ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးသန့်စင်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသော ပြည်သူလူထုနှင့်အတူ ရပ်တည်ရန် ရာထူးစွန့်လွှတ်လိုက်သည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။
တရားဝင်အစိုးရက ပေးအပ်ခဲ့သည့် ရာထူးကို ပြည်သူလူထုအတွက် လှူဒါန်းလိုက်သည်ဟု ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သူ ဦးသန့်ဇင်က အာဏာသိမ်းစစ်တပ်က ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သည့် ယမန်နေ့တွင် ကြေညာခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် ရန်ကုန်နှင့် မန္တလေးအပါအဝင် မြို့ကြီးများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အင်အားသုံး အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ၁၈ ဦး ထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
“ငါ ဘာမှမဟုတ်တော့ဘူး။ မင်းတို့ပြည်သူတွေနဲ့ အိုးစားဖက်။ အရေးတော်ပုံအတွက် ငါ့ဘဝကို ဖောင်ဖျက်လိုက်ပြီ ဟေ့။ အရေးတော်ပုံ အောင်ရမည်” ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သူ ဦးသန့်ဇင်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ကြေညာခဲ့သည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သူ ဦးသန့်ဇင်၏ ကြေညာချက်နှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသည့်အပြင် ၎င်းကိုလည်း ဆက်သွယ်မေးမြန်း၍ မရသေးပေ။
“လာဘ်ထိုးစရာလည်း ငါ့မှာမရှိဘူး။ ကြိုးစား၊ ရိုးသားမှုကသာ ငါ့ယုံကြည်ရာ” ဟု စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရာထူးစွန့်လွှတ်ရခြင်းနှင့် ပတ်သက်၍ ဦးသန့်ဇင်က ရေးသားထားသည်။
အင်အားကြီးသူ၊ လက်နက်ရှိသူများသည် အင်အားနည်းသူ၊ လက်နက်မရှိသူများကို ဖိနှိပ်အနိုင်ကျင့်နေမှုများကို ကမ္ဘာကို ပြသရမည်ဖြစ်ကြောင်း၊ ယခုအရေးတော်ပုံ တတ်စွမ်းသမျှတော်လှန်ရမည်ဖြစ်ကြောင်းလည်း ဦးသန့်ဇင်က ရေးသားထားသည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၇ ကလည်း သပိတ်ထမင်း၊ သပိတ်ဟင်း ချဉ်ခြင်းတက်နေကြောင်း ၎င်းက ရေးသားထား ပြန်သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းယူပြီးချိန်မှစ၍ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဦးစွာဆန္ဒထုတ်ဖော်ခဲ့ကြပြီး ထို့နောက်တွင် ဝန်ကြီးဌာနအသီးသီးမှ ပြည်သူ့ဝန်ထမ်းများကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်လျက် CDM လှုပ်ရှားမှုတွင် ပါဝင်လာသော ဝန်ထမ်းများအနက် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသန့်စင်သည် အဆင့်မြင့်ဆုံးသော ဝန်ထမ်းတစ်ဦးပင်ဖြစ်သည်။