![](https://myanmar-now.org/mm/wp-content/uploads/sites/7/2024/12/33-1.jpg)
ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယမန်နေ့ (ဒီဇင်ဘာ ၃ ရက်) က တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပရန် ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြသည်။
စစ်ခေါင်းဆောင်နှင့် ရုရှားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-Ool တို့ တွေ့ဆုံရာတွင် စစ်ကောင်စီအဖွဲ့ဝင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးဝဏ္ဏမောင်လွင်တို့အပြင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုလည်း တက်ရောက်ခဲ့သည်။
ထိုတွေ့ဆုံမှုတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားနိုင်ငံမှ လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ရေးသားသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပကာ နိုင်ငံရေးထွက်ပေါက်ရှာနေချိန် Mr. Sholban Kara-Ool မြန်မာနိုင်ငံသို့ ရောက်လာခြင်းဖြစ်သည်။ Mr. Sholban Kara-Ool သည် ယမန်နှစ် မေလက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး စစ်ကောင်စီ ကြံရွယ်နေသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကူညီမည့်အကြောင်း စစ်ခေါင်းဆောင်ကို ကတိပေးထားဖူးသည်။
ထိုစဉ်က စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးလှသိန်းက ၎င်းတို့ စီစဉ်ထားသည့် အကျိုးချကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်ထားမှုအခြေနေကို ရုရှား လွှတ်တော်ဒုဥက္ကဋ္ဌကို တင်ပြခဲ့ဖူးသည်။
စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အလေးထားဆောင်ရွက်သွားမည်ဟုပါရှိသည်။
မည်သည့်အချိန်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု မှန်းဆ၍ မရသေးသော်လည်း ပြီးခဲ့သည့် အောက်တို ဘာလအတွင်း နိုင်ငံနေရာအချို့တွင် သန်းခေါင်စာရင်း ကောက်ယူခဲ့ရာ ထိုလှုပ်ရှားမှုသည် ရွေးကောက်ပွဲ အတွက် ရည်ရွယ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
သို့သော် နိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများဖြစ်နေရာ စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ် အထ မမြောက်နိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း ကြေညာထားသည်။
ထို့ပြင် အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကုလ လူ့အခွင့်အရေးကောင်စီက (UNHRC) အပြင်းအထန်ကန့်ကွက်လိုက်ပြီး အတုအယောင် ရွေးကောက်ပွဲသာဖြစ်လိမ့်မည်ဟု ဒီဇင်ဘာ ၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
စစ်ကောင်စီသည် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေခြင်း၊ အာဏာသိမ်းမှုကို ဆန့်ကျင်သူများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ လွတ်လပ်သည့်သတင်းများ တင်ပြခွင့်မရခြင်း စသည့်အခြေအနေများကြောင့် ရွေးကောက်ပွဲလုပ်ရန် မဖြစ်နိုင်ဟုလည်း UNHRC က ဆိုသည်။
ယခု Mr. Sholban Kara-Ool ၏ ခရီးစဉ်ကို စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဖိတ်ကြားထားခြင်းဖြစ်သည်။ ရုရှားလွှတ်တော်ဒုဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒီဇင်ဘာ ၁ ရက် မွန်းလွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက် လာခဲ့သည်။
ရုရှားလွတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ကို စစ်တပ်ကြောထောက်နောက်ခံပေးထားသည့် ကြံ့ခိုင်ရေးပါတီ (USDP) ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးခင်မောင်စိုးက သွားကြိုခဲ့ပြီး ညနေပိုင်း ရန်ကုန်လေဆိပ်မှ နေပြည်တော်သို့ သွားရောက်ရာတွင်လည်း ဦးခင်မောင်စိုး လိုက်ပါ ပို့ဆောင်ခဲ့သည်ကို တွေ့ရသည်။
ဒီဇင်ဘာ ၃ ရက်က နေပြည်တော်တွင် စစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီအရာရှိများတွင် တွေ့ဆုံရာ နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံသည် စစ်ကောင်စီဘက်မှ ခိုင်ခိုင်မာမာရပ်တည်ပေးမှု၊ စစ်ကောင်စီကလည်း ရုရှားနိုင်ငံအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ပေးလျက်နေကြောင်း ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြသည်။
အလားတူ အပြန်အလှန်ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် နည်းပညာပူးပေါင်းဆောင်ရွက်ရန်၊ ဓာတ်မြေဩဇာ ထုတ်လုပ်နိုင်ရန်၊ စက်မှုလုပ်ငန်းများတိုးတက်ရန်နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း သတင်းစာက ဖော်ပြသည်။
မြန်မာစစ်ကောင်စီသည် နိုင်ငံအတွင်းအကြမ်းဖက်မှုများ ကျူးလွန်နေသူ နိုင်ငံတကာစာမျက်နှာတွင် ထင်ရှားပြီး ရုရှားနိုင်ငံသည်လည်း ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်တိုက်နေသည့် နိုင်ငံဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ အကျဉ်ခံထားရသည့် နိုင်ငံများဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီနှင့် ရုရှားနိုင်ငံတို့သည် နီးကပ်သည့်ဆက်ဆံရေးရှိပြီး စစ်ခေါင်းဆောင် အနည်း အကျဉ်းသွားရောက်ခဲ့သော ပြည်ပနိုင်ငံများတွင် ရုရုားနိုင်ငံလည်း ပါဝင်သည်။
ရွေးကောက်ခံအစိုးရထံမှ နိုင်ငံ့အာဏာကိုသိမ်းယူပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် မြန်မာစစ်ခေါင်းဆောင်ကို အမေရိကန်အပါအဝင် ဥရောပသမဂ္ဂနိုင်ငံများက အရေးယူပိတ်ဆို့မှုများပြုလုပ်ထားသည်။ ထို့အတူ ရုရှားနိုင်ငံကိုလည်း အမေရိကန်အပါအဝင် ဥရောပသမဂ္ဂနိုင်ငံများက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည်။
ရုရှားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်ဘက် နီးစပ်မှုကို ပြသသည့် ခရီးစဉ်လည်းဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး မတ်လ ၃ ရက်တွင် ဒုတိယ စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုကို ခံနိုင်ရည်ရှိပြီး မိတ်ဆွေနိုင်ငံအနည်းငယ်နှင့် ရှေ့ဆက်သွားမည်ဟု ပြောဆိုခဲ့ဖူးသည်။