သတင်း

တရုတ်အစိုးရနှင့်ပေါင်း၍လုံခြုံရေးကုမ္ပဏီထောင်မည့်အကြောင်းစစ်တပ်ထုတ်ပြန်

တရုတ်လုံခြုံရေးကုမ္ပဏီများသည် လက်နက်များပါကိုင်ဆောင်မည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်ကဆိုသည်။

တရုတ်အစိုးရနှင့် ပူးပေါင်း၍ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတည်ထောင်သွားမည်ဖြစ်ပြီး လက်နက်ကိုင်တပ်များ ပါဝင်လာမည့်အကြောင်း စစ်ကောင်စီ၏ ယမန်နေ့(ဒီဇင်ဘာ ၃) ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။ 

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းလုံခြုံရေးကုမ္ပဏီ တည်တည်ထောင်နိုင်ရေးအတွက် စစ်ကောင်စီက လုပ်ငန်းကော်မတီဖွဲ့စည်း၍ လေ့လာပြင်ဆင်လျက်ရှိသည်ဟု ထိုပြန်တမ်းကဆိုသည်။

ပူးတွဲလုံခြုံရေးကုမ္ပဏီသည် တရုတ်အစိုးရနှင့် နိုင်ငံသားပိုင်လုပ်ငန်းများကို ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် တရုတ်အစိုးရဘက်က ပေးပို့လာခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီတည်ထောင်ရေးအတွက် လေ့လာမှုများပြုလုပ်ရန်ဟုဆိုကာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီ ဦးဆောင်သည့် အဖွဲ့ဖွဲ့စည်းထားကြောင်း ဖော်ပြထားသည်။ 

အဆိုပါ ကော်မတီကို အောက်တိုဘာ ၂၂ ကတည်းက ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း ယမန်နေ့ကမှ ထုတ်ပြန်လာခြင်းဖြစ်သည်။ 

ဗိုလ်ချုပ်တိုးရီဦးဆောင်သည့် ကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ရဲချုပ်( ၂)၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စစ်ဥပဒေချုပ်ရုံးတို့အပါဝင် စုစုပေါင်း ၁၄ ခုဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ 

ကော်မတီ၏ လုပ်ငန်းတာဝန်များအနက် လက်နက်ကိုင်များဝင်ရောက် လာမည့်အခြေနေကို စိစစ်ရေးအချက်လည်းပါဝင်သည်။ 

ပြည်ပမှ တင်သွင်းလာမည့် လက်နက်များ၊ ဆက်သွယ်ရေးစက်များအပါဝင် အခြားကြီးကြပ် ကန့်သတ်ပစ္စည်းများနှင့်ပတ်သတ်၍ တင်သွင်းခွင့်ပြုရေး၊ သုံးစွဲမှုထိန်းချုပ်ရေးအချက်များကို တရုတ်အစိုးရနှင့်ရေးထိုးမည့် နားလည်မှုစာချွန်လွှာ၌ ထည့်သွင်းဖြည့်စွက်ရန် လို၊ မလိုစိစစ်ရန်ဟု စစ်တပ်၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။ 

အခြားတာဝန်များမှာမူ အချုပ်အခြာအာဏာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေစသည်ဖြင့် ၎င်းတို့ရေးဆွဲထားသည့်အရေးများနှင့်ပတ်သတ်၍ ငြိစွန်းမှုရှိ၊မရှိ စိစစ်ရေးတို့လည်း ပါဝင်သည်။

တရုတ်နှင့် စစ်ကောင်စီအကြား တည်ထောင်မည့် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီမှာ ပိုးလမ်းမစီမံကိန်း BRIကို ကာကွယ်မည့် ကိုယ်ရံတော်များဖြစ်သည်ဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားလှုံ့ဆော်လျက်ရှိသည်။​

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကတော့ တရုတ်လုံခြုံရေးများသည် ယခုနှစ်မေနှင့်ဇွန်လများကတည်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းသို့ ရောက်နေသည်ဟုဆိုသည်။ 
အဆိုပါ တပ်ဖွဲ့ဝင်များသည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်ရှိ ဒေါ်လာသန်းချီတန်သည့် ရေနက်ဆိပ်ကမ်းနှင့် အုန်းတောရွာတွင် တည်ဆောက်ထားသည့် ရေအားလျှပ်စစ်စီမံကိန်းများကို ကာကွယ်ရန် နှစ်သုတ်ခွဲလှုပ်ရှားသည်ဟု အထက်ပါ သတင်းအရင်းမြစ်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်ရေး နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီတို့ ၂၀၂၃ ဒီဇင်ဘာတွင်နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့စဉ်။ (ဓာတ်ပုံ​-စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန)

မေလတွင် ရောက်လာသည့် ပထမအသုတ်မှာ တပ်ဖွဲ့ဝင်များမှာ အရပ်ဖက်လေယာဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ဒုတိယအသုတ်မှာ စစ်တပ်၏ Mi17 အမျိုးအစား ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်ဟု အထက်ပါ သတင်းအရင်းမြစ်က ဆိုသည်။ 

“…သူတို့ပစ္စည်းတွေကို ဘယ်သူမှ ကိုင်မရဘူး။ Mi 17ပေါ်ကနေ သူတို့ဘာသာချတာ။ တွန်းလှည်းနဲ့တောင် မတင်ဘူး”ဟု ၎င်းက ရှင်းပြသည်။ 

တရုတ်တပ်ဖွဲ့ဝင်များရောက်လာပြီးနောက် မဒေးကျွန်းကို ကာရံထားသည့် ခြံစည်းရိုးအား မွမ်းမံကာရန်ခဲ့သလို စစ်တပ်၏ မဒေးကျွန်းရဲစခန်းကိုပါ တရုတ်တပ်ဖွဲ့ဝင်များက ကူညီကာရန်ပေးခဲ့သည်ဟု သိရသည်။

အုန်းတောရွာတွင် တရုတ်အစိုးရပိုင် China Power ကုမ္ပဏီက ဒေသခံပိုင် လယ်မြေ ၄၄ ဧကပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၂ ခုနှစ်တွင် တည်ဆောက်လည်ပတ်လျက်ရှိပြီး စွန့်လွှတ်သည့် ရေဆိုးရေညစ်များအပါဝင် စီမံကိန်းကြောင့် ဒေသခံလူထုအပေါ် ထိခိုက်မည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်ဟု ၂၀၂၂ ဖေဖော်ဝါရီ ၄ ရက်စွဲတွင် ရေးသားထားသည့် Narinjara၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ယမန်နှစ် နိုဝင်ဘာ တွင်စတင်ခဲ့သော အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။

Show More

Related Articles

Back to top button