သတင်း

ဟားခါး – ထန်တလန်လမ်းပိုင်းကို ချင်းတပ်များသိမ်းပိုက် 

ချင်းပြည်နယ်မြို့တော်ဟားခါးနှင့် ထန်တလန်တို့ကိုဆက်သွယ်ထားသည့် လမ်းပိုင်းသည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရအရာရှိက အတည်ပြုသည်။

ချင်းပြည်နယ် မြို့တော် ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်စခန်း ၈ ခုလုံးကို  ယမန်နေ့ (ဒီဇင်ဘာ ၈)တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံက သိရသည်။ 

နိုဝင်ဘာ ၂၂ ရက်နေ့ကစပြီး ချင်းအမျိုးသားတပ်ဦးနှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့များက ထိုးစစ်ဆင်ရာ ယမန်နေ့က  နောက်ဆုံး သိမ်းပိုက်ရရှိသည့် စခန်းမှာ  အော်တိုတောင် စခန်းဖြစ်သည်၊  ထိုနယ်မြေဝန်းကျင်တွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီဖြစ်သည်ဟု ချင်းအမျိုးသား တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

ထိုးစစ်ကြောင့် စစ်ကောင်စီတပ် အထိနာသွားသည်ဟု ၎င်းကဆိုသည်။ 

“ စစ်သုံ့ပန်းကတော့ အယောက် ၂၀ ဖမ်းဆီးနိုင်ခဲ့တယ်။ လက်နက် ၆၀ကျော်၊ ၇၀ နီးပါးရရှိခဲ့တယ်။ ကျည်ဆန် နှစ်သောင်းကျော် ရရှိတယ်။ ထူးခြားချက်ကတော့ ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူး ၂ ဦး သူတို့ဘက်က ကျသွားတဲ့အပြင် သူတို့ဘက်က အရာရှိ ၄ ဦး ကျသွားတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ 

သုံ့ပန်းအများစုမှာ စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်သားသစ်အဖြစ်စုဆောင်း ခံရသူများဖြစ်သည်ဟု ၎င်းကဆိုသည်။ 

နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည် ယခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အသက်သွင်းကာ လူငယ်အများအပြားကို စစ်သင်တန်းကျောင်းသို့ အတင်းအကျပ် ပို့နေပြီး သင်တန်းဆင်း တပ်သား သစ်များကို ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်နေခြင်းဖြစ်သည်။ 

တိုက်ပွဲတွင်းရရှိသည့် စာအုပ်၊ အသုံးအဆောင်နှင့်စာရွက်စာတမ်းများအရ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အခြေစိုက် အမှတ် ၂၂၂ ခြေလျင်တပ်ရင်း တပ်ရင်းမှူးမှာ တိုက်ပွဲတွင်းသေဆုံးပြီး၊ တပ်တွင်းသတင်းများအရ ဟားခါးအခြေစိုက် အမှတ် ၂၆၆ ခြေလျင်တပ်ရင်း တပ်ရင်းမှူးမှာ ဆေးရုံတွင်သေဆုံးသည်ဟု သိရကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီလက်နက်ကိုင်တို့ ထိခိုက်မှုကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဟားခါး – ထန်တလန်လမ်းပေါ်ရှိ စခန်းများမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ခြေကုပ်ယူတပ် စွဲထားသည့်‌ စခန်းများဖြစ်ပြီး တပ်မ ၇၇ ၊ ခြေလျင်တပ်ရင်း ၂၂၂၊ တီးတိန်အခြေစိုက် အမှတ် ၂၆၉ ခြေလျင်တပ်ရင်း စသည့် တပ်ရင်းတပ်ဖွဲ့များမှ အင်အားများဖြင့် စုဖွဲ့ထားခြင်းဖြစ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ဗိုလ်ကြီးကောင်းသူဝင်းကပြောသည်။

သုံးနှစ်နီးပါး မြို့လုံးကျွတ်စစ်ဘေးရှောင်နေရပြီး မြို့ထက်ဝက်ကျော် ပြာကျပျက်စီးခဲ့ရသည့် ထန်တလန်မြို့

ချင်းတော်လှန်ရေးအင်အားစုက ထန်တလန်မြို့ကိုသိမ်းနိုင်ရေး ထိုးစစ်ဆင်နေစဉ်  စစ်တပ် က စစ်ကူအင်အားဖြည့်တင်းရန် အဓိကအသုံးပြုနေသည့်လမ်းကြောင်းဖြစ်သလို ပြည်နယ်မြို့ တော်ဟားခါးအတွက် ကာကင်းသဖွယ်ဖြစ်နေသည့်အတွက် အရေးပါသည့် နေရာဖြစ်သည်။ 

တော်လှန်ရေးအင်အားစုအတွက်လည်း အရေးပါသည်ဟု ဆလိုင်းထက်နီက ဆိုသည်။

“အဲ့ဒီစခန်းတွေမရှိဘူးဆိုရင် ကျွန်တော်တို့ဘက်ကနေ ဟားခါးဘက်ကို ဝင်ဖို့ ဗျူဟာအရ အင်မတန်မှ အရေးကြီးတဲ့နေရာ။ အဲ့ဒါ သူတို့ဘက်က တွက်ချက်မှု။ ငါတို့ဘက်ကလည်း ဟားခါးကနေ စစ်ကူတွေ လာပြီး ထန်တလန်မှာဖြည့်တင်းလာတာမျိုးဆိုရင်တော့ ရေရှည်မှာ ကျွန်တော်တို့အတွက်လည်း ဗျူဟာအရ အင်မတန်မှ အရေးကြီးတဲ့နေရာလို့ပြောလို့ရတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။ 

ဟားခါးမြို့နှင့် ၂၅ မိုင်ခန့်အကွာရှိ ထန်တလန်မြို့မှာ ၂၀၂၁ နှစ်ကုန်ပိုင်းကပင်  တိုက်ပွဲများကြောင့် မြို့လုံးကျွတ်စစ်ဘေးရှောင်ခဲ့ရပြီး နှစ်ဘက်တပ်များသာ မြို့တွင်း တပ်စွဲထားသည်။ ထန်တလန်မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေသည့် ချင်းတပ်များက    စခန်းအများစုကို သိမ်းပိုက်ထားသည်၊ စစ်တပ်ခြေကုပ်ယူထားသည့် နေရာ ၃ ခုသာကျန်ရှိသည်။ 

ဟားခါး – ထန်တလန်လမ်းလမ်းကြောင်းပေါ်ရှိ စခန်းများကို သိမ်းပိုက်နိုင်ခြင်းက အခြေချစစ်ဗျူဟာ တစ်ခုနှင့် အမှတ် ၂၆၆ ခြေလျင်တပ်ရင်း အခြေစိုက်ထားသည့် ပြည်နယ်အစိုးရရုံး စိုက်ရာ ဟားခါးမြို့ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်နိုင်ရေး ပိုမိုနီးစပ်သည့် အနေအထားမျိုး ဖြစ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ဗိုလ်ကြီးကောင်းသူဝင်းက မှတ်ချက်ပြု သည်။ 

“ဟားခါးကို ခြိမ်းခြောက်မှုတွေ၊ ဟားခါအတွက်က ပိုပြီးတော့ မလုံခြုံမှုတွေ၊ အထဲမှာရှိတဲ့ (စစ်ကောင်စီ)တွေအတွက် ပိုပြီးတော့ အနေကျဉ်းကျပ်လာတယ်ပေါ့။ (တော်လှန်ရေးတပ်ဖွဲ့တွေ) ဟားခါးကို ရရှိဖို့အတွက် အရင်ကထက်ပိုပြီးတော့ နီးစပ်လာတဲ့အနေထားမျိုးဖြစ်လာနိုင်ပါတယ်” ဟု ဗိုလ်ကြီးကောင်းသူဝင်းက ဆိုသည်။

ဗျူဟာအရအရေးပါသည့် လမ်းကြောင်းပေါ်ရှိ စခန်းကုန်းများလက်မလွှတ်ရရေးအတွက် စစ်တပ်က တိုက်ခိုက်ရေး ဂျက်ဖိုက်တာများ၊ သယ်ယူပို့ဆောင်ရေးလေယာဉ် Y 12တို့ကို အသုံးပြုပြီး လေကြောင်း မှ တိုက်ခိုက်သည့်အပြင် ဟားခါးမြို့ပေါ်ရှိ စစ်တပ်က ထန်တလန်မြို့နှင့် ဟားခါး – ထန်တလန်ကြား တိုက်ပွဲဖြစ်နေသည့် နေရာများကို အဝေးပစ်လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း ချင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။ 

ယမန်နေ့ကလည်း စစ်တပ် လက်လွှတ်လိုက်ရသည့်စခန်းနေရာများအပါအဝင် တော်လှန်ရေးအင်အား စုများရှိနိုင်သည်ဟု ယူဆသည့်နေရာများကို လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး ယနေ့ တွင် လေကြောင်းတိုက်ခိုက်မှု မတွေ့ရသေးကြောင်း ဆလိုင်းထက်နီကပြောသည်။

ချင်းအမျိုးသားတပ်မတော်နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့များ ဒီဇင်ဘာ ၈ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည့် အော်တိုတောင်ကုန်း (ဓါတ်ပုံ – ပေးပို့)

“(စစ်တပ်) အဓိကတော့ ဝေဟင်ကိုအင်မတန်မှ အားကိုးတဲ့အနေ အထားရှိတယ်။ လေယာဉ်သုံးလိုက်လို့ တိုက်ခိုက်ရေးမှာ၊ ချေမှုန်းရေး လုပ်တဲ့အချိန်မှာ ကျွန်တော်တို့အတွက်တော့ အဟန့်အတားတွေ ဖြစ်ခဲ့တာပေါ့”

ဟားခါး – ထန်တလန်ကြားလမ်းရှိ စစ်တပ်စခန်းများကို ချင်းတော်လှန်ရေးအင်အားစုများက ယခုနှစ် ဇူလိုင်လတွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သုံးလနီးပါးအကြာတွင် ထိုလမ်းပိုင်းကို နယ်မြေ စိုးမိုးနိုင်ရန်စစ်တပ်က တန်ပြန်ထိုးစစ်ဆင်ကာ ထန်တလန်မြို့ကို စစ်ကူအင်အားပို့ဆောင်နိုင်ခဲ့သည်။  

လေကြောင်းနှင့်လက်နက်ကြီးဒဏ်တို့ကြောင့် ချင်းတော်လှန်ရေးအင်အားစုများက လမ်းပိုင်းပေါ်ရှိ စခန်းအချို့မှ ဆုတ်ခွာပေးခဲ့ရပြီးနောက် နိုဝင်ဘာ တတိယပတ်တွင် ထိုလမ်းကြောပေါ်ရှိ စခန်းကုန်း များကို တကျော့ပြန်ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

နိုဝင်ဘာ တတိယပတ်ကစတင်ခဲ့သည့် ဟားခါးနှင့်ထန်တလန်ကြား တိုက်ပွဲများတွင် ချင်းတော်လှန်ရေး အင်အားစုများဘက်မှ ၁၀ ဦးဝန်းကျင်သေဆုံးပြီး ၂၀ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆလိုင်းထက်နီက ပြောသည်။ 

စစ်တပ်ဘက်ကလည်း ဟားခါးမှတဆင့် စစ်ကူပို့ရန် ပြင်ဆင်လျက်ရှိရာ တိုက်ပွဲများ ဆက်ဖြစ်နေ ပြီး စစ်ရေးအခြေအနေ ပြင်းထန်နေဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။ 

ပြည်နယ်မြို့တော်အနီး စစ်ရေးတင်းမာနေသည့် နည်းတူ အမှတ် (၂၆၈) ခြေလျင်တပ်ရင်း အခြေစိုက် သည့် ဖလမ်းမြို့နှင့် အမှတ် (၂၇၄) ခြေလျင်တပ်ရင်းအခြေစိုက်သည့် မင်းတပ်မြို့တို့ကို ချင်းတော်လှန် ရေးအင်အားစုများစုဖွဲ့ထားသည့် ချင်းညီနောင်အဖွဲ့က နိုဝင်ဘာ ၉ ရက်နေ့ကစပြီး တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့များလက်မလွှတ်ရရေး စစ်တပ်က လေကြောင်းမှ အပြင်းအထန်ခုခံ နေသည်။ 

လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့် ချင်းပြည်နယ်တွင် ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ၊ တွန်းဇံ၊ မတူပီ၊ ကျင်ဒွေး မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားပြီး ဝေဘူလ၊ နှာရိန်၊ ဆူခွာရ်၊ မကွီအိမ်နူး စသည့်မြို့များကို နယ်မြေထိန်းချုပ်ထားသည်။ 

ရခိုင်ပြည်နယ်နှင့်နယ်နိမိတ်ထိစပ်နေသည့် ချင်းပြည်တောင်ပိုင်းမှ ပလက်ဝမြို့ကို အာရက္ခတပ်တော် (အေအေ) က ယခုနှစ်ဆန်းပိုင်းကတည်းက သိမ်းပိုက်ပြီး နယ်မြေစိုးမိုးထားသည်။

Show More

Related Articles

Back to top button