းမော်မြို့ပေါ်ရှိ ရပ်ကွက်အချို့ ပျက်စီးသည်၊ ကုက္ကိုလ်တောရပ်ကွက်ရှိ အမှတ် (၂) အထက်တန်းကျောင်းပျက်စီးခဲ့သလို သီရိရတနာဈေးအနီးရှိ ဈေးဆိုင်ခန်းများနှင့် နေအိမ်အချို့မီးလောင်သည်၊  ခလရ(၄၇)တပ်နားရှိ ခိုကျင်ရွာမှ အရပ်သားအချို့လည်း သေဆုံးခဲ့သည်ဟု သိရသည်။ သေဆုံးသူ အရေအတွက် မသိရသေးပေ။

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ယခုနှစ်နှစ်ဆန်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်းမြို့သိမ်းစစ်ဆင်ရေးများကို အရှိန်မြှင့်လာခဲ့သည်။

ဗန်းမော်မြို့နှင့် အပြိုင် မံစီမြို့အနီးရှိ စစ်ကောင်စီတပ်၏ တပ်ရင်းနှစ်ခုကိုလည်း KIA နှင့် ပူးပေါင်းတပ်များကဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

ဗန်းမော်မြို့နှင့် မံစီမြို့သိမ်း တိုက်ပွဲများ ပြင်းထန်နေစဉ် ကချင်ပြည်နယ်အထက်ပိုင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ခေါင်လန်ဖူးမြို့နယ်တွင်လည်း KIA ၏ ထိုးစစ် ရှိနေသည်။

ထိုမြို့ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို ယမန်နေ့ညနေတွင် သိမ်းပိုက်နိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

စစ်တပ်က နိုင်ငံအနှံ့ ထိုးစစ်ဆင်ခံရမှုများကို သတင်းအမှောင်ချထားသည်။

ယခုနှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button