မန္တလေးတိုင်းတွင် တော်လှန်ရေး အင်အားစုက မတ္တရာမြို့နယ်အနောက် ခြမ်းမှ ကျေးရွာတချို့ကို ပြန်လည်တိုက်ခိုက် သိမ်းယူလိုက်နိုင်သော်လည်း သပိတ်ကျင်းရှိ စစ်ရေးအရ အချက်အချာကျသော တွင်းငယ် ကျေးရွာကို လက်လွှတ်လိုက်ရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ပြန်ရခဲ့သည့် ရွာများတွင် မြို့အနောက်မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေး ဝန်စု၊ ထိန်ပင်ဆောက်နှင့် ရွာသစ်ကျေးရွာတို့ ပါဝင်သည် ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)က သတင်းတာဝန်ခံ ကိုအော်စမွန်က ပြောသည်။
“တလောက တော်လှန်ရေးတပ်တွေလက်လွှတ်ခဲ့ရတဲ့ မတ္တရာမြို့နယ် အနောက်ဖက်မှာရှိတဲ့ ကျေးရွာတွေ ကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ တိုက်ပွဲကငြိမ်နေပြီး စစ်ကောင်စီဘက်က အင်အား ဖြည့် တင်းနေတာတွေရှိပါတယ်”ဟု ၎င်းက ဆိုသည်။
အထက်မြန်မာပြည်ရှိ တော်လှန်ရေးတပ်များသိမ်းပိုက်ထားသော နယ်မြေများနှင့်ကြားခံဖြစ်ရာ မတ္တရာ မြို့နယ်၏အနောက်ခြမ်းကိုလည်း ကြည်း၊ ရေ၊ လေတပ်များသုံးကာ နိုဝင်ဘာ လလယ်ပိုင်းတွင် ၆ ရက်ကြာ ထိုးစစ်ဆင်၍ ထိန်းချုပ် ခဲ့သည်။
ယမန်နေ့ (ဒီဇင်ဘာ ၈) နံနက် ၁၁ နာရီက စစ်ကောင်စီတပ်သည် မတ္တရာအနောက်ခြမ်းမှ မြွေဆင်ကုန်းနှင့် ပိုဝ ကျေးရွာ နှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ထိုရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည် ဟု မတ္တရာအခြေအနေများကို စုံစမ်းဖော်ပြနေသည့် မန္တလေးမြို့ ကင်းထောက် အွန်လိုင်းစာမျက်နှာများက ရေးသားထားသည်။
မီးရှို့ခံရသည့် ကျေးရွာနှစ်ရွာ၏ အခြေအနေကို မသိရသေးပေ။
ယခုလဆန်းကလည်း MDY-PDF ထိန်းချုပ်ထားသည့် မတ္တရာအရှေ့ပိုင်းကျေးရွာများကိုလည်း စစ်ကောင်စီ က ဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများ သေဆုံး၊ ဒဏ်ရာရရှိပြီး အိမ်မွေးတိရစ္ဆာန် အများ အပြား သေဆုံးခဲ့သည်။
ဒီဇင်ဘာ ၇ နှင့် ၈ ရက်တို့တွင်လည်း မတ္တရာမြို့၏တောင်ဘက် ဆီဒိုင်းကန်နှင့်သမင်တွင်းကျေးရွာတို့ကို စစ်တပ်က နှစ်ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ယမန်နေ့ကလည်း စကျင်ကျောက် ထွက် ရှိရာ စကျင်ကျေးရွာကိုလည်း လက်နက်ကြီးကျပြီး ဒေသခံတချို့ထိခိုက်ဒဏ်ရာရသည်ဟုကြားမိကြောင်း မတ္တရာဒေသခံ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
“တမြန်နေ့နဲ့ မနေ့ကနဲ့ နှစ်ရက်ဆက်တိုက်တော့ ဆီဒိုင်းကန်ဖက်မှာ လက်နက်ကြီးပစ်သံတွေကြားရတယ်။ ဒီနေ့ကတော့ ငြိမ်နေတယ်။ လေကြောင်းပစ်ခတ်မှုလည်းဒီရက်ပိုင်းမရှိဘူး။ဒါပေမယ့် လေယာဉ်တွေက တော့ အတော်ဖြတ်တယ်။ မိုးမိတ်ဘက်တို့၊ ဗန်းမော်ဘက်ကို သွားတာလို့ထင်ရတယ်” ဟု ယင်းအမျိုးသားက ဆက်ပြောသည်။
မိုးမိတ်မြို့အနောက်ဘက် သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်တိုက်နယ်ရွာကြီးအနီး တိုက်ပွဲများဖြစ်နေကာ ဗန်းမော်မြို့တွင်လည်း ကချင်တပ် KIA က မြို့သိမ်းတိုက်ပွဲ ပြုလုပ်နေသည်။
သပိတ်ကျင်းဒေသ ပြန်ရရန် စစ်တပ်က ပြန်ထိုးစစ်ဆင်
“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း တအာင်းလွတ်မြောက်ရေးတပ်ဖွဲ့(TNLA) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အပါအဝင် တော်လှန်ရေးတပ်များ သိမ်း ပိုက် ထိန်းချုပ်ထားသည့် သပိတ်ကျင်းဒေသကို စစ်ကောင်စီတပ်က နိုဝင်ဘာလလယ်မှစ၍ ပြန်လည် ထိုးစစ်ဆင်နေသည်။
သပိတ်ကျင်းနယ်ထဲ လက်ကျန် ၃ တပ်က အင်အားပြန်စုစည်းကာ လေကြောင်းပစ်ကူများ ရယူ၍ ဖောက် ထွက်ရာ ဒီဇင်ဘာ ၅ ရက်တွင် PLA တပ်ဆုတ်ပေးခဲ့ရပြီးနောက် စစ်ကောင်စီသည် အိမ်ခြေ ထောင်ဂဏန်း ရှိသော တွင်းငယ်ကျေးရွာကို အလုံးစုံနီးပါးထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း PLA အပါအဝင် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
“တွင်းငယ်ကိုတော့ သူတို့ (စစ်ကောင်စီ) ရာခိုင်နှုန်းတော်တော်များများ ယူထားပြီပေါ့နော်။ တွင်းငယ်က သပိတ်ကျင်းနဲ့ကပ်နေတော့ သူတို့ လွတ်လွတ်လပ်လပ်တော့ သွားလို့ရနေပြီ။ သပိတ်ကျင်းကို သူတို့ သွား တိုက်နိုင်မလား။ PDF နဲ့ တော်လှန်ရေးတပ်တွေ ဘယ်လိုပြန်လည်ထိုးစစ် ထိုးနိုင်မလဲအပေါ်မှာ မူတည်မှာ ပေါ့ ”ဟု PLA သတင်းတာဝန်ခံအမျိုးသမီးက Myanmar Now ကို ပြောသည်။
PLA, TNLA ပူးတွဲထိန်းချုပ်သော သပိတ်ကျင်းမြို့၏ မြောက်ဘက် ၂၆ မိုင်ကျော်အကွာရှိ တွင်းငယ်ကျေးရွာ အနီး စစ်ကောင်စီ၏ အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃) တည်ရှိကာ မြို့သိမ်းတိုက်ပွဲတွင် ကျန်ရှိခဲ့သော ၃ တပ်အနက်မှ တစ်ခု ဖြစ်သည်။
TNLA သည် ပြည်သူများဘေးအန္တရာယ်ကင်းရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တွင်းငယ်တွင် PLA သာ ကျန်ရှိကြောင်း၊ စစ်ကောင်စီသည် ထိုအချက်ကို အခွင့်ကောင်းယူကာ တွင်းငယ်ကို ထိုးစစ်ဆင်လာခဲ့ကြောင်း PLA က ပြောထားသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ကပ်လျက် တွင်းငယ်ကျေးရွာသည် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ချိတ်ဆက်ထားရာ မန္တလေး-မိုးမိတ်လမ်းနှင့် ကချင်ပြည်နယ်ဘက်သို့ တက်ရာ မန္တလေး- မြစ်ကြီးနားလမ်းတို့ ဆုံရာတွင် တည်ရှိသောကြောင့် အချက်အချာကျသည်။
တွင်းငယ်ကျေးရွာကို ဩဂုတ် ၁၇ ရက်ကတည်းက TNLA, PLA နှင့်မဟာမိတ်တပ်တို့က တိုက်ခိုက်သိမ်းပိုက် ခဲ့ခြင်းဖြစ်သည်။
တွင်းငယ်ရွာကို ပြန်လည်ရရှိသွားသော စစ်ကောင်စီအနေဖြင့် သပိတ်ကျင်းမြို့ကို ဆက်လက်ထိုးစစ်ဆင် နိုင်ဖွယ်ရှိကြောင်း သတင်းတာဝန်ခံ အထက်ပါအမျိုးသမီးကဆက်ပြောသည်။
“တွင်းငယ်ဖက်က လမ်းဆုံဆိုတော့ မိုးမိတ်ဘက် (စစ်တပ်က) တက်ဖို့ကတော့ ခက်ပါလိမ့်မယ်။ အကုန်လုံး က ကာထားတာ ဆိုတော့လေ၊ နောက် ၇ မိုင်တို့ ဘာတို့ဘက်သွားရင်လည်း တိုက်ပွဲတွေက နေ့စဉ်နဲ့အမျှ ဖြစ်နေတာ ဆိုတော့ အဲဒီဘက် သွားဖို့လည်းမလွယ်ဘူး” ဟု PLA သတင်းတာဝန်ခံက ဆိုသည်။
“စဉ့်ကူးဘက်မှာလည်း PDF တွေက အားကောင်းတယ်။ သူတို့ ပိတ်နိုင်ဆို့နိုင်ရင် တိုက်ဖို့ မလွယ်ပါဘူး။ သပိတ်ကျင်းကိုပဲ သူတို့တိုက်နိုင်မလား…မတိုက်နိုင်ဘူးလားက PDF ပူးပေါင်းတပ်တွေအပေါ် မူတည် တယ်”
မန္တလေးမြို့နှင့် မိုင် ၈၀ ကျော်အကွာ ရွှေတွင်းများကြောင့် နာမည်ကျော်သည့် သပိတ်ကျင်းမြို့ရှိ နယ်မြေ အများစုကို ဩဂုတ် ၂၅ ရက်တွင် TNLA,PLA နှင့် NUG အမှတ် (၁) စစ်ဒေသအောက်ရှိ PDF တပ်များက သိမ်းပိုက်ခဲ့ကြသည်။
သို့သော်လည်း တွင်းငယ်ကျေးရွာ အခြေစိုက် တတက-၁၃၊ ကျောက်ကြီးရွာ အခြေစိုက် စစ်စခန်းနှင့် ၇ မိုင်ကျေးရွာအခြေစိုက် လျှပ်စစ်အင်ဂျင်နီယာတပ်တို့ ကျန်ရှိခဲ့သည်။
လက်လွှတ်လိုက်ရသည့် စဉ့်ကူးနှင့် သပိတ်ကျင်းတို့မှ တပ်ဆုတ်သွားသော စစ်ကောင်စီတပ်သားများက လည်း အထက်ပါ ၃ တပ်တွင် အင်အား သွားရောက်ပူးပေါင်းခဲ့ကြသဖြင့် အင်အားမနည်း ရှိနေသည်ဟု ယူဆရပြီး ထိုတပ်များက ပိတ်ဆို့ခံနေရသည်ကို ဖောက်ထွက်ကာ တဖန်ထိုးစစ်ဆင်နေကြခြင်း ဖြစ်သည်။
လက်ရှိတွင် စဉ့်ကူးမြို့နှင့် တစ်မြို့နယ်လုံး၊ သပိတ်ကျင်းမြို့၊ တကောင်းမြို့တို့ကို PDF က သိမ်းထားပြီး မတ္တရာ အရှေ့ခြမ်းအထိပါ နယ်မြေစိုးမိုးထားသည်။
ယမန်နှစ်ကုန်ကတည်းက စတင်သော မတ္တရာတိုက်ပွဲများကြောင့် မတ္တရာဒေသခံ ထောင်နှင့်ချီ စစ်ရှောင် နေရပြီး နီးစပ်ရာခိုလှုံနေကြရသည်။