သတင်း

မြို့နယ် ၄ ခုတွင် စစ်ကောင်စီတပ်ကို AA တိုက်စစ်ဆင်နေ

ရခိုင်ဒေသ ၄ မြို့နယ်ကို စစ်မျက်နှာဖွင့်ထားသည့် AA ၏ တိုက်စစ်ကို စစ်တပ်က မကွေးနှင့် ဧရာဝတီတို့မှ စစ်ကူဖြည့် ရင်ဆိုင်သလို ရေတပ်၊ လေတပ်တို့ကိုပါ သုံးခွင့်ရနေသည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၄ ခုတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ် တော် (AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

ထိုမြို့များမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောင်မြို့နယ်၊ ငပလီကမ်းခြေအနီး မြို့နယ်များဖြစ်သော  အမ်း၊ ဂွ၊ တောင်ကုတ်တို့ ဖြစ်ကြသည်။

ဂွနှင့်တောင်ကုတ်တိုက်ပွဲ  

AA တပ်သည်   မြို့နှင့် မိုင် ၂၀ ခန့် အကွာကိုရောက်ရှိနေကာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေသည်၊ စစ်ကောင်စီတပ်၏ အားသာချက်မှာ လေကြောင်း၊ ရေကြောင်းတို့မှ လက်နက်ကြီးပစ်ကူပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီသည် ဂွမြို့နယ်၊ ကျိန္တလီမြို့အဝင်ကပင် AA ကို ခုခံလာသော်လည်း ကျိန္တလီမြို့ကို လက်လွှတ်လိုက်ရကာ ဂွနှင့် မိုင် ၂၀ ခန့်ဝေးသော တိုင်ကျိုးရွာအနီးသို့ တပ်ဆုတ်လိုက်ရပြီးနောက် AA က လိုက်လံတိုက်ခိုက်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဆပ်သွားတို့၊ တိုင်ကျိုးတို့ အဲဒီနေရာတွေမှာ တိုက်ပွဲ ဖြစ်နေတယ်။ လက်နက်ကြီးပစ်သံတွေတော့ သိပ် ကြားနေရတယ်။ မနက်ကတည်းကပေါ့” ဟု ၎င်းက Myanmar Now ကို နိုဝင်ဘာ ၁ ရက်နေ့တွင် ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သည် တိုင်ကျိုးရွာနှင့် ၅ မိုင်အကွာ ကမ်းသာယာကမ်းခြေသို့ ဆုတ်ခွာ သွားပြီး လက်နက်ကြီး တပ်ဆင်ကာ တိုက်ပွဲနေရာသို့ ပစ်ကူပေးနေသည်ဟု ဒေသခံများက ပြောကြသည်။

ဧရာဝတီတိုင်းနှင့်ကပ်လျက်မြို့ဖြစ်သော ဂွမြို့ကို လက်မလွှတ်ရစေရန်အတွက် စစ်ကောင်စီသည် ဧရာဝတီ တိုင်းမှတစ်ဆင့် စစ်ကူများပို့ထားသည်ဟု သိရသည်။

စစ်ကောင်စီသည် AA နှင့်မဟာမိတ်တပ်များ ဧရာဝတီ တိုင်းဘက်သို့ ဝင်လာမည်ကို အလွန်စိုးရိမ်လိမ့်မည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

“ဂွမြို့ကျသွားရင် ဧရာဝတီကနေ ရခိုင်ထဲကို စစ်ကောင်စီအနေနဲ့ စစ်ကူပို့ဖို့ဟာကခဲယဉ်းသွားပြီ။ အဲဒီ ခဲယမ်းသွားတဲ့အချက်မှာ တစ်ချက်ကဘာလဲဆိုရင် ဂွကျသွားရင် တောင်ကုတ်နဲ့ကျောက်ဖြူက အသေ ဖြစ်သွားပြီ။ ခံစစ်အသေဖြစ်သွားမယ်” ဟု ၎င်းက ဆိုသည်။

“AA တိုက်တာက ပုံစံမကျဘူးလို့တော့ ထင်ရတယ်။ တစ်မြို့ပြီးတစ်မြို့ အစဥ်လိုက် မသိမ်းဘူးလို့ ထင်ရတယ်။ ဒါပေမယ့် သူက အရေးကြီးတဲ့နေရာကိုပဲ တိုက်တာ။ အခု ဂွကျသွားပြီဆိုတာနဲ့ တောင်ကုတ်နဲ့ ကျောက်ဖြူက သူတို့အတွက် ညင်ညင်သာသာတိုက်လို့ရမယ်၊ ကြမ်းကြမ်းတမ်းတမ်း တိုက်စရာမလိုဘူးပေါ့နော်”

ရန်သူ၏ ရေကြောင်းအင်အားကို ထည့်တွက်ရသဖြင့်   ဂွဘက်မှ စပြီး ပိတ်ဆို့ခြင်း ဖြစ်သည်ဟုလည်း သူက သုံးသပ်သည်။

ဂွမြို့တွင် တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တို့ရှိသည်။ 

လက်ရှိတွင် မြို့တွင်းတိုက်ပွဲဖြစ်ပွားလာမည့် အလားအလာ ရှိသဖြင့် ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြသည်။

အလားတူ ယမန်နေ့(အောက်တိုဘာ ၃၁) ညနေကလည်း တောင်ကုတ်မြို့၏ ၇ မိုင်အကွာ ပန်းမြောက် တောင်ရှိ အမြောက်တပ်ကို AA က တိုက်ခိုက်နေကြောင်း တောင်ကုတ်ဒေသခံ နောက်တစ်ဦးက ပြောသည်။

“တောင်ကုတ်မှာ ခံစစ်ပြင်ထားတဲ့ ပန်းမြောက်တောင်ကို AA က ထိုးစစ်ဆင်တယ်။ အဲဒီ တောင်ခြေရင်းက မှန်နီတို့၊ ကြိုးကြာကွင်းရွာတွေကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲခဲ့တယ်။ အဲဒီနေရာတွေကို ဒီနေ့ ၂ နာရီလောက်မှာလည်း ဗုံးကြဲသေးတယ်” ဟု ၎င်းက  နိုဝင်ဘာ ၁ ရက်နေ့တွင် ပြောသည်။

တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေကာ ယမန်နေ့က တောင်ကုတ်မြို့အနီးမှ စစ်ကောင်စီတပ်စခန်းများကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း AA နှင့်နီးစပ်သည့် အာရက္ခမင်းသမီး အွန်လိုင်းသတင်းတစ်ပုဒ်တွင် ရေးထားသည်။

တောင်ကုတ်  ကံပိုင်ရပ်ကွက်တွင် စကခ ၅ အခြေစိုက်ကာ လက်အောက်ခံ တပ်ရင်း  ခမရ ၃၄၆၊ ခမရ ၅၄၄ တို့ရှိသည်။ထိုတပ်စခန်းများနှင့်အခြားစခန်းတို့ကိုဝိုင်းရံပိတ်ဆို့ထားကာ အပြီးသတ်သိမ်းနိုင်ရေး ဆောင်ရွက်နေသည်ဟု AA က အောက်တိုဘာ ၇ တွင် ထုတ်ပြန်ခဲ့သည်။

အမ်းနှင့်မောင်တောတိုက်ပွဲ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကာ စစ်ကောင်စီက လေကြောင်းအားပြုခုခံနေသည်ဟု သိရသည်။

အရပ်သားများ အသက်အန္တရာယ်စိုးရိမ်၍ အပြင်သို့ ထွက်မကြည့်ဝံ့ကြောင်း   အမ်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“မြို့ဟောင်း၊မြို့သစ်နှစ်ခုစလုံးမှာ တိုက်ပွဲဖြစ်နေတော့ ပြည်သူတွေ သိပ်စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်။  တိတိကျကျပြောဖို့ကခက်သွားပြီ။ဘာလို့လဲဆိုတော့ မြို့ပေါ်လောက်ကိုပဲ ဖုန်းဆက်သွယ်လို့ ရတယ်။ မြို့ပေါ်ကလူတွေလည်း အိမ်ထဲကအိမ်ပြင်ကိုမထွက်ရဲကြတော့ဘူးဆိုတော့ အသေးစိတ် မသိနိုင်” ဟု ၎င်းက ဆိုသည်။

အမ်းမြို့တွင် ဒေသခံအများအပြားမှာ စစ်ကောင်စီက မြို့မှထွက်ခွာခွင့်မပြုသဖြင့် တိုက်ပွဲကြားတွင် ပိတ်မိနေကြသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့သည့် ပလောင်တောင်အောက်ဘက်ရှိ မြောက်ဘက်ကမ်းရွာကို လေယာဥ်ဖြင့် အဆက်အပြတ်ဗုံးကြဲခဲ့သည်ဟု သူကပြောသည်။

အလားတူ ယမန်နေ့၊ညနေ ၅ နာရီခန့်တွင် စစ်တပ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးမှ ပြားချောင်းရွာနှင့် ချင်းကုန်းရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး နေအိမ် အများအပြားပျက်စီးသွားကြောင်း လည်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် AA သည် အမ်းမြို့နယ်အတွင်း အဓိကအရေးပါသော တောဟိန်းတောင်ဗျူဟာကုန်း၊ မဲတောင်ဗျူဟာကုန်း၊ ခမရ ၃၇၃ ၊စစ်ဖက်ရေးရာလုံခြုံရေးတပ် (စရဖ)၊ ဆေးတပ်၊ ခမရ ၃၇၂ နှင့် စစ်မြေပြင်အင်ဂျင်နီယာတပ်(B.E)တို့ကို သိမ်းပိုက်ထားနိုင်ကြောင်း သိရသည်။

အမ်းမြို့တွင် နပခဌာနချုပ်နှင့်   ခမရ ၃၇၁၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E)၊   စစ်လက်နက်ပစ္စည်းတပ်ဖွဲ့တို့လည်း ရှိသည်၊ မကွေးတိုင်းဘက်မှ စစ်ကူ  ပို့နေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မောင်တောမြို့နယ်တွင်  စစ်ကောင်စီတပ်၏ တစ်ခုတည်းသော လက်ကျန်တပ်ဖြစ်သည့် နခခ ၅ ကို ထိုးစစ်ဆင်ဆဲ ဖြစ်ကြောင်းသိရသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ နှင့်  ချင်းပြည်နယ်၊ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။ 

Show More

Related Articles

Back to top button