ဆောင်းပါး

CDM တွင် ပါဝင်သည့် ရဲအင်အားတိုးလာနေ

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလနယ်မြေရဲစခန်းမှ ရဲတပ်သား ၅ ဦးက စစ်ကောင်စီကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ယနေ့ ပူးပေါင်းပါ၀င်လိုက်သည်။ 

“အာဏာသိမ်းတဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် CDM မှာ ပါဝင်ခြင်း ဖြစ်ပါတယ်” ဟု ရဲတပ်သားတစ်ဦးက ပြောသည်။

ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက ဗွေဆော်ဦး စတင်လိုက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းအများအပြား ပါဝင်လာကြပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင် နယ်မြေအသီးသီးမှ ရဲတပ်ဖွဲ့ဝင်အများအပြား ပူးပေါင်းလာခြင်းဖြစ်သည်။

“ကျွန်တော်တို့တင်ထားတဲ့ အစိုးရလည်းမဟုတ်ဘူးလေ။ စစ်အာဏာရှင်လည်း မလိုလားဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့စုပြီးတော့ ပြန်ပြီးတော့ တွန်းလှန်မယ်။ ဒီစနစ်ကို မကြိုက်ဘူး အကုန်လုံးက။ အရင်တုန်းကလည်း တွေ့ကြုံပြီးသွားပြီ” ဟု CDM လှုပ်ရှားမှုတွင်ပါဝင်သည့် မန္တလေးတိုင်း ရဲစခန်းတစ်ခုမှ ဒုတပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကိုပြောသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် CDM လှုပ်ရှားမှုတွင်ပါဝင်လာချိန်မှာ နောက်ကျသည်ဟု ဝေဖန်ကြသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သောကြောင့် လုံခြုံရေးအခြေအနေအရ အချိန်ယူ ချင့်ချိန်နေရခြင်းဖြစ်ပြီး နေထိုင်ရန်နေရာနှင့် စားနပ်ရိက္ခာများအသင့်ပြင်ဆင်ပြီးမှ ပါဝင်ကြခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းသတင်းရဲတပ်ဖွဲ့မှ ယာယီရဲမှူး တင်မင်းထွန်းသည် ဖေဖော်ဝါရီ ၂၆ တွင် CDM တွင် ပါဝင်လိုက်ပြီးနောက် ဆက်တိုက်ဆိုသလိုပင် ဒုရဲမှူး၊ ရဲအုပ်၊ ဒုရဲအုပ်နှင့် အခြားအဆင့်ရဲတပ်ဖွဲ့ဝင်များ CDM တွင် ပိုမိုပါဝင်လာကြသည်။

လုပ်ငန်းခွင်တွင် ဆက်မနေဘဲ အာဏာဖီဆန်ရသည့် အကြောင်းရင်းကို ရဲမှူးတင်မင်းထွန်းက ရုပ်သံရိုက်ကူးထားရာ ရဲမှူး၏ ပွင့်ပွင့်လင်းလင်း ပြောဆိုထားချက်မှာ အွန်လိုင်းလူမှုကွန်ရက်တွင် လူကြိုက်များနေသည်။

သူ၏ ရာထူး၊ ပြောဆိုချက်တို့က အာဏာဖီဆန်သည့် ရဲအရေအတွက် တိုးလာခြင်းနှင့် ဆက်စပ်နေသည်။

ကယားပြည်နယ်တွင် ရဲအင်အား ၂၄၀ ရှိသည့်အထဲမှ ၆၀ သည် ဖေဖော်ဝါရီ ၁၃ ကတည်းက CDM တွင် ပါဝင်လာသည်။ ချင်းပြည်နယ်မှ ၄၅ ဦး၊ နေပြည်တော်နှင့် မန္တလေးမှ ၁၀၀ ကျော်၊ ပဲခူးတိုင်း၊ ပြည်ခရိုင်မှ ၁၂ ဦး ရှိကြောင်း Myanmar Now က အတည်ပြုနိုင်သည်။

သတင်းဖော်ပြချက်များတွင် မပါဝင်သေးသည့် ဖြစ်ရပ်များလည်း ရှိနိုင်သည်။

မတ်လ ၅ ရက်နေ့အထိ ပြည်တွင်းသတင်းဌာနများ၏ ဖော်ပြချက်များကို စုစည်းလိုက်လျှင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ကယား၊ မွန်၊ ကချင်၊ ချင်းနှင့် တနင်္သာရီ အစရှိသည့်ဒေသများမှ ရဲတပ်ဖွဲ့ဝင် ၂၀၀ ထက်မနည်းရှိနေပြီဖြစ်ကြောင်း တွေ့ရသည်။

ထိုကိန်းဂဏန်းမှာ ဆက်ပြီး တိုးလာဖွယ်ရှိသည်။

“အခုကြုံနေရတဲ့လုပ်ရပ်တွေက မတရားဖိနှိပ်သတ်ဖြတ်ပြီးတော့ အကြမ်းဖက်နေရတယ်ပေါ့။ ကျွန်တော်တို့ အယောင်ဆောင်ပြီးတော့ ရဲယူနီဖောင်းနဲ့ အယောင်ဆောင်ပြီးတော့ ပြည်သူတွေကို ရိုက်နှက်ပစ်ခတ်နေတာကို  မခံစားနိုင်ဘူး။ ကျွန်တော်လည်း ပြည်သူထဲက ပြည်သူတစ်ယောက်ပဲလေ ” ဟု ပြည်မြို့ရဲစခန်းမှ CDM ရဲတပ်သားတစ်ဦးက ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များသည် အခြားအစိုးရဝန်ထမ်းများနှင့်မတူဘဲ CDM တွင် ပါဝင်လိုက်သည်နှင့် ခွင့်မဲ့ပျက်ကွက်အဖြစ် သတ်မှတ်ကာ ရဲပြေးအဖြစ် ကြေညာခြင်းခံရမည်ဖြစ်သည့်အပြင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူခံရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၈၄,၀၀၀ ကျော်ရှိပြီး CDM တွင် ပါဝင်ချင်သော်လည်း ရဲတပ်ဖွဲ့ကပေးသည့် ဝန်ထမ်းလိုင်းခန်းများတွင် မှီခိုနေထိုင်ရပြီး မိသားစုဝင်များကို ထောက်ပံ့ပေးနေရသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရုန်းမထွက်နိုင်ဖြစ်နေကြရသည်ဟု ၎င်းက ထပ်မံပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လက်အောက်တွင် ရဲလေ့ကျင့်ရေးဌာနကြီး၊ ရဲထောက်ဌာန၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ၊ တိုင်းနှင့် ပြည်နယ်ရဲတပ်ဖွဲ့ စသည်ဖြင့် ရဲတပ်ဖွဲ့ဌာနပေါင်း ၂၀ ကျော်ရှိသည်။

ထိုဌာနများအနက် ပြည်သူလူထုနှင့် နေ့စဉ်ထိတွေ့နေရသည့် တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များသည် CDM တွင် ပူးပေါင်းပါဝင်မှုအများဆုံးဖြစ်သည်။

တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့များသည် မြို့ပြနှင့် တိုက်နယ်အဆင့်ကျေးရွာများတွင် အခြေစိုက်စခန်းများရှိပြီး မှုခင်းကြိုတင်ကာကွယ်ရေး၊ ပြစ်မှုများစုံစမ်းဖော်ထုတ်တရားစွဲတင်ရေး၊ အများပြည်သူလုံခြုံရေး၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးတို့ကို အဓိကတာဝန်ယူရခြင်းဖြစ်သည်။

အဓိကရုဏ်းနှိမ်နင်းရာတွင် အဓိကတာဝန်ရှိသည့် လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ ရဲတပ်ရင်းများမှတပ်ဖွဲ့ဝင်များသည် အာဏာဖီဆန်မှုတွင် ယနေ့အထိ ပါဝင်မှု မရှိသလောက် နည်းနေသည်။  

လုံထိန်းဟု အရပ်စကားဖြင့်ခေါ်ဝေါ်သည့် လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့လက်‌အောက်တွင် ရဲတပ်ရင်း ၁၆ ခု ရှိပြီး တပ်ရင်းရဲတပ်ဖွဲ့ဝင်များသည် အဓိကရုဏ်းနှိမ်နင်းရေးအပါအဝင် အရေးကြီးပုဂ္ဂိုလ်နှင့် သံတမန်များလုံခြုံရေး၊ အရေးကြီးအဆောက်အအုံများ၏ လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ရသည်။

လက်ရှိတွင် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံအနှံ့တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများကို လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှ ရဲများနှင့် စစ်တပ်က ပူးပေါင်းကာ အင်အားသုံးဖြိုခွင်းနေသည်။ ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် တစ်လကျော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြစ်မဲ့ပြည်သူ ၅၀ ကျော် သေဆုံးခဲ့ရပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့ပြီးဖြစ်သည်။

ဆန္ဒထုတ်‌ဖော်မှုများကို ဖြိုခွင်းရာတွင် စစ်တပ်အနေဖြင့် ရဲတပ်ဖွဲ့ကို ထိုးကျွေးနေပြီး လူသေစေနိုင်သည့် ဖြိုခွဲမှုကို ရဲဝတ်စုံဝတ်ဆင်ထားသည့် စစ်သားများက အဓိကလုပ်ဆောင်နေကြောင်း၊ စစ်အာဏာသိမ်းမှုကိုပင် ရဲတပ်ဖွဲ့ကို အမိန့်ပေးအသုံးချခဲ့ကြောင်း CDM တွင် ပါဝင်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များထဲမှ တချို့က လူသိရှင်ကြား ပြောနေကြသည်။

ဤပြောဆိုချက်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ မတိုင်မီ တစ်ရက်တွင် မန္တလေးတိုင်း ရဲတပ်ရင်း ၄ မှ ရဲတပ်ဖွဲ့ဝင်များကို လွှတ်တော်အသစ်ကျင်းပရာတွင် လုံခြုံရေးယူပေးရန်ဟုဆိုကာ မန္တလေးမြို့ပေါ်တွင် တာဝန်ပေးခဲ့သော်လည်း စစ်အာဏာသိမ်းမှုဖြစ်စဉ်တွင် အမိန့်ပေးခိုင်းစေခဲ့ကြောင်း CDM တွင် ပါဝင်နေသည့် ရဲတပ်ရင်း ၄ (ရွှေစာရံ)မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက RFA သတင်းဌာနကို ပြောဆိုခဲ့သည်။

“နန်းတွင်းတပ်ထဲကို ခေါ်သွားပြီးတော့ ဟိုကို ၂ နာရီလောက် ရောက်တယ်။ ကျွန်တော်တို့ဖုန်းတွေကို သိမ်းတယ်။ သိမ်းပြီးတော့ ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေကို လူစုတွေခွဲပေးလိုက်တယ်။ ၂ ယောက်စီ၊ သုံးယောက်စီခွဲပြီးတော့ သူတို့ရဲ့ ရဲဝတ်ရဲစားတွေဝတ်ထားတဲ့ စစ်ရဲတွေပေါ့။ သူတို့တွေနဲ့ပေါင်းပြီးတော့ အာဏာသိမ်းတဲ့ဖြစ်စဉ်တွေကို ကျွန်တော်တို့တွေမလုပ်ချင်ဘဲ ခိုင်းခဲ့တယ်ဗျ” ဟု ကိုယ်တိုင်ပါဝင်ခဲ့သည့် ၎င်းက ဆိုသည်။

မတ် ၄ က ရန်ကုန်မြို့ မြောက်ဥက္ကလာပတွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ၂၀ ထက်မနည်း သေဆုံးခဲ့ရခြင်းကြောင်း၊ ထိုဖြစ်စဉ်တွင် ပါဝင်သည့် ရဲတပ်ဖွဲ့များ၏ ဘဝနှင့် လူမှုအသိုင်းဝိုင်းသည်လည်း သွေးစွန်းခဲ့ပြီဖြစ်ကြောင်း ယာယီရဲမှူး တင်မင်းထွန်းက ဆိုသည်။

“လက်နက်ကြီးတကားကားနဲ့ သတ်ရဲတာ၊ ရိုက်ရဲတာ၊ အဲ့ဒါ သတ္တိလား။ မင်းတို့သွားပြီ။ မင်းတို့ပစ်တဲ့ ကျည်ဆန်တွေက ထိသွားတဲ့လူငယ်လေးတွေတင်မကဘူး၊ ပြည်သူတစ်ရပ်လုံးရဲ့ အသည်းထဲရင်ထဲကိုပါ ထိသွားပြီ။ မင်းတို့ ကောင်းကောင်းသတိထားကြပါ” ဟု ၎င်းက ပြောဆိုခဲ့သည်။

မတရားခိုင်းစေခံနေရသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လက်ရှိဖြစ်ရပ်များကို နောင်တရပြီး ပြည်သူများကမ်းလင့်သည့် CDM လှုပ်ရှားမှုတွင် အချိန်ရှိခိုက်ပူးပေါင်းကြရန် ၎င်းက တိုက်တွန်းသည်။

ချင်းပြည်နယ်မှ CDM ရဲ ၄၀ ကျော်သည် ချင်းလူမျိုးများဖြစ်ကာ ချင်းပြည်သူများကို နှိပ်ကွပ်လိုခြင်း မရှိသဖြင့် အာဏာဖီဆန်လာကြခြင်းဖြစ်ကြောင်း အကူအညီပေးနေသည့် အဖွဲ့တစ်ခုထံမှ သိရသည်။

“အဓိကကတော့ သူတို့က ချင်းလူမျိုးတွေကို ပြန်ပြီးတော့ နှိပ်စက်ရတာမျိုးကို မခံနိုင်တော့ဘူး။ အဲ့ဒါထက်စာရင် ထွက်ပြေးတာပဲကောင်းပါတယ်ဆိုပြီး ပြောကြတယ်။ ကျွန်တော်တို့ဘက်ကလည်း သူတို့လုံခြုံအောင်ဆိုပြီးတော့ နယ်စပ်ဘက်တွေထိ သွားပို့ပေးတာပါ” ဟု ၎င်းက Myanmar Now ကိုပြောသည်။

CDM ပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင်များကို အိန္ဒိယဘက်ကလည်း လုံခြုံရေးပေးမည်ဟု ပြောဆိုထားကြောင်း၊ ရဲတပ်ဖွဲ့ဝင်အများအပြားက အာဏာဖီဆန် ထွက်ခွာလိုသဖြင့် ဆက်သွယ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ချင်းတိုင်းရင်းသားတို့သည် နယ်စပ်မျဉ်း၏ နှစ်ဖက်လုံးတွင် နေထိုင်ကြခြင်းကြောင့် ဒေသခံရဲများ အိန္ဒိယဘက်တွင် ယာယီနေထိုင်ရေးမှာ များစွာခက်ခဲခြင်းမရှိဟု သိရသည်။

Show More

Related Articles

Back to top button