သတင်း

မကွေးမှတဆင့် အမ်းသို့လာသည့်စစ်ကူများကို AA ၏မဟာမိတ် PRAတပ်က ကြားဖြတ်တိုက်ခိုက်

ရခိုင်တပ် AA ၏ထိုးစစ်ကို ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့မှ စစ်ကောင်စီတပ်ထံ စစ်ကူသွားသည့် ရိက္ခာပို့ယာဉ်တန်းကို AA မဟာမိတ်တပ် PRA က ယမန်နေ့ ( ဒီဇင်ဘာ ၄) နေ့လယ်ပိုင်းက ရခိုင်-မကွေးနယ်စပ် အမ်း-ပဒါန်း လမ်းမပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ရခိုင်တပ် AA ၏ထိုးစစ်ကို ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ကောင်စီတပ်ထံ စစ်ကူသွားသည့် ရိက္ခာပို့ယာဉ်တန်းကို ယမန်နေ့ ( ဒီဇင်ဘာ ၄) နေ့လယ်ပိုင်းတွင် AA မဟာမိတ်တပ် PRA က ရခိုင်-မကွေးနယ်စပ် အမ်း-ပဒါန်း လမ်းမပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

အင်အား ၅၀ ခန့်ပါသည်ဟု ခန့်မှန်းရသည့် စစ်ကားသုံးစီးကို မကွေးတိုင်း ပဒါန်းမြို့အထွက် စွန်တက်ရွာနှင့် လင်းတဲရွာကြားတွင် နေ့လယ် ၁ နာရီဝန်းကျင်က မိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ ၁၀ မိနစ်နီးပါးကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကားနှစ်စီး ပျက်ဆီးခဲ့သည်ဟု လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA)  စစ်ဦးစီးချုပ်နောင်သူရိန်က ပြောသည်။ 

တိုက်ပွဲဖြစ်ရာထိုနေရာသည် အာရက္ခတပ်တော် AA က ထိုးစစ်ဆင်နေသည့် ရခိုင်တောင်ပိုင်း အမ်းမြို့နှင့် ၄၅ မိုင်၊ စစ်ကောင်စီအားကောင်းသည့် မကွေးတိုင်း ပဒါန်းမြို့နှင့် ၂၅ မိုင် အကွာတွင်ရှိသည်။

ခြုံခိုတိုက်ခိုက်မှုအတွင်း စစ်သားကိုးဦးထက်မနည်း သေဆုံးခဲ့သည်ဟု PRA ဘက်က ဆိုသည်။ သို့သော်သေဆုံးမှုအတွက် Myanmar Now ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

PRA သည် ရခိုင်တပ် AA ၏ မဟာမိတ်များဖြစ်ပြီး ရခိုင်ပြည်နယ်ထဲသို့ မကွေးတိုင်းဘက်မှတဆင့် ချီတက်လာသည့် စစ်ကောင်စီတပ်များကို ရခိုင်-မကွေးနယ်စပ် ရခိုင်ရိုးမတောင်ခြေတလျှောက် ပြောက်ကျားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်နေသည်။

ရခိုင်တစ်ပြည်နယ်လုံးနီးပါးကို သိမ်းပိုက်ထားသည့် AA သည် အမ်းမြို့နှင့် ထိုမြို့အခြေစိုက် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို စက်တက်ဘာလကုန်ပိုင်းကတည်းက အပြင်းအထန် ထိုးစစ်ဆင်နေသည်။ 

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မကွေးတိုင်းအနောက်ပိုင်းအခြေစိုက် ၎င်းတို့တပ်သည် လူနည်းစုတိုင်းရင်းသားများ၊ လူငယ်များ၊ ကျောင်းသားများ စုပေါင်းထားသည့် ဒေသတွင်းလက်နက်ကိုင်တပ်ဖြစ်ပြီး AA ထံမှ စစ်သင်တန်းနှင့် နည်းစနစ် အထောက်အပံ့များ ရယူသည်ဟုလည်း PRA စစ်ဦးစီးချုပ် နောင်သူရိန်ကပြောသည်။

AA ၏ထိုးစစ်သည် ရခိုင်မြောက်ပိုင်းမှ တောင်ပိုင်းအထိ ကူးဆက်လာခဲ့ပြီးနောက် စစ်ကောင်စီသည် 

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားပြီး အမ်း – ပဒါန်းလမ်းကို လုံခြုံရေးတိုးမြှင့်ခဲ့သည်။  

၆၄ မိုင်ကျော် ရှည်ပြီး တောတောင်လျိုမြောင်ထူထပ်သည့်ထိုလမ်းမသည် နှစ်ဖက်တပ်များအတွက် အရေးပါပြီး AA ၏အမ်းတိုက်ပွဲနှင့်အတူ ထိုလမ်းပိုင်းတွင်တပ်စွဲသည့် PRA အပါအဝင် ဒေသတွင်းတပ်များသည် စစ်ကောင်စီကိုမကြာခဏကြားဖြတ်တိုက်ခိုက်နေသည်။

နိုဝင်ဘာနှင့် ဒီဇင်ဘာသတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ သေနတ်ရှစ်လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု PRA က ဓါတ်ပုံနှင့်တကွ ယနေ့ ထုတ်ပြန်သည်။ 

နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း ငဖဲမြို့နယ်၊ ဘုံးဘောရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၉၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို PRA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ နှစ်ဘက်ထိခိုက် ဒဏ်ရာရမှုများရှိခဲ့ကြောင်း PRA မှသိရသည်။ 

အမ်းမြို့သို့ စစ်တပ်ဘက်က စစ်ကူနှင့် ရိက္ခအင်အားများ မြေပြင်မှ ပို့ဆောင်ရန် ကြိုးပမ်းနေသည့် နည်းတူ အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း တော်လှန်ရေး အင်အားစုများဘက်က  ကင်းပုန်းချပိတ်ဆို့ဖမ်းဆီးလျှက်ရှိသည်။ 

အမ်းမှ ထွက်ပြေးလာသည့် ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးရမိပြီး သေနတ် ၃ လက်အပါအဝင်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမ်း-ပဒါန်းလမ်းပိုင်းအခြေစိုက် အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ယမန်နေ့က ထုတ်ပြန်ထားသည်။ 

မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် အမ်း – ပဒါန်းလမ်းပိုင်းတလျှောက်လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ ဝင်များ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းကစပြီး ဒီဇင်ဘာလဆန်းပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် ဖမ်းဆီးရမိထားသည်။ 

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးထားပြီး စနစ်တကျ ထိန်းသိမ်းထားသည်ဟုတော်လှန်ရေးအင်အားစုများကဆိုသည်။ 

“သူတို့ရဲ့ ကျန်းမာရေးရော လုံခြုံစိတ်ချရတဲ့နေရာမှာထိန်းသိမ်းထားပါတယ်။ အမ်းမြို့တိုက်ပွဲမှာ သူတို့က ဒဏ်ရာရလာတာတွေရှိတယ်။ အဲ့ဒါတွေကို ဆေးဝါးလည်း ကုပေးထားတယ်။ အစား အသောက်ဆိုလည်း ကျွန်တော်တို့နဲ့အတူတူပဲ ကျွေးမွေးစောင့်ရှောက်ထားပါတယ်” ဟု အရှိုချင်း ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။ 

အမ်းမြို့နယ်တွင် အခြေစိုက်ထားသည့် စွေ့ချောင်း၊ တောဟိန်းတောင်၊ မဲတောင် ဗျူဟာစခန်းများနှင့် အမှတ် ၃၇၃ ခြေမြန်တပ်ရင်း၊ အမှတ် ၃၇၄ အမြောက်တပ်ရင်း စသည့် စစ်ကောင်စီ အခြေစိုက်စခန်း များကို သိမ်းပိုက်ရရှိထားပြီး  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် ကျန်ရှိသည့် စစ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း နိုဝင်ဘာ ၁၄ ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။ 

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အတွင်း စစ်တပ်ကလက်လွှတ်ခဲ့ရပြီးနောက် အမ်းမြို့အခြေစိုက် စစ်ဌာနချုပ်မကျစေရေး စစ်တပ်က အပြင်းအထန်ခုခံနေသည်။ 

အမ်းမြို့နှင့်ကပ်လျှက် ငဖဲမြို့နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက်စခန်းတစ်ခုဖြစ်သည့် နတ်ရေကန်စခန်းမှ အမ်းမြို့ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ နေ့စဉ်ရက်ဆက်ရှိနေသည်ဟု PRAအဖွဲ့၏ စစ်ဦးစီးချုပ် ကိုနောင်သူရိန်ကဆိုသည်။ 

“ အမ်းဘက်က တိုက်ပွဲအခြေအနေ အသေးစိတ်မသိနိုင်ဘူး။ ဒါပေမယ့် ငဖဲမြို့နယ်ထဲမှာ အခြေအစိုက် တဲ့ နတ်ရေကန် ရေဒါစခန်းနဲ့ မိုက်ခရိုဝေ့ဗ်တာဝါတိုင်စခန်းတွေဘက်ကတော့ လက်နက်ကြီးတွေနဲ့ပစ်ကူ ပေးတာမျိုးတွေ၊ အတွဲလိုက်မစ်ဆိုင်းတွေနဲ့ပစ်တာမျိုးတွေ နေ့စဉ်နဲ့အမျှရှိ နေတယ်”ဟု ဆိုသည်။

Show More

Related Articles

Back to top button