သတင်း

ရွှေ့ပြောင်းများအတွက် ထိုင်းကထုတ်ပေးမည့် ပန်းရောင်ကဒ် ဘာ့ကြောင့် နှောင့်နှေးနေသလဲ (ထိုင်းအခြေစိုက် FED အလုပ်သမားအရေးတာဝန်ခံ ဦးမင်းဦးနှင့်တွေ့ဆုံခြင်း)

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို ပန်းရောင်ကဒ် ခေါ် တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် အသစ်ပြုလုပ်ပေးသွားမည်ဟု ထိုင်းနိုင်ငံ၏ အလုပ်သမား ဝန်ကြီးဌာနက ဇွန်လကတည်းက အတည်ပြုထုတ်ပြန်ထားသည်။

စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံသား လူငယ်လူရွယ်အများစုသည် ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ပြေးတိမ်းရှောင်လာကြသည်။ ထိုသူများထဲမှာ တရားမဝင်နည်းလမ်းများဖြင့် ရောက်ရှိလာကြသူများသည် ထိုင်းအစိုးရ နှင့် မြန်မာအစိုးရတို့ပူးပေါင်းပြီး တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ရှိမည့် ပန်းရောင်ကဒ် လူသစ်စာရင်းဖွင့်ချိန်ကို စောင့်မျှော်နေကြသည်။ 

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို ပန်းရောင်ကဒ် ခေါ် တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် အသစ်ပြုလုပ်ပေးသွားမည်ဟု ထိုင်းနိုင်ငံ၏ အလုပ်သမား ဝန်ကြီးဌာနက ဇွန်လကတည်းက အတည်ပြုထုတ်ပြန်ထားသည်။

တစ်ဘက်တွင်လည်း စစ်ကောင်စီသည် ရွှေ့ပြောင်းလုပ်သားများ၏ အထောက်အထား အချက်အလက် အသစ်ပြုလုပ်မည့် အစီအစဉ်များနှင့် စစ်မှုထမ်းဆင့်ခေါ်ခံရပါက အလုပ်သမားများ မြန်မာပြည်တွင်းပြန်လာရန် တင်းကျပ်သည့် အခြေအနေများလည်းရှိနေသည်။ 

ထိုသို့သော အခြေအနေများနှင့်ပတ်သက်နှင့် ထိုင်းရောက်မြန်မာအများစု မျှော်လင့်နေကြသည့် ပန်းရောင်ကဒ် ပြုလုပ်နိုင်မည့်အချိန် နှောင့်နှေးနေရသည့် အကြောင်းရင်း၊ ထိုကဒ်၏ အားသာချက်များကို ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းလုပ်သားများအရေးများ ဆောင်ရွက်နေသော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအဖွဲ့ (FED)၏ အလုပ်သမားအရေးတာဝန်ခံ ဦးမင်းဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။ 

မေး – ပထမဆုံး မေးချင်တာက ထိုင်းရောက်မြန်မာနိုင်ငံသား အများစု မျှော်လင့်နေကြပြီး ထိုင်းအစိုးရက အတည်ပြုထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကဒ် လူသစ်တွေကိုလုပ်ပေးဖို့ ကိစ္စက ဘာကြောင့် ကြန့်ကြာနေတယ်လို့ ထင်ပါသလဲ။

ဖြေ – ပန်းရောင်ကတ်ကိစ္စကို ထိုင်းဘက်ကရော မြန်မာဘက်ကရော ဆွေးနွေးမှုတွေ ဆက်တိုက်ရှိနေတယ်ဆိုတာကို ကျွန်တော်တို့လည်း အလုပ်သမားဝန်ကြီးဌာနတွေဘက်က ထုတ်ပြန်ချက်တွေမှာ တွေ့နေရပါတယ်။  သို့သော် အခုအချိန်အထိ မသိရသေးတာက ဒီပန်းရောင်ကဒ် အလုပ်သမားလူအသစ်တွေကို လုပ်ပေးဖို့ကိစ္စကို ဘယ်နေ့ဆိုတာမျိုး အတည်တကျ ထွက်မလာသေးဘူး။ အေဂျင်စီတွေ၊ ပွဲစားတွေကတော့ အမျိုးမျိုးပြောနေကြတာတွေရှိတယ်။ နောက်ပြီးတော့ ပန်းရောက်ကဒ်အတွက် ကုန်ကျစရိတ်ပမာဏကိုလည်း တိတိကျကျ ထုတ်ပြန်လာတာလည်း မရှိသေးဘူး။ ခန့်မှန်းချက်တွေ ပဲရှိနေသေးတယ်။ 

ဒီလုပ်ငန်းစဉ်တွေ ဘာကြောင့်ကြန့်ကြာနေလဲဆိုတာကို တိတိကျကျပြောဖို့တော့ ခက်တာပေါ့။ ဒါပေမယ့် ဖြစ်နိုင်တာတစ်ခုက မြန်မာဘက်အခြမ်းကနေပြီးတော့ သူတို့လိုချင်တဲ့ အလုပ်သမားတွေကို ပန်းရောင်ကဒ်ပေးပြီဆိုရင် အခွန်ကိစ္စတွေ၊ ငွေပြန်လွှဲပေးဖို့ ကိစ္စရပ်တွေနဲ့ အချက်အလက်တောင်းဆိုတဲ့ ကိစ္စရပ်တွေကို ညှိနှိုင်းနေကြတယ်။ ဒါကြောင့်မို့လို ကြာနေတယ်လို့ ယူဆလို့ရပါတယ်။ 

နောက်တစ်ခုက လက်ရှိနိုင်ငံရေးအခြေအနေအရရော၊ ထိုင်းရောက်မြန်မာတွေနဲ့ ပတ်သက်ပြီးတော့ ထိုင်းတွေဘက်က အထင်အမြင်လွဲမှားမှုလေးတွေ ဖြစ်ထားတဲ့အခါကျတော့ အဲဒီအခြေအနေတွေ မူတည်ပြီးတော့ ထိုင်းအစိုးရဘက်က အတည်ပြုချက်ကို မလုပ်သေးတာလား ဒါမျိုးလည်း ထင်ချင်ထင်လို့ရတာပေါ့။  

လူသစ်စာရင်းကျတော့လည်း လူသစ်က ဘယ်လောက်ရှိလဲဆိုတာတော့ ကျွန်တော်တို့ ခန့်မှန်းလို့မရဘူး။ အောက်တိုဘာမှာ ရှိခဲ့တဲ့ ကိန်းဂဏန်းအရဆိုရင် ၃ သန်းကျော်လောက် ရှိတယ်ပေါ့ အဲဒီထဲမှာ မြန်မာက ၂ ဒသမ ၃ သန်းလောက်ရှိတယ် နောက်မှီခိုတဲ့သူတွေ တရားမဝင်နေတဲ့သူတွေကို တစ်ဆလောက် ထပ်တိုးတွက်ကြည့်လို့ရတယ်။ 

အဲဒီလူတွေအတွက် အထောက်အထား လုပ်ခွင့်မရသေးဘူးဆိုရင် သူတို့အတွက် အခြေခံ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေကို ရရှိခွင့်မရှိဘဲ လက်လွှတ်ဆုံးရှုံးရမှာပေါ့။ အဲဒီလိုဆိုရင် ထိုင်း-မြန်မာ အသိုက်အ၀ိုင်းတွေကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေ၊ အကျိုးဆက်တွေ ဆက်ဖြစ်လာနိုင်တာပေါ့။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အလုပ်သမားရုံးတွင် ပန်းရောင်ကဒ်လျောက်ထားရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

မေး – လက်ရှိအလုပ်သမားတွေ သက်တမ်းတိုးဖို့ ကိစ္စကို အခုစစ်ကောင်စီက မြန်မာပြည်ဘက်မှာပဲ သက်တမ်းတိုးပေးဖို့ စီစဉ်နေတယ်လို့ သိထားပါတယ်။ ဒီလိုလုပ်တာဟာ အလုပ်သမားတွေအပေါ် ဘယ်လိုသက်ရောက်နိုင်မလဲ။ 

ဖြေ – လာမယ့် ဖေဖော်ဝါရီ ၂၀၂၅ မှာ သက်တမ်းကုန်တော့မယ့် အလုပ်သမားတွေ အများကြီးရှိတယ်။ အဲဒီလူတွေရဲ့ အထောက်အထားတွေကို သက်တမ်းတိုးရမယ့်အခါမှာ ထိုင်းဘက်ခြမ်းက ဒီလူတွေကို ဆောင်ရမယ့် အခွန်တွေ၊ ကုန်ကျစရိတ်တွေ ပေးမယ်ဆိုရင် သူက ၂ နှစ်သက်တမ်းတိုး ပေးမယ်ပေါ့။ 

ဒါပေမဲ့ အထောက်အထားပိုင်းဆိုင်ရာကျတော့ မြန်မာဘက်အခြမ်းက သက်တမ်းတိုးပေးရမယ့် အပိုင်းဖြစ်နေတော့ အဲဒီဟာက မြန်မာဘက်က CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ပဲဖြစ်ဖြစ်၊ နိုင်ငံကူးလက်မှတ်ပဲဖြစ်ဖြစ် အထောက်အထားအသစ်ကို ပြန်လုပ်ကိုလုပ်ရမယ်ဆိုတာမျိုး တောင်းဆိုနေတာမျိုးတွေ့ရတယ်။ ထိုင်းဘက်ကတော့ ၂နှစ်သက်တမ်းတိုးပေးမှာ ဖြစ်တဲ့အတွက် စာအုပ်သက်တမ်း (CI သို့မဟုတ် နိုင်ငံကူးလက်မှတ်) ၂ နှစ်နှင့်အထက် ရှိတဲ့သူဆိုရင် သက်တမ်းတိုးပေးမယ်ပေါ့။  

၂၀၂၆၊ ၃ လပိုင်း မတိုင်ခင်အထိပဲ သက်တမ်းကျန်တော့မယ့် သူတွေကတော့ အဲဒီအခက်အခဲတွေနဲ့ သွားပြီး ကြုံတွေ့နိုင်တယ်။ ဒါက မြန်မာပြည်ဘက်အခြမ်းပြန်ပြီး လုပ်တာမလုပ်တာတော့ တစ်ပိုင်းပေါ့။ ဒီလူတွေက အဲဒီအခက်အခဲကြုံနိုင်တာပေါ့လေ။ ထိုင်းနိုင်ငံဘက်ကလည်း အဲဒီဟာကို သိပ်ပြီးတော့ သဘောတူနိုင်မယ်မထင်ဘူး။ 

ဘာလို့ဆိုရင် လုပ်ရမယ့်သူတွေက စာရင်းတွေအရဆိုရင် လူ ၂ သန်း ဝန်းကျင်လောက်ရှိတယ်။ အဲဒီ ၂ သန်းလောက် မြန်မာပြည်ထဲကို ပြန်သွားပြီး သက်တမ်းတိုးတာတွေ လုပ်ရမယ်ဆိုရင် ကုန်ကျစရိတ်ရော အချိန်တွေရော ပိုကုန်နိုင်တယ်လေ။ 

ပြောရမယ်ဆိုရင် အခြေခံထုတ်ကုန်တွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သားတွေက အဓိကမောင်းနှင်နေကြတဲ့သူတွေလေ ထိုင်းရဲ့ အကျိုးစီးပွား ထိခိုက်စေမှာလေ။ အဲဒီလိုကြောင့် ထိုင်းကတော့ အဖြစ်ခံမှာမဟုတ်ဘူး။ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သဘောထားကိုလည်း ထိုင်းအစိုးရက ပြန်ပြီးကြည့်ရမယ့် အခြေအနေရှိတယ်။ 

အလုပ်သမားတွေ မြန်မာပြည်ဘက် ပြန်ရမယ်၊ ရက်အရမ်းကြီးကြာမယ်ဆိုရင် တချို့ထုတ်ကုန် လုပ်ငန်းစဉ်တွေက ရက်အကြာကြီး ရပ်ထားလို့မရဘူးလေ။ ဒါကြောင့် သိပ်မဖြစ်နိုင်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ သူတို့ရဲ့ ထုတ်ပြန်ချက်ထွက်လာတော့မှာပဲ နှစ်ဦးနှစ်ဘက် ဘယ်လိုအဆင်ပြေအောင်လုပ်မလဲ ဆိုတာ သိနိုင်မယ်။

 FED အလုပ်သမားအရေးတာဝန်ခံ ဦးမင်းဦး

မေး- စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်ခရီးစဉ်မှာ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့စဉ်မှာ ထိုင်းရောက် မြန်မာနိုင်ငံသားတွေရဲ့ အချက်အလက်တောင်းဆိုတာတွေရှိတော့ အခု သက်တမ်းတိုးဖို့ ကိစ္စနဲ့ လူသစ်စာရင်းတွေမှာ ဘယ်လိုစိုးရိမ်စရာတွေရှိနေလဲ။ 

ဖြေ – စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းဘက်အခြမ်းကို ထွက်ပြေးလာခဲ့ကြတဲ့ CDM တွေနဲ့ စစ်အုပ်စုရဲ့ ဖိနှိပ်မှုကြောင့် ထွက်ပြေးလာကြတဲ့ အုပ်စုတွေအတွက်က ပိုပြီး စိုးရိမ်စရာကောင်းပါတယ်။ အခုသက်တမ်းတိုးရမယ့် သူတွေထဲမှာ အဲဒီလိုအုပ်စုထဲက လူတွေပါခဲ့ရင် သူတို့အတွက် စိုးရိမ်ရတယ်။ 

အခုစစ်ကောင်စီက သက်သေအထောက်အထား စာအုပ်တွေလုပ်ပေးတဲ့ အဖွဲ့တွေထဲမှာ ထောက်လှမ်းရေး အဖွဲ့တွေကိုပါ ထည့်ထားတယ်ဆိုတော့ သူတို့ဆီမှာ စာရင်းရှိတဲ့သူတွေအတွက်ဆိုရင် သက်တမ်းတိုးဖို့အတွက် စိုးရိမ်စရာဖြစ်နေတယ်။ သက်တမ်းဆက်မတိုးပေးတာတွေ လုပ်လာနိုင်တယ်။ 

သူတို့ အစိုးရအချင်းချင်းမှာလည်း သတင်းဖလှယ်မှုတွေအတွက် သဘောတူညီချက်တွေ ရှိထားလားဆိုတာကို ကျွန်တော်တို့တွေ သေချာတော့မသိဘူး။ ဒါပေမယ့် သဘောကတော့ မြန်မာဘက်က စာရင်းပေးမှာပေါ့နော် ဒီလူ၊ ဒီလူတွေ တွေ့တယ်ဆိုရင် သူတို့လိုချင်တဲ့ သူတွေဆိုတာမျိုးပေါ့။ ဒါမျိုးကို အရင်တုန်းက မဲဆောက်တို့ ရနောင်း၊ ကော့သောာင်း အစရှိတဲ့ နယ်စပ် တွေမှာတော့ လုပ်ဖူးတယ်။ 

အခုလည်းလုပ်မယ်ဆိုရင် အစိုးရနှစ်ခုစလုံးက ပေါင်းပြီး လုပ်မယ်ဆိုရင် လုပ်လို့ရတယ်။ အဲဒီလိုဆိုရင်တော့ အဲဒီအုပ်စုထဲပါနေတဲ့ သူတွေအတွက်တော့ အတော့်ကိုအကျပ်အတည်း ဖြစ်သွားနိုင်တယ်။ သာမန်ရွှေ့ပြောင်းလုပ်သားတွေထက်စာရင် သူတို့ကပိုပြီး နာနိုင်တာပေါ့။ 

အဲဒီလူတွေအတွက် တစ်ခုလုပ်လို့ရနိုင်တာက သက်တမ်းမတိုးဘဲနဲ့ အခု လူသစ်စာရင်းလုပ်လို့ ရပြီဆိုတာနဲ့ လူသစ်ပဲ ပြန်လုပ်လို့ ရနိုင်တယ်။ အနည်းဆုံး ၁ နှစ်လောက်ကတော့ ပြဿနာရှင်း နိုင်တာပေါ့။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး ကိစ္စရပ်တွေမှာ ထဲထဲဝင်ဝင်ပါထားတဲ့သူတွေကို ကျွန်တော်အကြံပေးရရင် နိုင်ငံတကာဒုက္ခသည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေဆီကို မလျှောက်ရသေးရင် လျှောက်ထား သင့်တယ်။ လက်ခံတာ လက်မခံတာက တစ်ကဏ္ဍပေါ့ဗျာ၊ အဲဒီလို လျှောက်ထားလို့ရှိရင် အကြောင်းကြောင်းကြောင့် ကိုယ်ကအထောက်အထားမဲ့ ဖြစ်တဲ့အချိန် ဖမ်းဆီးခံရတယ်ဆိုရင် အဲဒီလိုလေး လုပ်ထားတယ်ဆိုလို့ရှိရင် မြန်မာပြည်ပြန်မပို့အောင် ဟန့်တားလို့တော့ ရနိုင်တာပေါ့။ 

နောက်တစ်ခုက ကျွန်တော်တို့သာ စုစုစည်းစည်း လုပ်နိုင်မယ်ဆိုရင် အခုထိုင်းမှာ မြန်မာတွေ ၅ သန်း နဲ့ ၆ သန်းကြားမှာရှိတယ်၊ တရားဝင်သည်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ အထူးသဖြင့် တရားဝင်နေနေတဲ့ သူတွေက စုပေါင်းပြီးတော့ မြန်မာဘက်ကိုပြန်ပြီး သက်တမ်းတိုးရမယ့်ကိစ္စတို့ မြန်မာဘက်က အထောက်အထားတွေကို ပြန်စိစစ်ပြီး အသစ်လုပ်မှာမျိုးတွေကို ရှောင်ရှားနိုင်ဖို့ ဟိုးတုန်းကလို ထိုင်းဘက်က ထုတ်ပေးထားတဲ့ ပန်းရောင်ကဒ်နဲ့ပဲ နေကြမယ်ဆိုပြီး တောင်းဆိုလို့ရနိုင်တယ်။ 

အဲဒါကလည်း တကယ်သာညီညီညွတ်ညွတ်နဲ့ တောင်းဆိုမယ်ဆိုရင် ရနိုင်တယ်။ မြန်မာ တစ်သန်းလောက်ပဲ တောင်းဆိုမလား ဒါပေမယ့် သိန်းဂဏန်းလောက်တောင် မထွက်လာကြတော့ နည်းနည်းတော့ ဂွကျတယ်ဗျာ။

ထိုင်းငံအလုပ်သမားရုံးတွင် ပန်းရောင်ကဒ်လုပ်ရန် မှတ်ပုံတင်စာရင်း ပေးသွင်းနေသူ တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

မေး- အခု စစ်ကောင်စီက သက်တမ်းတိုးဖို့ ကိစ္စကိုလည်း ရွှေ့ပြောင်းလုပ်သားတွေအပေါ် ကျပ်လာနေသလို MoU လုပ်သားတွေကိုလည်း စစ်မှုထမ်းဆင့်ခေါ်ခံရမယ် ဆိုရင် အေဂျင်စီက တစ်ဆင့် ပြန်ခေါ်ပေးရမယ်ဆိုတဲ့ ကိစ္စတွေလည်း ရှိလာနေတော့။ ဒီလိုလုပ်ရပ်တွေက မြန်မာလုပ်သားတွေကို ထိုင်းမှာ တရားမဝင်နေထိုင်သူတွေဖြစ်သွားအောင် တွန်းပို့နေသလို ဖြစ်လာနေသလား။ 

ဖြေ – အေဂျင်စီတွေဘက်ကလည်း အခုလို သူတို့လွတ်လိုက်တဲ့ သူတွေတောင် ပျောက်ပျောက် သွားနေတာ၊ အခုလို စစ်မှုထမ်းဖို့ ပြန်ခေါ်ပေးရမယ်ဆိုတဲ့ ကိစ္စဆို ပိုခေါင်းကိုက်ရတာပေါ့။ နောက် တစ်ခုက လေဆိပ်တွေမှာ ပေးမထွက်တဲ့ကိစ္စ၊ ငွေညှစ်တဲ့ကိစ္စတွေအပြင် အစိုးရကသတ်မှတ်ထားတဲ့ MoU ကုန်ကျစရိတ်ထက်ပိုပြီး ကုန်ကျနေတာတွေက MoU စနစ်နဲ့ တရားဝင်လုပ်သားပို့နေပေးတဲ့ ကိစ္စမှာ ပိုအခက်အခဲဖြစ်သွားပြီး တရားမဝင်နည်းလမ်းနဲ့ ပိုထွက်ကုန်ကြမှာပေါ့။  

နဂိုကတည်းကမှ တရားမဝင်နည်းလမ်းနဲ့ ဝင်နေတောတွေ ပိုများနေပါတယ်ဆိုမှ MoU စနစ်ကို ပိတ်လိုက်သလိုမျိုးနဲ့ အခုလိုလုပ်ရပ်တွေက တရားမဝင်နည်းနဲ့ထွက်ဖို့ဘဲ ပိုကြိုးစားကြလိမ့်မယ်။

ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများကို တွေ့ရစဉ်။ (ဓာတ်ပုံ−AFP)

အခုအောက်တိုဘာလ စာရင်းအရဆိုရင် မြန်မာ MoU လုပ်သားက ၂၆၀,၀၀၀ ကျော် လောက်ရှိတယ်။ အဲဒီလူအရေအတွက်တွေက ကျွန်တော်တို့ လစဉ်လတိုင်း စာရင်းတွေ ပြန်ပြန်လုပ်တဲ့အခါမှာ လျော့လျော့သွားတယ်။ အဲဒါက ဒီကရောက်လာပြီးတဲ့အခါမှာ ဘာကြောင့်ပဲ ရောက်လာရောက်လာ၊ လက်ရှိ MoU စာချုပ်ထဲမှာ ပါတဲ့ အလုပ်အကိုင်တွေမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အနေအထားမျိုးတွေ မရတဲ့အခါမှာကျတော့ အများစုက ရရာတခြားအလုပ်အကိုင်တွေရှာပြီး ထွက်လုပ်ကုန်ကြတယ်။ 

တခြားဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေတွေ သွားရောက်ပြီး တခြားအလုပ်တွေ ဝင်လုပ်ကြရင်း တရားမဝင်တွေဖြစ်ပြီး ပျောက်ကုန်ကြတာပေါ့။ တချို့ကျတော့ လူသစ်စာရင်းလုပ်ပေးတဲ့ အချိန်မီလို့ရှိရင် အဲဒီလူသစ်စာရင်းထဲ ပြန်ဝင်ပေါ့ အဲဒီလိုမျိုးနဲ့ MoU လုပ်သားတွေရဲ့ ကိန်းဂဏန်းတွေက လျော့ကျလာတယ်။ 

တရားမဝင်တွေဖြစ်၊ တရားမဝင်နည်းလမ်းနဲ့ပဲ ထွက်လာကြရတယ်ဆိုတော့ လမ်းခရီးမှာ အသုံးချခံရ၊ လူကုန်ကူးခံရ အမျိုးမျိုးသော လိမ်လည်ခံရမှုတွေ ပိုဖြစ်လာတော့မှာပေါ့။  

မေး- လက်ရှိမှုစစ်မှုထမ်းဥပဒေကြောင့် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြသူတွေထဲမှာ တရားမဝင်လူတွေ အများကြီးရှိတယ်။ လူသစ်စာရင်းတင်နိုင်ဖို့ကို စောင့်နေကြရတာဆိုတော့ လူသစ်စာရင်းက အမြန်ဆုံးဘယ်အချိန်လောက် ဖြစ်လာနိုင်မလဲ။ 

ဖြေ- တကယ်ဆိုရင် ကျွန်တော်တို့ ဒီလူသစ်စာရင်းကိစ္စကို စောင့်လာခဲ့ကြတာ ၅ လပိုင်းက တည်းက ဒါပေမဲ့ ကြားထဲမှာ ထိုင်းရဲ့ ရက် ၁၂၀ စီမံချက်ထွက်လာတယ်တော့ အဲဒီဟာကို တစ်ခါထပ်စောင့်ရပြန်ရော။ 

ပြီးလည်းပြီးရော ၈ လပိုင်းလုပ်ပေးမယ်၊ ၉ လပိုင်း လုပ်ပေးမယ်နဲ့ အခု နိုဝင်ဘာလထဲတောင် ရောက်လာနေပြီ။ ကျွန်တော်တို့ မှန်းတာတော့ လူသစ်စာရင်းကိစ္စက လာမယ့် နှစ်ဆန်းမှာတော့ ဖြစ်လာနိုင်တယ်။ အခုရက်ပိုင်းမှာပဲ ထိုင်းအစိုးရက အနည်းဆုံးလုပ်ခလစာ တစ်ရက် ဘတ် ၄၀၀ ကို လာမယ့် နှစ်သစ်မှာ စမယ်ဆိုပြီး ကြေညာထားတယ်။ 

ဒါကြောင့် လူသစ်စာရင်းကိစ္စက ဇန်နဝါရီလထဲမှာလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ သူတို့အတည်ပြု ထုတ်ပြန်မှပဲ သေချာနိုင်မှာပါ။ တချို့ပွဲစားတွေကလည်း လူသစ်စာရင်းတင်လို့ရပြီဆိုပြီး ထွက်ပြောလာနေတာတွေ ကျွန်တော်တို့ တွေ့နေရတယ်။ အလုပ်သမားတွေအနေနဲ့ လက်ရှိအချိန်မှာ ထိုင်းအစိုးရရဲ့ အတည်ပြုချက်ထုတ်ပြန်ကိုပဲ စောင့်ကြည့်ကြပါလို့ ပြောချင်ပါတယ်။

Show More

Related Articles

Back to top button