ရန်ကုန်မြို့လယ်မှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ဒေါ်မြင့်ရီကို နိုင်ငံရေးပါတီငါးခု သုံးထားကြတဲ့ ခွပ်ဒေါင်းတံဆိပ်တွေကို ပြလိုက်တော့ စက္ကန့်အနည်းငယ် တွေဝေသွားပါတယ်။
ဒီနှစ်ရွေးကောက်ပွဲဝင်ကြမယ့်ထဲမှာ ခွပ်ဒေါင်းပုံသုံးတဲ့ ပါတီတွေ ဒီလောက်များများ ရှိလိမ့်မယ်လို့ သူ မျှော်လင့်မထားပါဘူး။
ဒေါ်မြင့်ရီက မိနစ်အနည်းငယ် အချိန်ယူ စဉ်းစားလိုက်ရင် ဘယ်ဟာက ဘယ်ပါတီရဲ့တံဆိပ်ဆိုတာ အဖြေထွက်လာနိုင်ပါတယ်။
သို့ပေမဲ့လဲ အသည်းကြားကမဲတစ်ပြားအတွက် ရွေးချယ်ကြသူ တော်တော်များများကတော့ မဲရုံထဲရောက်ချိန် အမည်တူ၊ တံဆိပ်တူပါတီတွေကို တွေ့ရမယ် ဆိုရင်တော့ ဇဝေဇဝါ ဖြစ်သွားနိုင်တဲ့အထိ ဆင်တူယိုးမှား ဖြစ်ကြတဲ့ ပါတီတွေ ရှိနေပါပြီ။
မဲရုံထဲမှာ အမတ်လောင်းအမည်ကို ရှာဖွေပြီး မဲထည့်သူ ရှိသလို ပါတီတံဆိပ်ကို ရွေးချယ်သူလည်း အများအပြား ရှိတဲ့အတွက် ဆင်တူယိုးမှားဖြစ်ခြင်းဟာ မဲပေးမှားမှုကို ဦးတည်သွားနိုင်ပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၉ဝ ကျော်ထဲ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရဲ့ အလံ ခွပ်ဒေါင်းတံဆိပ်ကို အသုံးပြုထားတဲ့ပါတီက ၅ ခု ရှိပါတယ်။
ကုန်းဘောင်မင်းဆက်ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ကဒေါင်းတံဆိပ်သုံး ပါတီက ၃ ခု၊ အမျိုးသား ဆိုတဲ့အမည်ကို အသုံးပြုထားတဲ့ပါတီက ၃၃ ခု၊ လူ့ဘောင်သစ် ဆိုတဲ့ အမည်ပါတဲ့ ပါတီကလည်း ၄ ခု ရှိကြပါတယ်။
ခွပ်ဒေါင်းတံဆိပ်
၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သပိတ်မှောက်လိုက်ရာမှာ ပါတီဝင်တချို့က အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ဆိုတဲ့ ပါတီတစ်ခု ခွဲထောင်ပြီး ရွေးကောက်ပွဲဝင်ပါတယ်။ ပါတီတံဆိပ်ကတော့ NLD ရဲ့ တံဆိပ်ဟောင်း ခမောက်ပေါ်မှာ ကြယ်တစ်ပွင့် တစ်ခုတိုးလိုက်ခြင်းပါပဲ။
ဒါပေမဲ့ NLD က ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရာမှာ ပါတီအမှတ်တံဆိပ် မရှိတော့တဲ့အတွက်ကြောင့် ပါတီအလံဖြစ်တဲ့ ခွပ်ဒေါင်းနဲ့ကြယ်ဖြူကိုပဲ အမှတ်တံဆိပ်အဖြစ် သုံးလိုက်ခြင်းဖြစ်တယ် လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
ပါတီအမှတ်တံဆိပ်တချို့ ဆင်တူယိုးမှားဖြစ်နေခြင်းကြောင့် မြို့ပြထက် ကျေးလက်ဒေသ မဲဆန္ဒရှင်တွေ ပိုပြီး အခက်အခဲတွေ့နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
“ကျွန်တော်တို့ ရွေးကောက်ပွဲပညာပေး လုပ်တဲ့အချိန်တွေမှာ သင်တန်းဆရာတွေကလည်း ဒီအချက်ကို ထည့်ရှင်းပါတယ်” လို့ သူက ပြောပါတယ်။
NDF ထူထောင်သူများထဲက တစ်ဦးအပါအဝင်ဖြစ်ခဲ့တဲ့ ဦးသိန်းညွန့်က ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ကို တည်ထောင်ပါတယ်။ သူ့ပါတီသစ်ရဲ့ တံဆိပ်ကတော့ ခမောက်သုံးလုံးပါ။
ပါတီနှစ်ခုကြား တံဆိပ်နဲ့အမည် ဆင်တူယိုးမှားဖြစ်နေတာဟာ စိုးရိမ်စရာမဟုတ်ပါဘူးလို့ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
“သူတို့ခမောက်က သုံးလုံးတန်းနေတာ။ ကျွန်တော်တို့က ခမောက်အပေါ်မှာ ကြယ်ပါတယ်။ ခမောက်အောက်မှာ NDF ဆိုတဲ့ တံဆိပ်ကြီး ပါတယ်” လို့ သူက ရှင်းပြပါတယ်။
ဦးသိန်းညွန့်ကတော့ တံဆိပ်အဖြစ် ခမောက်ကို ရွေးချယ်ထားခြင်းဟာ ဥပဒေအကြောင်းအရ ရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုခဲ့လို့ တရားဝင်မှုရှိတယ်လို့ဆိုပါတယ်။
“ခမောက်သူခိုးတို့ဘာတို့ ပြောဆိုဝေဖန်နေသူတွေဟာ ဥပဒေအကြောင်းအရာကိုပဲ နားမလည်တာလား၊ အသက်တွေကြီးလာလို့ပဲ စိတ်တွေကယောက်ကယက်ဖြစ်နေတာလား၊ သက်ဆိုင်သူတွေပဲသိလိမ့်မယ်” လို့ ဦးသိန်းညွန့်က ပြောပါတယ်။
ဥပဒေနဲ့ညီရဲ့လား
၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စုမြန်မာနိုင်ငံ) ဥက္ကဋ္ဌ ဦးရဲထွန်းကတော့ ပါတီတံဆိပ်တွေ အမည်တွေ ဆင်တူနေခြင်းဟာ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်အပြည့်အဝရှိတယ်လို့ ယူဆနေပါတယ်။
“ဆင်တူယိုးမှားတောင် မဟုတ်ပါဘူးဗျာ၊ ကြယ်လေးပေါင်းထည့်လိုက်ရုံ၊ ဒီ ဒေါင်းအလံကို အရောင်လေးပြောင်းလိုက်ရုံနဲ့ (ကော်မရှင်က) ခွင့်ပြုလိုက်သလိုဖြစ်နေတယ်” လို့ သူက မကျေမနပ်ပြောပါတယ်။
သူတို့ပါတီတံဆိပ်အဖြစ် ခွပ်ဒေါင်း၊ ကြယ်ဖြူ၁၄လုံးတို့ကို သုံးထားပြီး နောက်ပိုင်းမှာ ပေါ်လာတဲ့ ၈၈ ကျောင်းသားပါတီနှစ်ခုကလည်း ခွပ်ဒေါင်းနဲ့ကြယ်ဖြူကိုပဲ သုံးပါတယ်။
NLD ၂ဝ၁၂ မှာ ပါတီမှတ်ပုံပြန်စဉ်မှာလည်း ခွပ်ဒေါင်းအလံနဲ့ပတ်သက်ပြီး ဦးရဲထွန်းတို့က ကန့်ကွက်ခဲ့ပါသေးတယ်။
ရွေးကောက်ပွဲကော်မရှင်ဟာ အာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ မတူရင်ပြီးရော၊ တခြားပါတီတွေ ဆင်တူယိုးမှားဖြစ်ပြီး မဲပြန့်သွားနိုင်တဲ့အခြေအနေရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ ဖြစ်နိုင်တယ် လို့ စွပ်စွဲလိုက်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကတော့ ဒါကို ငြင်းပါတယ်။ တံဆိပ်နဲ့ နံမည်တွေ ဆင်တူနေတာနဲ့ ပတ်သက်ပြီး ပါတီတွေကပဲ ရှင်းလင်းပြရမှာဖြစ်ပြီး ကော်မရှင်နဲ့မဆိုင်ပါဘူးလို့ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးခင်ဇော်ထွန်းက ပြောပါတယ်။
တောင်ပေါ်ဒေသများ
တိုင်းရင်းသားလူမျိုးစုပါတီတွေ စုပေါင်းပြီး ဖွဲ့့စည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်တဲ့ ဦးစောသန်းမြင့်ကတော့ နိုင်ငံရေးပါတီအများစုက ကြယ်ပါတဲ့တံဆိပ်တွေကို အသုံးပြုတာများကြတယ်လို့ ဆိုပါတယ်။
“ကြယ်တွေများလို့ လူတွေရောမှာစိုးလို့ ဒီတံဆိပ်ကို ပြောင်းလိုက်တာ” လို့ သူက ပြောပါတယ်။
သူတို့ရဲ့ပါတီအလံမှာတော့ ကြယ်သုံးပွင့်ကိုအသုံးပြုထားပြီး၊ တံဆိပ်အဖြစ် သူတို့ရွေးထားတဲ့ ဗေဒါပန်းကတော့ တိုက်ခိုက်မှုများအပေါ် မားမားမတ်မတ်ရပ်တည်နိုင်တဲ့ ပြယုဂ် တစ်ခုဖြစ်တယ်လို့ ရှင်းပြပါတယ်။
ကလောခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးတင်ဦးကတော့ ပါတီတွေ၊ တံဆိပ်တွေ ဆင်တူနေတာဟာ တစ်ချိန်တုန်းက ပတ္တမြားတံဆိပ် ဆေးလိပ် သူတို့ဒေသမှာ ရောင်းအားကောင်းနေတုန်း ပတ္တလား ဆိုတဲ့ တံဆိပ်နဲ့ ဆေးလိပ်တစ်မျိုး စျေကွက်ထဲ ရောက်လာပုံနဲ့ တူနေတယ်လို့ ဥပမာပေးပါတယ်။
“အဲဒီတော့ ဆေးလိပ်တွေမှားပြီးဝယ်ကုန်တာပေါ့ဗျာ” လို့ သူက ဆိုပါတယ်။
ကုန်းဘောင်ခေတ်ဘုရင်တံဆိပ်
ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဝံသာနုဒီမိုကရေစီပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ – ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် တို့ကတော့ ကုန်းဘောင်ခေတ်က အမှတ်အသား တစ်ခုဖြစ်တဲ့ ကဒေါင်းအမှတ်တံဆိပ်ကို ရွေးချယ်ထားကြပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကတော့ အမျိုးသားတိုးတက်ရေးပါတီနဲ့ သူတို့ပါတီက ဒေါင်းတံဆိပ်ခြင်း ဆင်တူဖြစ်နေပြီး အရောင်သာ မတူတဲ့အတွက်ကြောင့် မဲဆန္ဒရှင်တွေ ရောထွေးနိုင်တယ်လို့ ဆိုပါတယ်။
“မဲဆန္ဒရှင်တွေက ကဒေါင်းဆိုရင် သေချာသိမှာမဟုတ်ဘူး” လို့ သူက ပြောပါတယ်။
မဲဆန္ဒရှင်များ
မဲဆွယ်ကာလ ရောက်ပြီဖြစ်တဲ့အတွက် ရန်ကုန်မှာတော့ ရပ်ကွက်တွေထဲ အုပ်စုလိုက်ဆင်းပြီး စည်းရုံးရေး ဆင်းနေကြပါပြီ။ မဲဆန္ဒရှင်တွေကို အချက်အလက်ပေး၊ စည်းရုံးတဲ့ ပါတီအမည်၊ တံဆိပ်ပါ စတစ်ကာများ နေရာအနှံ့ကပ်ကြရာမှာ ပြည်ခိုင်ဖြိုးပါတီထက် NLD ပါတီက အရှိန်ပိုရနေတာ တွေ့ရပါတယ်။
ရန်ကုန်မြို့က စျေးသည် ကရင်အမျိုးသမီးကြီးတစ်ဦးကို ဆင်တူတဲ့ ပါတီတံဆိပ်တွေပြလိုက်ရာမှာ သူက အနည်းငယ် တုန်လှုပ်သွားပါတယ်။ သိပ်မကြာသေးခင်နှစ်များအတွင်း အရင်စစ်အာဏာရှင်ခေတ်က နိုင်ငံရေးအကြောင်းပြောတဲ့သူ တစ်ယောက်ကို ဆက်ဆံဖို့ မဝံ့မရဲဖြစ်တဲ့ပုံမျိုးပါပဲ။ သူကဒေါ်အောင်ဆန်းစုကြည်ကို သိပေမဲ့ ပါတီတံဆိပ်တွေကို မသိကြောင်း ပြောပါတယ်။
“တစ်နေ့တစ်နေ့ စျေးရောင်း စျေးသိမ်းနဲ့ ထမင်းစားဖို့ရုန်းကန်နေရတာ။ ဒါတွေကိုစိတ်မဝင်စားနိုင်ပါဘူး” လို့ လည်း သူက ခပ်တိုးတိုး ညည်းပြပါတယ်။
ရန်ကုန်မြို့လယ်မှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ဒေါ်မြင့်ရီကတော့ ဘယ်ပါတီကို သူမဲထည့်ဖြစ်မယ်ဆိုတာကို အတိအကျ ဆုံးဖြတ်ပြီးတဲ့ပုံပါပဲ။
“စနစ်ကြီးက တော်တော်ကြာနေပြီလေ၊ အဒေါ်တို့ကတော့ အပြောင်းအလဲတစ်ခုခု ဖြစ်ချင်နေပြီ” လို့ ဆိုင်နံရံမှာကပ်ထားတဲ့ ပါတီတစ်ခုရဲ့မဲဆွယ်ကြော်ငြာကို ညွှန်ပြရင်းပြောလိုက်ပါတယ်။