ဥရောပနိုင်ငံများက တားမြစ်ထားသည့် မြန်မာ့ကျွန်းသစ်များ အသုံးပြုပြီး ဇိမ်ခံသင်္ဘောတည်ဆောက်ပေးခဲ့သည့် နယ်သာလန် အခြေစိုက် Oceanco ကုမ္ပဏီကို နယ်သာလန်အစိုးရက ယူရိုငွေ ၁၅၀,၀၀၀ ဒဏ်ရိုက်ခဲ့ကြောင်း လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအေဂျင်စီ (Environmental Investigation Agency- EIA) က ယနေ့ (ဒီဇင်ဘာ ၄ ရက်) တွင် သတင်းထုတ်ပြန်သည်။
Oceanco ကုမ္ပဏီသည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင် အမေဇုန်ကုမ္ပဏီတည်ထောင်သူ ဘီလျံနာသူဌေး (Jeff Bezos) ဂျက်ဖ်ဘီ ဇို့စ်ကို Koru အမည်ရှိ ဇိမ်ခံသင်္ဘော တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်ဟုလည်း EIA က ဆိုသည်။
မြန်မာနိုင်ငံမှ ကျွန်းသစ်များကို ဇိမ်ခံသင်္ဘောတည်ဆောက်ရာတွင် အသုံးပြုခဲ့သလားဟု Jeff Bezos ထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း EIAက မေးမြန်းခဲ့ရာ တုံ့ပြန်မှုမရခဲ့သော်လည်း ယခုအခါ Oceanco ကုမ္ပဏီ ငွေဒဏ်အရိုက်ခံရခြင်းဖြစ်သည်။
Oceanco ကုမ္ပဏီသည် ဇိမ်ခံသင်္ဘောတည်ဆောက်ရေးအတွက် ပရိဘောဂနှင့် အချောထည်ပစ္စည်းများတွင် အသုံးပြုသည့် ကျွန်းသစ်များ၏ မူလဇာစ်မြစ်ကိုရှာဖွေရန် ပျက်ကွက်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟုလည်း EIAက ဆိုသည်။
သို့သော် ကျွန်းသစ်ဝယ်ယူမှုသည် မြန်စစ်တပ်အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ်တွင် တူရကီကုမ္ပဏီထံမှ ဝယ်ယူခဲ့ခြင်းဖြစ်၍ Oceanco ကုမ္ပဏီနှင့် အရေးယူပိတ်ဆို့မှုခံထားရသော မြန်မာ့သစ်လုပ်ငန်း (MTE) ကြား သွယ်၀ိုက်သော ငွေပေးချေမှုရှိမရှိ မေးခွန်းထုတ်ရန် ရှိနေသေးသည်ဟုလည်း EIA က ဆိုသည်။တားမြစ်ထားသော မြန်မာ့ကျွန်းသစ်များကို အသုံးပြုခဲ့ခြင်းကြောင့် ဗြိတိန်အခြေစိုက် နာမည်ကြီး Sunseeker International ကုမ္ပဏီသည်လည်း ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း စတာလင်ပေါင် ၃၅၀,၀၀၀ ကျော် ဒဏ်ရိုက်ခံခဲ့ရသည်။ ထိုကုမ္ပဏီသည် တားမြစ်မြန်မာ့ကျွန်းသစ်များ တင်သွင်းအသုံးပြုခဲ့ခြင်းကြောင့် ပထမဆုံး ဒဏ်ရိုက်ခံရသည့် ကုမ္ပဏီဖြစ်သည်။
ယခုအရေးယူမှုများသည် တားမြစ်ထားသော မြန်မာ့သွေးစွန်းကျွန်းသစ်များကို ဆက်လက်ဝယ်ယူသူများအတွက် သတိပေးချက်ဖြစ်သည်ဟု EIA သစ်တောရေးရာခေါင်းဆောင် Faith Doherty က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောထားသည်။
“ဥရောပနဲ့ ဗြိတိန်ဈေးကွက်တွေမှာ မြန်မာကျွန်းသစ်တွေကို တရားမဝင်ဝယ်ယူသုံးစွဲနေတဲ့ ကုန်သည်တွေကို နှစ်ပတ်အတွင်း ဒုတိယအကြိမ်ဒဏ်ငွေရိုက်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
စစ်အစိုးရနှင့် ခရိုနီများကသာ ခြယ်လှယ်လုပ်ကိုင်နေသော မြန်မာ့ကျွန်းသစ်ရောင်းဝယ်မှုနှင့် တင်ပို့မှုများအားလုံးကို ဥရောပနိုင်ငံများ၊ ဗြိတိန်နှင့် အမေရိကန်တို့က ပိတ်ဆို့ထားသည်။
စစ်အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ဧပြီလတွင်လည်း မြန်မာ့သစ်လုပ်ငန်း (MTE) ကို အမေရိ ကန်အစိုးရက ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ပြီး ဥရောပသမဂ္ဂကလည်း အလားတူ ဒဏ်ခတ်အရေးယူကြောင်း ကြေညာခဲ့သည်။
သို့သော် မြန်မာ့ကျွန်းသစ်မှောင်ခိုကုန်သည်များသည် ဥရောပနှင့် အမေရိကန်ရှိ ဥပဒေစိုးမိုးရေး အေဂျင်စီများ၏ ထောက်လှမ်းခြင်းမှ ရှောင်ရှားရန် တတိယနိုင်ငံများမှတစ်ဆင့် တိမ်းရှောင်ကုန်သွယ်နေကြသည်။
တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် မြန်မာနိုင်ငံမှ ကျွန်းသစ်အပါအဝင် အဖိုးတန်သယံဇာတ မှောင်ခိုရောင်းဝယ်မှုများအတွက် ထွက်ပေါက်များဖြစ်နေသည်ဟုလည်း EIA တာဝန်ရှိသူက Myanmar Now သို့ ဖြေကြားထားဖူးသည်။
စစ်ကောင်စီအတွက်ဘဏ္ဍာငွေအရင်းအမြစ်တစ်ခုဖြစ်သည့် ထိုနိုင်ငံပိုင်သစ်လုပ်ငန်း MTE ကိုပိတ်ဆို့အရေးယူထားသော်လည်း အာဏာသိမ်းပြီးကတည်းက မြန်မာ့ကျွန်းသစ်များ အမေရိကန်သို့အဆက်မပြတ်ရောက်နေသည်ဟု EIA က ၂၀၂၂ခုနှစ်အတွင်းက အစီရင်ခံစာထုတ် ပြန်ခဲ့သည်။