စီးပွားရေးသတင်း

မြန်မာ့စီးပွားရေးထပ်မံကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း 

ပဋိပက္ခ၊ သဘာ၀ဘေး၊ ကုန်ပစ္စည်း ရှားပါးမှုတို့ကြောင့် ပျက်စီးနေသည့် မြန်မာနိုင်ငံသည် လာမည့် မတ်လတွင် စီးပွားရေးနောက်ပြန်ဆုတ် ဖြစ်လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှု၊ သဘာ၀ဘေးအန္တရာယ်များ ကျရောက်မှု၊ အခြေခံကုန်စည်ရှားပါး မှုတို့ကြောင့် ကြီးမားသည့် သက်ရောက်မှုများ ကြုံတွေ့နေရသော မြန်မာ့စီးပွားရေးသည် လာမည့် မတ်လ၌ အနုတ် ၁ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်၏ ဒီဇင်ဘာ ၁၁ ရက်ထုတ် မြန်မာ့စီးပွားရေးစောင့်ကြည့်အစီအရင်ခံစာက ဆိုသည်။ 

ယခု စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်သည် ယခင် ၆ လက မျှော်မှန်းထားသည်ထက်ကိုပင် ဆိုးရွားနေသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။ 

ကုန်ကြမ်းပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ပြည်တွင်းဝယ်လို အား ကျဆင်းမှုကြောင့် စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေး နှင့် ဝန်ဆောင်မှု ကဏ္ဍအသီးသီးတို့သည် တိုးတက်မှုမရှိဘဲ ဆက်လက်ကျဆင်းနေမည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ 

မြို့နယ်စုစုပေါင်း ၃၃၀ ၏ ထက်ဝက်ခန့်သည် တိုက်ပွဲ နှင့် ပဋိပက္ခများ ကြုံတွေ့နေရပြီး ထိုအချက်သည် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် နှင့် နယ်စပ်ကုန်သွယ်ရေး အပေါ် အကျိုး သက်ရောက်မှုကြီးမားနေသည်။ 

ထိုအခြေအနေက မြန်မာ့မက်ခရိုစီးပွားရေး မတည်မငြိမ်ဖြစ်မှုကို ဆက်လက်ဖြစ်စေမည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ 

ထို့သို့သော မြန်မာ့စီးပွားရေး အကျပ်အတည်း၊ အခက်အခဲများကြားတွင် ထိခိုက်အလွယ်ဆုံး အခြေခံလူ တန်းစား အိမ်ထောင်စုများသည် ကုန်စျေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးခြင်း ဒဏ်တို့ကို ခါးစည်းခံနေရသည်ဟု ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာလင်ဒါ ဂွတ်ဒ်က ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ 

မြို့နယ်ပေါင်း ၁၂၉ မြို့နယ်တွင် နေထိုင်သည့် ပြည်သူ ၂.၄ သန်းကျော် ထိခိုက်ခဲ့သော ရာဂီ မုန်တိုင်း နှင့် မုတ်သုန်မိုး သည်းထန်စွာရွာသွန်းမှုတို့ကြောင့်လည်း အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ ရပြီး ကုန်ပစ္စည်း ထုတ်လုပ်နိုင်မှုများ ရပ်ဆိုင်းခဲ့ရသည်။

“ မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် မှာ လတ်တလော ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ သဘာ၀ဘေးအန္တရာယ် တွေနဲ့ ပဋိပက္ခ အခြေအနေတွေက ကြီးကြီးမားမား သက်ရောက်မှုဖြစ်ခဲ့တာကြောင့် ထိခိုက်လွယ်မှု အရှိဆုံး ဖြစ်တဲ့ ပြည်သူတွေရဲ့ ဘ၀တွေ နဲ့  အလုပ်အကိုင်တွေ ပြန်လည်ထူထောင်ပေးဖို့ လုပ်ငန်းတွေကို အရေး တစ်ကြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု မာလင်ဒါ ဂွတ်ဒ်က ဆက်ပြောသည်။ 

ပြည်တွင်းပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည့် ပြည်သူပေါင်း ၁.၅ သန်းရှိသည်ဟု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းခဲ့ရာ ယခုအခါ ၃.၅ သန်းကျော်အထိ မြင့်တက်လာခဲ့သည်။ ထိုလူဦးရေပမာဏာသည် မြန်မာနိုင်ငံလူဦးရေ၏ ၆ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ 

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းတွက်ချက်မှုအရ အနုတ် ၁ ရာခိုင်နှုန်း ဟု ဆိုသော်လည်း အမှန်တကယ်တွင် မှောင်ခိုစီးပွားရေးပုံစံရောက်နေပြီဟု စီးပွားရေးပညာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

“နယ်စပ်​ဒေသတော်တော်များများမှာ တရားဝင်လမ်းကြောင်းကနေ ကုန်သွယ်ရေးက သွားတာမရှိ တော့ ဘူး။ တရားဝင်လမ်းကြောင်းကနေ သွားတာမရှိတော့တဲ့အတွက် မြန်မာ့စီးပွားရေးဟာ ရပ်တန့်နေသလား ဆိုရင် မရပ်တန့်နေဘူး။ သက်ဆိုင်ရာနယ်မြေက လက်နက်ကိုင်အဖွဲ့တွေကို အခွန်ပေးပြီး သွားနေတာ ” ဟု သူက ဆိုသည်။ 

ကမ္ဘာ့ဘဏ်က အခြေပြုယူသော မက်ခရိုစီးပွားရေးအချက်အလက်များအရ မြန်မာ့စီးပွားရေးသည် ကျဆင်းသည်မှာ မှန်ကန်သော်လည်း တရားဝင်အတည်ပြုထားခြင်းမရှိသည့် လမ်းကြောင်းများမှ ကုန်သွယ်ရေးများသည် ဆက်လက်ရှိနေပြီး ထပ်ဆောင်းကုန်ကျစရိတ်များကြောင့် စီးပွားရေးကို ထိခိုက်စေခြင်းဖြစ်သည်ဟု သူက ဆိုသည်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ စီးပွားရေးဆိုင်ရာကိန်းဂဏန်းအချက်အလက်များသည် ပွင့်လင်းမြင်သာမှုမရှိတော့သလို မြေပြင်ပကတိအခြေအနေများ နှင့် ကွဲလွဲမှုများစွာရှိနေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က ဝန်ခံပြောထားသည်။ 

စစ်ကောင်စီလက်ထက် ယခုနှစ်ဘဏ္ဍာနှစ် (၂၀၂၄ ဧပြီမှ ၂၀၂၅မတ်)တွင် ကုန်စျေးနှုန်းမြင့်တက်စေသော ငွေကြေးဖောင်းပွနှုန်းများသည် ၂၆ ရာခိုင်နှုန်းအထိမြင့်တက်လာပြီး လာမည့်နှစ်တွင် ၃၀ ရာခိုင်နှုန်း အထိ ဆက်လက်မြင့်တက်နိုင်သည် ဟု ကမ္ဘာ့ဘဏ်၏ အစီအရင်ခံစာက သတိပေးထားသည်။ 

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင်မူ ၉.၁ ရာခိုင်နှုန်းသာရှိသည်။ 

ထို့အပြင် စစ်ကောင်စီလက်ထက် ဘတ်ဂျက်လိုငွေကြီးမားလာနေပြီး ဘဏ္ဍာငွေဖြည့်တင်းရန်အတွက် ပြည်တွင်းဘဏ်လုပ်ငန်းများနှင့် အာမခံလုပ်ငန်းများကို ထုတ်ရောင်းထားသော ငွေတိုက်စာချုပ်၊ ငွေချေးစာချုပ် ကြွေးမြီ ပမာဏသည်လည်း နိုင်ငံ၏ စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုး (GDP) ၏ ၆၂ ရာခိုင်နှုန်းအထိ မြင့်တက်နေသည် ဟု ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။  

၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင်မူ ထိုကြွေးမြီးပမာဏာသည် ၄၂ ရာခိုင်နှုန်းကျော်သာရှိသည်။

တိုင်းပြည်အတွင်း ပဋိပက္ခများ ကျယ်ပြန့်လာမှု၊ စီးပွားရေးမတည်ငြိမ်မှု နှင့် အလုပ်အကိုင်ရှားပါးမှုတို့ ကြောင့် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူ ပိုမို များပြားလာပြီး မြန်မာနိုင်ငံမှ အိမ်ထောင်စု များ၏ ၇.၅ ရာခိုင်နှုန်းသည် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မိသားစုဝင်တို့၏ ပြန်ပို့ငွေကို မှီခိုနေရသည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသေးသည်။

Show More

Related Articles

Back to top button