သတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်း ချင်းမိုင်တွင် ဖမ်းမိ၊ သံသယတရားခံများတွင် မြန်မာတချို့ပါဝင်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း အကြီးစား အွန်လိုင်းငွေလိမ်ဂိုဏ်း တစ်ခုကို  ဖော်ထုတ်နိုင်ခဲ့ပြီး ထိုဂိုဏ်းတွင် လုပ်ကိုင်နေသည်ဟု ယူဆရသူ ၁၅ ဦးကို ဖမ်းမိထားရာ ထိုအထဲတွင်  မြန်မာ ၈ ဦးပါဝင်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောဆိုကြောင်း သိရသည်။

ဇင်းမယ် ခေါ် ချင်းမိုင်ရှိ စန်ဆိုင်း၊ စန်ကဖန် စသည့် မြို့နယ်များတွင် ငှားရမ်းထားသည် အိမ် ၁၁ လုံးကို ထိုင်းရဲတပ်ဖွဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (CIB)က ဝင်ရောက်စစ်ဆေးပြီး မြန်မာ ၈ ဦး၊ တရုတ် ၅ ဦး၊ ထိုင်း ၂ ဦးတို့ကို ဖမ်းဆီးခဲ့သည်ဟု ရဲက ပြောဆိုကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများက ဖော်ပြသည်။

ထိုအထဲတွင် အသက် ၃၀ အရွယ် ထိုင်းအမျိုးသမီး Jirapan Prakobkit ဆိုသူလည်းပါဝင်သည်၊  သူ၏ ခင်ပွန်းသည် တရုတ်အမျိုးသားမှာ  ငွေလိမ်ဂိုဏ်းကို ဦးဆောင်သူဟု ယူဆရပြီး လွတ်မြောက်နေသည်ဟု Bangkok Post အွန်လိုင်းသတင်းတွင် ရေးထားသည်။ Khaosod English အွန်လိုင်းသတင်းတွင်မူ ထိုအမျိုးသားမှာ ထိုင်ဝမ်နိုင်ငံသား ဖြစ်သည်ဟု ရေးထားသည်။

Jirapan Prakobkit သည် နေအိမ်များ ငှားရမ်းခနှင့် ဆက်စပ်အသုံးစရိတ်များအတွက် ငွေပေးချေသူဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါဂိုဏ်းသည် လူမှုကွန်ရက်အကောင့်တုများ ဖန်တီးပြီး ထိုအကောင့်တုများကို အွန်လိုင်းရာဇဝတ်ဂိုဏ်းများထံ ရောင်းချသည်ဟုလည်း ထိုင်းရဲက ပြောကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၇ ရက်) တွင် ထိုင်းရဲက ဘန်ကောက်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ပြသခဲ့သော ပစ္စည်းများမှာ ဖမ်းဆီးခံရသူတို့ထံမှ သိမ်းဆည်းရမိသော အထောက်အထားများ ဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း အဆောက်အဦတချို့ကို ထိုင်းရဲက စီးနင်းစစ်ဆေးပြီး ငွေလိမ်ဂိုဏ်းဟု ယူဆရသည့် လုပ်ငန်းများကို စစ်ဆေးနေကြစဉ်။ (ဓာတ်ပုံ – ထိုင်းရဲတပ်ဖွဲ့)

ဖမ်းဆီးရမိသည့် ပစ္စည်းများတွင်း ဖုန်း SIM box ၆၄၂ လုံး၊ ကွန်ပျူတာ ၇၂ လုံး၊ မိုဘိုင်းဖုန်း ၁,၄၅၅ လုံး၊ SIM ကတ် ၅၉၀,၀၀၀ ခု၊ SIM ကတ် ထည့်အသုံးပြုနိုင်သည့် ပစ္စည်း ၄၇ လုံးနှင့် အခြားပစ္စည်းများ စုစုပေါင်း ၅၉၂,၂၃၅ ခု ပါဝင်သည်။

ငွေလိမ်ဂိုဏ်းသုံးပစ္စည်း အများဆုံး ဖမ်းဆီးရမိမှုဖြစ်သည်ဟု ထိုင်းရဲက ဆိုသည်။

ငွေလိမ်ရာတွင်သုံးသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းမိခြင်းကြောင့်လည်း အွန်လိုင်း ရာဇဝတ်ဂိုဏ်းများအတွက် အဓိက လမ်းကြောင်းတစ်ခုကို ဖြတ်တောက်ပစ်နိုင်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့ ရဲမှူးချုပ် Jiraphop က ဆိုသည်။

“ဒီဖမ်းဆီးနိုင်မှုဟာ နှစ်စဉ် ဘတ်ဘီလီယံချီ ပမာဏကို ဆုံးရှုံးမှုဖြစ်စေတဲ့ ဖုန်းလိမ်လည်မှုတွေကို အထိရောက်ဆုံး တားဆီးလိုက်နိုင်တာပါ” ဟု Jiraphop က ဆိုပြီး လွတ်မြောက်နေသူများကို ဖမ်းမိနိုင်ရန် ကြိုးပမ်းနေသည်ဟု  ပြောသည်။

 အဖမ်းခံရသူတို့က ထိုင်း၊ တရုတ်၊ ထိုင်ဝမ်နိုင်ငံတို့မှ လောင်းကစားသမားတို့အတွက် ဆောင်ရွက်ပေးနေသည့် အွန်လိုင်းလောင်းကစားလုပ်ငန်းတွင် လုပ်ကိုင်နေကြသည်ဟု ဝန်ခံထားသည်၊ ပါဝင် လောင်းကစားသူ တစ်သိန်းကျော် ရှိပြီး လစဉ် လည်ပတ်နေသည့် ငွေပမာဏမှာ ဘတ် ၁၀ သန်း (ဒေါ်လာ ၃ သိန်း) အထက်တွင် ရှိသည်ဟု ဆိုသည်။  

ထိုလုပ်ငန်းကို ဦးစီးလည်ပတ်သူ ထိုင်ဝမ်အမျိုးသားက ဝန်ထမ်းများကို လစာ ၁၅,၀၀၀ မှ ၃၀,၀၀၀ ကြား ပေးသည်၊ လုပ်ငန်း လည်ပတ်နေသည်မှာ လအတန်ကြာပြီဟု ဆိုသည်။ 

Show More

Related Articles

Back to top button