သတင်း

မကွေးတိုင်းတွင် စစ်တပ်နှင့်တိုးသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး အသတ်ခံရ

လက်နက်စက်ရုံများရှိသဖြင့် စစ်တပ်အတွက် အရေးပါသည့် မကွေးတိုင်းတွင် ခရီးထွက်နေသော PDF ၆ ဦး မြို့သစ်မြို့နယ်၊ တောင်တွင်းကြီးမြို့နယ်တို့တွင် တိုက်ခိုက်ခံရသည်။

မကွေးတိုင်းအတွင်း ခရီးသွားနေသည့်  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တချို့ ယခုလအတွင်း စစ်တပ်နှင့်ထိပ်တိုက်တွေ့ပြီး သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

“ သရက်ခရိုင် တပ်ရင်း (၁) က ရဲဘော်တွေပဲ။ ၆ ယောက်မှာ တစ်ယောက်က အဖမ်းခံရ။ ၅ ယောက်က ကျဆုံးပေါ့ အဲ့လိုဖြစ်သွားတယ်” ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

မြို့သစ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ထိတွေ့ပစ်ခတ်ကြစဉ် တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦး ဖမ်းဆီးခံရသည်။  

ထိုပစ်ခတ်မှုတွင် လွတ်မြောက်လာသူ ၄ ဦးမှာ ဆက်လက် ခရီးထွက်လာရာ နှစ်ပတ်အကြာ နိုဝင်ဘာ ၁၇ ရက်နေ့က မြို့သစ်မြို့မှ မိုင် ၂၀ကျော်ခန့်အကွာတွင် စစ်တပ်နှင့် ထပ်တွေ့ကြသည်ဟု ဆိုသည်။

တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှု နယ်မြေအနီး လက်ပံပွေ့ရွာတွင် ထိုသို့ထိပ်တိုက်တွေ့စဉ် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုက ဒေသခံများကိုကိုးကား၍   ပြောကြသည်။ 

သရက်ခရိုင် အမှတ် (၁) PDF တပ်ရင်းမှာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း၊ အောင်လံမြို့နယ်အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားသည့်အဖွဲ့ဖြစ်သည်။ 

မြို့သစ်မြို့နယ် ထိတွေ့ပစ်ခတ်မှုအပြီး နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေး၊ ဆင်ပေါင်ဝဲ၊ တောင်တွင်း ကြီးမြို့နယ်ထဲမှလမ်းများတွင် စစ်တပ်က ကင်းပုန်းများချပြီး လုံခြုံ ရေးတင်းကျပ်ထားခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များက ပြောသည်။ 

လဆန်းပိုင်း ဖမ်းဆီးခံခဲ့ရသည့် PDF တပ်ဖွဲ့ဝင်၏ နောက်ဆက်တွဲအခြေအနေနှင့်ပတ်သက်ပြီး မသိရှိရသေးကြောင်း အထက်ပါ ဒေသကာကွယ်ရေးအဖွဲ့ဝင်က ဆိုသည်။ 

စစ်တပ်ဝါဒဖြန့်တယ်လီဂရန်များတွင်မူ   တောင်တွင်းကြီးမြို့နယ်၊ ဂွေးပင်ရိုးရွာ အနီး PDF ၆ ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိသည်ဟု နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။ 

၎င်းတို့ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် လူလတ်ပိုင်းအရွယ် အမျိုးသားရုပ်အလောင်းများ တွေ့ရပြီး  ရင်ဘတ်၊ လက်မောင်းတို့တွင် ထိုးသွင်းဒဏ်ရာဒဏ်ချက်အချို့ကို တွေ့ရသည်။ 

ဝါဒဖြန့်တယ်လီဂရန်များက ထုတ်ထားသည့် သရက်ခရိုင် အမှတ် (၁) တပ်ရင်းမှ PDF တပ်ဖွဲ့ဝင်မျ ၄ ဦး၏ ရုပ်အလောင်းများ။

စစ်တပ် လက်နက်ခဲယမ်းများ ထုတ်လုပ်ရာ မကွေးတိုင်း

ဗမာလူမျိုးအများစုနေထိုင်ရာ နိုင်ငံအလယ်ပိုင်း မကွေးတိုင်းတွင်  စစ်တပ်၏ လက်နက် ခဲယမ်း စက်ရုံ အများအပြားရှိနေပြီး စစ်တပ်အတွက် အခရာ ကျသည့်ဒေသလည်း ဖြစ်သည်။ 

ကျည်ဆန်၊လက်နက်ငယ်မှသည် လေယာဉ်ဗုံးများ၊ အမြောက်နှင့်လက်နက်ကြီး အစိတ်အပိုင်းများ စသည့် ခဲယမ်းများအဓိကထုတ်လုပ်ရာ ကာကွယ်ရေးပစ္စည်းစက်ရုံ ၂၅ ခုရှိသည့်အနက် ထက်ဝက်ကျော် မှာ မကွေးတိုင်းတွင် တည်ရှိသည်။ 

တောတောင်လျှိုမြောင်ထူထပ်သည် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း မြို့နယ်များတွင် ပြီးခဲ့သည့် နှစ် ပိုင်းကပင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များခြေကုပ်ယူလှုပ်ရှားမှုများရှိသော်လည်း မြစ်အရှေ့ ဘက်ခြမ်း မြို့နယ်များတွင် တော်လှန်ရေးအင်အားစု လှုပ်ရှားနိုင်မှု အားနည်းခဲ့သည်။ 

ယခုနှစ်တွင် တော်လှန်ရေးအင်အားစုက ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းထိ ဖြန့်ကျက်လှုပ်ရှားနိုင်ရေး ကြိုးပမ်းလာချိန်တွင် စစ်တပ်ကလည်း မြစ်အရှေ့ဘက်ခြမ်း မြို့နယ်များတွင် လက်ဦးမှုရယူနိုင်ရေး အတွက် စစ်ရေးလှုပ်ရှားများ ခပ်စိတ်စိတ်လုပ်ဆောင်လာသည်။ 

ထို့ပြင်   မကွေးတိုင်း အနောက်တောင်ဘက်တကြောမှာ ရခိုင်တပ် AA အကြီးအကျယ် စစ်ထိုးနေသည့် ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ချင်း၊ မကွေးနှင့် ရခိုင် စစ်ဆင်ရေးတို့ ကွပ်ကဲရသည့် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို   AA က လနှင့်ချီ ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်တပ်ကလည်း အပြင်းအထန်ခုခံနေသည်။ 

ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့သည့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစပြီး နယ်နိမိတ်ချင်း ထိစပ်နေသည့် ရခိုင်ရိုးမတောင်ခြေမြို့များ ဖြစ်သည့် မင်းတုန်း၊ မင်းလှ၊ ငဖဲ၊ စေတုတ္တရာမြို့နယ်များတွင် စစ်တပ်က ကုန်စည်ကူးသန်းသွားလာခွင့် ကန့်သတ်ခဲ့ကြောင်း၊ ပြီးခဲ့သည့်လက စတင်ပြီး  စားနပ်ရိက္ခာ သယ်ယူမှုကို ပိုမိုတင်းကျပ်လာကြောင်း ဒေသတွင်း အခြေစိုက်လှုပ်ရှားသည့်အဖွဲ့များက ဆိုသည်။ 

“ရခိုင်ရိုးမကိုအခြေပြုတဲ့ ပြည်သူလူထုဆီ စားနပ်ရိက္ခာဝင်တဲ့ ပုသိမ် – မုံရွာလမ်းကို အဓိကထားပြီး တော့ အင်အားဖြည့်ပြီး ရခိုင်ရိုးမကိုအခြေပြုတဲ့ပြည်သူလူထုကို အကုန်ဖြတ်တောက်တာပေါ့။ ရိက္ခာ၊ ဆေးဝါး၊ စားနပ်ရိက္ခာ ဘာမှသယ်ယူခွင့်မပေးဘဲ ဖြတ်တောက်ထားတာ” ဟု  မင်းတုန်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့  (ပကဖ) တာဝန်ခံ ကိုဗဟိန်းက ပြောသည်။ 

ထို့ပြင် စစ်တပ်က နပခ စစ်ဌာနချုပ်ကို အမ်း – ပဒါန်းလမ်းကြောင်းမှတဆင့် စစ်ကူအင်အားများကို ဖြည့်တင်းနေပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထိုလမ်းပိုင်းကို ထိန်းချုပ်ရန် ကြိုးပမ်းရာ တိုက်ပွဲများ ဆက်တိုက် ဖြစ်နေသည်။ 

စစ်ကောင်စီသည် မကွေးတိုင်း အနောက်ဘက် ချင်းပြည်နယ်တွင်   မြို့ ၇ မြို့ကို လက်လွှတ်ထားရပြီး ရခိုင်ပြည်နယ်တွင် မြို့ ၁၀ မြို့မှ ဆုတ်ခွာပေးထားသည်။ 

နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်းတွင်လည်း စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာဖွယ်ရှိနေ ကြောင်း တော်လှန်ရေးအင်အားစုက သုံးသပ်ထားသည်။

Show More

Related Articles

Back to top button