သတင်း

ရေလုပ်သားများ လွတ်မြောက်ရေး ထိုင်းကူညီရမည်ဟု မြန်မာတချို့တောင်းဆို

စစ်ကောင်စီတပ်က မြန်မာရေလုပ်သားတို့ကို ဖမ်းဆီးမှုမှာ ထိုင်းအလုပ်ရှင်၏လုပ်ငန်း ဆောင်ရွက်ချိန်အတွင်း ဖြစ်သည်၊ အလုပ်သမားတို့လုံခြုံရေးမှာ ထိုင်းအစိုးရ တာဝန်ဖြစ်သည်ဟု ထောက်ပြနေကြသည်။

စစ်ကောင်စီရေတပ်က ဖမ်းဆီးထားသည့် ထိုင်းငါးဖမ်းစက်လှေမှ ထိုင်းနိုင်ငံသားများသာမက မြန်မာ ရေလုပ်သားများ ပြန်လည်လွတ်မြောက်ရေးအတွက် ထိုင်းအစိုးရက ကူညီပေးသင့်သည်ဟု   မြန်မာ အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။

နိုဝင်ဘာ ၃၀ ရက် နံနက်တွင် စစ်ကောင်စီရေတပ်က စက်လှေ ၄ စီးကို ပစ်ခတ်ရာ ထိုင်းတစ်ဦး၊ မြန်မာ တစ်ဦး သေဆုံးသည်၊ ထို့နောက် ထိုင်း ၄ ဦး၊ မြန်မာ၂၇ ဦးကို  စက်လှေတစ်စီးနှင့်အတူ ဖမ်းသွားခြင်း ဖြစ်သည်။

ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံသားများ လွတ်မြောက်ရေးအတွက်  တောင်းဆိုနေသော်လည်း မြန်မာ ရေလုပ်သားများအရေးအတွက် တောင်းဆိုမှုအားနည်းနေသည်ဟု ဝေဖန်ခံနေရသည်။

ဖမ်းဆီးခံနေရသည့် မြန်မာများသည် ထိုင်းနိုင်ငံ၊  ရနောင်းမြို့တွင် အထောက်အထား အပြည့်အစုံဖြင့် နေထိုင်ပြီး  အလုပ်လုပ်ကိုင်နေသူများဖြစ်ကြသည်ဟု သိရသည်။  

လုပ်ငန်းခွင်အတွင်း အဖမ်းခံရသဖြင့် ထိုင်းအလုပ်ရှင်အပါဝင် ထိုင်းနိုင်ငံ အလုပ်သမားနှင့် အလုပ်အကိုင် ရှာဖွေရေးဌာန (DOE) ကလည်း  ငါးဖမ်းလုပ်သားများဘေးကင်းလုံခြုံရေး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ  ဦးမင်းဦးက ပြောသည်။

“ထိုင်းနိုင်ငံမှာက လုပ်ငန်းခွင်မှာ တစ်ခုခုဖြစ်တယ်ဆိုရင် အလုပ်ရှင်ကနေပြီးတော့ တာဝန်ရှိနေသေးတယ်။ နောက်ပြီးတော့ အလုပ်သမားနဲ့ အလုပ်အကိုင်ရှာဖွေရေးဌာန DOE အနေနဲ့လည်း တာဝန်ရှိနေသေးတယ်”  ဟု  FED မှ  အလုပ်သမားအရေးတာဝန်ခံ  ဦးမင်းဦးက ဆိုသည်။ 

“ဒီလူတွေ အခုဖြစ်တာက အလုပ်ခွင်မှာဖြစ်တာဗျ။ အဲ့ဒီတော့ အဲ့ဒီဟာအတွက်လည်း သူတို့က တစ်စုံတစ်ခုသော အတိုင်းအတာအားဖြင့် ထောက်ပံ့တာ၊ ပံ့ပိုးတာ၊ တောင်းဆိုတာ လုပ်ပေးသင့်တယ်ပေါ့နော်”

ယခင်ကတည်းက မြန်မာရေပိုင်နက်ထဲဝင်ရောက်သည့် ထိုင်းငါးဖမ်းလှေများကို မြန်မာရေတပ်က  ဖမ်းဆီးသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း၊  နှစ်နိုင်ငံညှိနှိုင်းပြီးနောက်  ထိုင်းနိုင်ငံသားများ ပြန်လွှတ်လာသော်လည်း မြန်မာနိုင်ငံသားများကို ဆက်လက် ဖမ်းဆီးထားတတ်ကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာရေလုပ်သားများကို ပြန်လွှတ်ပေးရန် ထိုင်းအလုပ်ရှင်က အရေးဆိုမှုမရှိသေးသဖြင့် မိသားစုဝင်များ ကလည်း ပိုမို စိုးရိမ်နေကြောင်း ရနောင်းမြို့အခြေစိုက် အလုပ်သမားအရေးကူညီသူတစ်ဦးက ပြောသည်။

မည်သည့်နေရာတွင် ငါးဖမ်းမည်ဆိုသည်ကို  ထိုင်းအလုပ်ရှင် ခန့်ထားသည့် ပဲ့နင်း ခေါ် စက်လှေသမားကသာ ဆုံးဖြတ်သည်၊ မြန်မာရေလုပ်သားတို့က စက်လှေသမား ပို့ပေးသည့်နေရာတွင်  အလုပ်လုပ်ကိုင်ကြရသူများ ဖြစ်သည်ဟု  ၎င်းက ဆိုသည်။ 

တရားဝင်ငါးဖမ်းစက်လှေဖြစ်ပြီး ကမ်းကပ်ထားစဉ် ထိုင်းဌာနဆိုင်ရာများက စစ်ဆေးပြီးမှ ပင်လယ်ပြင် ထွက်ခွာခွင့် ပြုကြောင်း ၎င်းက ဆက်ပြောသည်။ 

“ပဲ့နင်းက ခေါ်လာပြီး၊ မောင်းလာပြီး မြန်မာရေပိုင်နက်ထဲ ရောက်သွားတယ်။ မြန်မာနိုင်ငံသားတွေက သိတာ မဟုတ်ဘူး။ သူတို့ မောင်းလို့လည်း မရဘူး” ဟု ၎င်းက ရှင်းပြသည်။ 

“(မြန်မာရေပိုင်နက်ထဲ အဖမ်းခံရရင်) ပြစ်မှုကင်းလွတ်ခွင့်ပေးတယ်ဆိုတာ တစ်ခါမှ မရှိဘူး။ ထိုင်းတွေကိုပဲ နှစ်နိုင်ငံ ချစ်ကြည်ရေးဆိုပြီးလုပ်ပြီးရင် ပဲ့နင်းတွေ ထိုင်းနိုင်ငံသားတွေ ပြန်ပို့လိုက်တာပဲ ရှိတယ်။ မြန်မာနိုင်ငံသားတွေက အကုန်လုံး ထောင်နန်းစံတာချည်းပဲ” 

ဒေါ်လာဘီလျံ ချီတန်ကြေးရှိသည့် ပင်လယ်ငါးဖမ်းလုပ်ငန်းများရှိရာ ရနောင်းမြို့တွင်  မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်နေကြသည်၊ ငါးဖမ်းလှေတိုင်းတွင် အလုပ်သမား ၈၀ ရာခိုင်နှုန်းကျော်မှာ မြန်မာများ ဖြစ်နေတတ်သည်ဟု  စုံစမ်းသိရှိရသည်။ 

စစ်ကောင်စီကမူ ငါးဖမ်းစက်လှေများသည် မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်သဖြင့် လုပ်ထုံးလုပ်နည်း နှင့်အညီ ဖမ်းဆီးခဲ့ပြီး ထိခိုက်သေဆုံးသူမရှိကြောင်း၊ လှေပေါ်ပါလာသူများကို အကြမ်းဖက် သံသယဖြင့် စစ်ဆေးနေကြောင်း ဒီဇင်ဘာ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“လက်နက်ခဲယမ်း မဟုတ်တဲ့၊ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းများတွေ့ရှိရတဲ့အတွက် စစ်ဆေးလျက်ရှိပါတယ်” ဟု စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းဌာနများကို ပေးပို့သည့်၊ ကြိုတင်အသံသွင်းထားသည့် ဖြေဆိုချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

စစ်ကောင်စီက “အကြမ်းဖက်အဖွဲ့” ဟုရည်ညွှန်းပြောဆိုခဲ့သော်လည်း အဖွဲ့အစည်းအမည်ကို တိတိကျကျ ပြောဆိုခဲ့ခြင်းမရှိပေ။ စစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်သည့် အဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့ အဖြစ် မကြာခဏကြေညာလေ့ရှိသည်။

၂၀၂၂ ဇွန်လက ရခိုင်ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင်နေသော စစ်သင်္ဘောတစ်စီး။ (ဓာတ်ပုံ- စစ်ကောင်စီ)

မြန်မာရေလုပ်သားများ အပြစ်ရှာ အရေးယူခံရမည်ကို စိုးရိမ်ကြောင်း တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။  

ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်၍ ပင်လယ်လုပ်ငန်းလုပ်ကိုင်ကြပြီး ဖမ်းဆီမှုပေါ်ပေါက်လာပါက ထိုင်းနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန၊ နှစ်နိုင်ငံနယ်စပ်ကော်မတီတို့က ပြန်လွှတ်ပေးရန် တောင်းဆိုလေ့ကြောင်း၊ ယခင်က ဖမ်းဆီးခဲ့ဖူးသော်လည်း   ပစ်ခတ်ဖမ်းဆီးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုင်းအခြေစိုက် သတင်းဌာနများတွင်မူ ငါးဖမ်းစက်လှေသည် ထိုင်းရေပိုင်နက်ထဲတွင် ရှိနေစဉ် စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးကြောင်း ဖော်ပြထားသည်။ 

ပစ်ခတ်ဖမ်းဆီးစဉ် လူသေဆုံးစေမှုအတွက် အမြန်ဆုံးဖြေရှင်းပေးရန် ထိုင်းဝန်ကြီးချုပ် ပေတုံတာန်း ရှင်နာဝပ်က တောင်းဆိုထားသည်။    

စစ်ကောင်စီရေတပ်က  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်  ဘင်္ဂလားပင်လယ်အော်တွင်လည်း မကြာသေးမီက  ပစ်ခတ်မှုများ ရှိခဲ့သည်။ 

အောက်တိုဘာ ၁၁ ရက်နေ့ ပစ်ခတ်မှုတွင်  ဘင်္ဂလားဒေ့ရှ် ငါးဖမ်း သမားတစ်ဦး သေဆုံး၊  ဒဏ်ရာရသူများ ရှိသောကြောင့်  ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

နိုဝင်ဘာ ၂၇ ရက်နေ့တွင် လူ ၆ ဦး လိုက်ပါလာသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘောတစ်စီးကို  ပစ်ခတ်ခဲ့၍ အသက် ၄၀ အရွယ် ငါးဖမ်းသမား တစ်ဦး ညာဘက်လက်မောင်းတွင် ဒဏ်ရာရခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune သတင်းဌာနက ဖော်ပြထားသည်။ 

စစ်ကောင်စီကမူ ထိုနေ့က အဆိုပါနေရာ၌  စစ်ရေယာဉ်များမရှိကြောင်း  သတင်း ထုတ်ပြန်ထားသည်။ 

ယခုကဲ့သို့ ဖြစ်စဉ်များကို နှစ်နိုင်ငံနယ်ခြားစောင့် တပ်အချင်းချင်း အောက်ခြေအဆင့် ညှိနှိုင်းဖြေရှင်းနိုင် သော်လည်း သတင်းဌာနများ၏ ဖော်ပြမှုများကြောင့်  ရင်းနှီးမှု ပျက်ပြားနိုင်စေကြောင်း၊  နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်မှုမရှိရန် သတိပြုဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

Show More

Related Articles

Back to top button