သတင်း

အာဏာသိမ်းပြီးနောက် ‘ဝ’နှင့်လားဟူတပ် ထိန်းချုပ်ရာ မယ်ဆိုင်မြစ်ဖျား၌ ရွှေတူးဖော်မှုတိုးချဲ့နေ

အာဏာသိမ်းပြီးနောက်တွင် UWSA ‘ဝ’ တပ်နှင့် လားဟူလက်နက်ကိုင်တပ်ထိန်းချုပ်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့အရှေ့ဘက် မယ်ဆိုင်မြစ်အထက်ပိုင်းတွင် ရွှေတူးဖော်မှုများ အကြီးအကျယ်တိုးချဲ့လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကဆိုသည်။

UWSA ‘ဝ’ တပ်နှင့် လားဟူလက်နက်ကိုင်တပ်ထိန်းချုပ်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့အရှေ့ဘက် မယ်ဆိုင်မြစ်အထက်ပိုင်းတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ နှစ်ကုန်ပိုင်းမှစတင်၍ ရွှေတူးဖော်မှုများ အကြီးအကျယ်တိုးချဲ့လာကြောင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယနေ့(နိုဝင်ဘာ ၂၇) ရက်တွင် သတင်းထုတ်ပြန်သည်။ 

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်းဆက်မြို့အရှေ့ဘက် မိုင်းကန်း၊ နားယောင်းကျေးရွာအနီးတဝိုက်နှင့် စစ်ကောင်စီ၏ မဟာမိတ်ဖြစ်သော လားဟူလက်နက်ကိုင် တပ် ထိန်းချုပ်နယ်မြေ မယ်ကြုတ်ကျေးရွာအနီးတွင် ရွှေတူးဖော်မှုများလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

စစ်အာဏာမသိမ်းမီက ထို‌ရွှေလုပ်ကွက်များကို လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် ထိန်းကြောင်းပေးရန် လှုံ့ဆော်နိုင်သော်လည်း ယခုအခါ ထုတ်ဖော်ပြောဆိုခွင့်လုံးဝမရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောခွင့်ရ ယိင်းလျန်းဟန်က Myanmar Now ကို ပြောသည်။ 

“အခုပိုပြီးမှ များလာတယ်ပေါ့နော်။ ရွှေတူးတဲ့နေရာပေါ့နော်။ ဟိုအရင်တုန်းက မိုင်းဆတ်၊ တာချီလိတ် ဒီဒေသမှာပဲ ရွှေတူးဖော်မှုတွေ များတယ်။ အခုကတော့ မိုင်းတုံဘက်အထိရောက်လာတယ်။ သံလွင်မြစ် အထိရောက်လာတယ်” ဟု ၎င်းက ပြောသည်။ 

တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ ၎င်းတို့နှင့်အချိတ်အဆက်ရှိသည့် ပြည်တွင်းစီးပွားရေးသမားများက စစ်ကောင်စီအပါဝင် နယ်မြေထိန်းချုပ်သည့် လက်နက်ကိုင်အဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် တူးဖော်နေကြပြီး လုပ်ကိုင်ခွင့်ရ ကုမ္ပဏီအချက်လက်များကို အတိကျမသိရသေးကြောင်း ၎င်းက ဆိုသည်။

 မယ်ဆိုင်မြစ်အထက်ပိုင်းတွင် ရွှေတူးဖော်နေသည့် လုပ်ကွက်နေရာများ (မြေပုံ-ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က)

“ရွှေကတော့ အရမ်းထွက်တယ်လို့ပြောတယ်။ ရွှေမြေအလုံးလိုက်ကနေတူတာဆိုတော့ တော်တော်ရတယ် လို့လည်းကျွန်မတို့သိရတယ်။ (လုပ်ကွက်ထဲ) ဒေသခံတွေလည်းသွားလို့မရဘူး။ ဘယ်သူမှ သွားမရဘူး။ လက်နက်ကိုင် ယူနီဖောင်းဝတ် လုံခြုံရေးတွေစောင့်ထားတယ်” ဟု သူက ဆက်ပြောသည်။ 

မယ်ဆိုင်မြစ်အထက်ပိုင်း မြစ်ချောင်းများအတွင် ရွှေတူးဖော်ကြပြီး ရွှေတူးဖော်ရာတွင့် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် စွန့်ပစ်မြေများကို မြစ်ချောင်းထဲတွင် ပြန်စွန့်ပစ်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်း သူက ဆိုသည်။

ရွှေတူးဖော်မှုများပြားခြင်းကြောင့် မြစ်ကမ်းဘေးရှိ တောင်များတိုက်စားခံရကာ ခဲဓာတ်များပြားသော ရွှေသန့်စင်ကန်များအဖြစ်ပြောင်းသွားကာ ထိုကန်များထဲတွင် ရွှေတူးဖော်ရာတွင် အဓိကအသုံးပြုသည့် ဆာရာနိုက်ကဲ့သို့ အဆိပ်ရှိဓာတ်တုပစ္စည်များပါဝင်နေသည်ဟုလည်း သိရသည်။ 

မဲခေါင်မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော မယ်ဆိုင်မြစ်သည် ရှမ်းအရှေ့မှ မြန်မာနှင့် ထိုင်းနယ်စပ်ရှိ တာချီလိတ်နှင့် မယ်ဆိုင်မြို့ကြားဖြစ်သန်း၍ မဲခေါင်မြစ်အတွင်း စီးဝင်သည်။ 

ရွှေတူးဖော်မှုများကြောင့် မြစ်လမ်းကြောင်းပိတ်ဆို့လာပြီး မိုးရွာသွန်းချိန်တွင် တာချီလိတ်မြို့အတွင်းသို့ ဒလဟောစီးဝင်ကြောင်း အမည်မဖော်လိုသည့် တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“တာချီလိတ်က ချိုင့်ဝှမ်းထဲမယ်ဆိုတော့ပိုဆိုးတယ်။ တောင်ပေါ်မှာ မိုးရွာပြီဆိုတာနဲ့ရေကြီးပြီပဲ။ အရင်က ရွှေတူးတယ်။ အခုဟာကပိုများလာတယ်။ တောင်မှန်သမျှအကုန်လုပ်တော့တာပဲ။ မိုးရွာလာရင်ရေက ဒလဟောစီးတော့တာပဲ” ဟု သူက ဆိုသည်။

ရွှေတူးဖော်သည့် တရုတ်သူဌေးများသည် တာချီလိတ်မြို့တွင် အနေများပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွင် အသုံးပြုသည့် စက်သုံဆီကို ထိုမြို့မှပင်ဝယ်ယူကြကြောင်း ၎င်းက ဆိုသည်။ 

ယခုနှစ် စက်တင်ဘာတွင် မြန်မာနှင့်ထိုင်းနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တွင် ရေကြီးရေလွှမ်းခဲ့ပြီး   ရေကျဆင်းပြီးနောက် မြို့ပေါ်တွင် နုံးအများအပြားတင်ကျန်ခဲ့ကြောင်း၊ ယခင် ရေကြီးရေလွှမ်းမှုများတွင် နုံးတင်ကျန်မှုနည်းပါးသော်လည်း ယခုနှစ်တွင် များပြားခြင်းမှာ ရွှေတူးဖော်မှုများနှင့် ဆက်စပ်နိုင်ကြောင်း ထိုင်းနိုင်ငံ သဘာဝအရင်းမြစ်ဌာန၏ ၂၀၂၄ အောက်တိုဘာတွင် လေ့လာတွေ့ရှိခဲ့သည်။

ရှမ်းအရှေ့ပိုင်းရှိ အခြားချောင်းများဖြစ်သည့် နမ့်ခုတ်နှင့် နမ့်လင့်ချောင်းတို့ပေါ်တွင် ကျောက်မီးသွေးနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများရှိနေပြီး ထိုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိနေသည်ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်အဖွဲ့က ဆိုသည်။

Google Earth မှတွေ့မြင့်ရသည့် ရွှေလုပ်ကွက်များ (မြေပုံ – ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က)

မိုင်းဆတ်မြို့တောင်ဘက် နမ့်ခုတ်ချောင်းပေါ်တွင် ရွှေတူးဖော်ရန် ၂၀၂၃ တွင် တရုတ်ကုမ္ပဏီ ၇ ခုကို ဝတပ်ဖွဲ့က ခွင့်ပြုထားပြီး ကုမ္ပဏီအမည်များကိုမူမသိရသေးပေ။ ထို့အပြင် ထိုင်းအခြေစိုက် Sahakol ကုမ္ပဏီသည် စစ်တပ်ပိုင် Golden Lake ကုမ္ပဏီနှင့်ပူးပေါင်၍ နမ့်ခုတ်မြစ်အနီး မိုင်းခုတ်ကျေးရွာအနီး သတ္ထုတူးဖော်ခွင့်ရထားပြီး နယ်မြေအခြေအနေကြောင့် လုပ်ငန်းများရပ်နားထားသည်ဟု သိရသည်။

မယ်ဆိုင်မြစ်အထက်ပိုင်း ရွှေတူးဖော်မှုတိုးချဲ့မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒများနှင့်ပတ်သက်၍ ဝတပ်ဖွဲ့ပြောခွင့်ရသူ ဦးညီရန်းကို Myanmar Now က ဆက်သွယ်ထားသော်လည်း တုန့်ပြန်ဖြေဆိုခြင်း မရှိသေးပေ။

တိုင်းရင်းသားလက်နက်ကိုင်များအနက် အင်အားအကြီးဆုံးဖြစ်သည့် ဝတပ်ဖွဲ့သည့် ဌာနချုပ်တည်ရှိရာ ဝမြောက်ပိုင်းအပြင် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ အပါအဝင် မြို့နယ် ၇ မြို့နယ် ကို “ဝ” ပြည် တောင်ပိုင်း (၁၇၁ စစ်ဒေသ ) အဖြစ်သတ်မှတ်ထိန်းချုပ်ထားသည်။ 

Show More

Related Articles

Back to top button