ဆောင်းပါးရွေးကောက်ပွဲ

ရွေးကောက်ပွဲသင်တန်းတက်ပြီး လေ့ကျင့်နေသော မျက်နှာသစ်နိုင်ငံရေးသမားများ

ရန်ကုန် – ရွေးကောက်ပွဲဝင်ကြမည့် ကိုယ်စားလှယ်လောင်း ၄ဝ ဝန်းကျင်၏ မျက်လုံးများသည် သူတို့ရှေ့တွင်တစ်ခုပြီးတစ်ခုပေါ်လာနေသည့် ဆလိုက်ကားချပ်များကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။ သင်တန်း ဆရာမက နောက်ထပ်ကားချပ်တစ်ခုကို ပြောင်းလိုက်ရာ တံခါးနှစ်ပေါက်သာပါသော အနီရောင်ယာဉ်ငယ်လေးတစ်စင်းပုံက ပုံရိပ်ထိုးထားသည့် နံရံပေါ်တွင် ပေါ်လာသည်။

“ကားတစ်စီးရဲ့ဘီးဆိုတာ များသောအားဖြင့် ရှေ့ကိုပဲသွားသလို အမတ်လောင်းတစ်ဦးရဲ့ သတင်းစကားဟာလည်း ရှေ့ကိုဦးတည်ရပါတယ်။ ဒါမှလည်း မဲပေးတဲ့ပြည်သူတွေက ဆရာတို့၊ ဆရာမတို့ရဲ့ စကားတွေကိုကြားရင် ‘ဒီကိုယ်စားလှယ်ကတော့ ငါ့ရဲ့ဘဝရှေ့ရေးကို တိုးတက်အောင် လုပ်ပေးမယ့်သူပဲ’ လို့ တွေးမှာဖြစ်ပါတယ်” ဟု မျက်မှန်တပ်ထားသည့် ပိန်ပိန်သွယ်သွယ် သင်တန်းဆရာမက ဆိုသည်။

စူးစိုက်နားထောင်နေသော ပရိသတ်သည် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖြစ်သည်။

အမျိုးသားအများစုဖြစ်သော လူကြီးပိုင်း၊ လူလတ်ပိုင်း ကိုယ်စားလှယ်လောင်း ၄ဝ တို့သည် ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) မှဖြစ်ကာ ယခုကဲ့သို့ သင်တန်းမျိုးကို တစ်ခါမျှ အတွေ့အကြုံမရှိခဲ့ကြပေ။

သင်တန်းပို့ချနေသော ဆရာမပြောသမျှကို အာရုံစူးစိုက်ကာ လေ့ကျင့်ခန်းဗလာစာအုပ်ထဲမှ ဝါကြင်ကြင် စာမျက်နှာများပေါ်တွင် ရေးမှတ်နေကြသည်။ ဆရာမက မဲဆွယ်စည်းရုံးရေးကို မည်ကဲ့သို့ လုပ်ရသည်၊ သုတေသနလုပ်ရာတွင် မည်သို့ ချဉ်းကပ်ရမည်တို့ကို ရှင်းပြနေသည်။

သမိုင်းဝင်မည်ဖြစ်သော ၂ဝ၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ယခု သီတင်းပတ်တွင် စတင် မဲဆွယ်စည်းရုံးကြပြီဖြစ်သည်။ ဆယ်စုနှစ်များအတွင်း အတိုက်အခံပါတီကြီးများအားလုံး ပါဝင်ယှဉ်ပြိုင်ကြမည့် ရွေးကောက်ပွဲတွင် ယခင်စစ်အစိုးရခေတ်က အမျိုးမျိုးဖိနှိပ်ချုပ်ချယ်ခံခဲ့ရသော ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ အများအပြား ပါဝင်မည်ဖြစ်သည်။

အသက် ၄၉ နှစ်အရွယ်ဒေါ်တင်မာမာလွင်သည် မကြာမီကမှ ပင်စင်ယူထားသော မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှ မူလတန်းပြ ကျောင်းဆရာမဟောင်းတစ်ဦးဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁ဝ ဦးအနက်မှ တစ်ဦးဖြစ်သည်။ ယခုသုံးရက် သင်တန်းသို့ တက်ရောက်သော အမျိုးသမီးအနည်းငယ်ထဲမှ တစ်ဦးလည်းဖြစ်သည်။

လူမှုရေးခေါင်းဆောင်တစ်ဦးအဖြစ် အမြဲတစေတက်ကြွခဲ့သော်လည်း နိုင်ငံရေးပါတီများတွင် ပါဝင်ခဲ့ဖူးခြင်းမရှိဟု ၎င်းကဆိုသည်။

လွန်ခဲ့သည့် နှစ်လက ဖက်ဒရယ်ပြည်ထောင်စုပါတီ ကျိုက်ထိုသို့ ရောက်လာစဉ် ပါတီဝင်ကာ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံရန် ဆုံးဖြတ်ခဲ့သည်ဟု Myanmar Now ကိုပြောသည်။

“သူတို့က မေးတယ်၊ ကိုယ့်မြို့ကို မကောင်းစေချင်ဘူးလား တဲ့။ တိုင်းရင်းသားကိုလည်း အကျိုးပြုပါတယ် တဲ့ (ဒီပါတီက)။ အဲဒီမှာ ဝင်ဖြစ်သွားတာ။ အရင်က ဘယ်ပါတီမှာမှ မပါခဲ့ဖူးဘူး” ဟု ဆိုသည်။

နိုင်ငံရေး ဝါနုနေသေးသော်လည်း ဒေါ်တင်မာမာလွင်သည် ရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စသော ဝါရင့်ပါတီများအပါအဝင် စုစုပေါင်း ၇ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇ ဦးနှင့် အတူ အမျိုးသားလွှတ်တော်တွင် တစ်နေရာရရန် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့်လည်း ယခုသင်တန်းကို ရထားစီးကာ လိုလိုလားလား လာတက်ခြင်းဖြစ်သည်။

သတင်းစကားတည်ဆောက်ခြင်းအကြောင်း သင်ကြားနေချိန်တွင် ဒေါ်တင်မာမာလွင်က တက်ကြွစွာပါဝင်ဆွေးနွေးသည်။ မိမိတို့၏ မဲဆန္ဒနယ်တွင် တွေ့နေရသော အကြီးမားဆုံး ပြဿနာများမှာ မည်သည်တို့ဖြစ်သနည်း ဟူသော မေးခွန်းကို သူက မူးယစ်ဆေးဝါး၊ ကျန်းမာရေးနှင့် အလုပ်လက်မဲ့ခြင်းဟု ဖြေလိုက်သည်။

ဥပမာများ၊ အသေးစိတ် အချက်အလက်များဖြင့် ယင်းပြဿနာတို့ကို ဖြေရှင်းမည့် မိမိပေးလိုသည့် သတင်းစကားကို ကောင်းသည်ထက်ကောင်းအောင် လုပ်ပုံလုပ်နည်းများကို ဆရာမက ပြောပြသည်။ ဒေါ်တင်မာမာလွင်က စာရွက်ပေါ်တွင် ဘောလ်ပင်ဖြင့် မနားတမ်းရေးမှတ်နေသည်။

“မြို့ကိုပြန်သွားရင် ဒီအကြောင်းတွေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပြောမယ်” ဟု ဆိုသည်။

အားလုံးအတွက် သင်တန်း

စစ်အစိုးရက ရာစုနှစ် ထက်ဝက်ခန့် အုပ်ချုပ်ခဲ့သည့် ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများနှင့်ပတ်သက်သည့် အတွေ့အကြုံ အလွန်နည်းနေသေးသည့်အပေါ် စိုးရိမ်မကင်းကြသည့် ပြည်တွင်းနှင့် ပြည်ပ အဖွဲ့အစည်းတို့က ထောင်နှင့်ချီသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ သတင်းသမားများနှင့် မဲဆန္ဒရှင်များကို လွန်ခဲ့သည့် ၂ နှစ်မှစ၍ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းအများအပြား ပို့ချလျက်ရှိသည်။ ထိုသင်တန်းတို့ကို အနောက်နိုင်ငံအစိုးရများ၊ အလှူရှင်များက ထောက်ပံ့ကြသည်။

ယခုမဲဆွယ်စည်းရုံးရေးကာလ မစတင်မီ ရက်အနည်းငယ်က ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ပို့ချခဲ့သည့် သင်တန်းသည်လည်း အလားတူသင်တန်းတစ်ခုပင်ဖြစ်သည်။

အဆိုပါသင်တန်းကို ပို့ချပေးသည့် ပြည်တွင်းအဖွဲ့အစည်းတစ်ခုက လူသိမခံလိုသဖြင့် အမည်ထုတ်ပြန်ပေးစေလိုခြင်းမရှိပေ။ သို့သော်လည်း ထိုအဖွဲ့က ယခုနှစ်အတွင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆိုင်ရာ သင်တန်း ၁ဝ ခုကို ပို့ချခဲ့ပေးပြီးဖြစ်ကြောင်း၊ သင်တန်းတစ်ခုစီတွင် သင်တန်းသား ပျမ်းမျှ ရဝ ခန့် တက်ရောက်ခဲ့ပြီး နိုင်ငံတကာအလှူရှင်များက ငွေကြေးထောက်ပံ့ပေးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံရေးပါတီများအတွက် ပို့ချပေးသည့် သင်တန်းများအနက် အမေရိကန်အခြေစိုက် International Republican Institute (IRI) ထောက်ပံ့ပေးသည့် သင်တန်းတို့က အများဆုံးဖြစ်နိုင်ခြေရှိပြီး အမေရိကန်သံရုံး၊ ကနေဒါသံရုံး၊ ဝါရှင်တန်မြို့အခြေစိုက် National Endowment for Democracy အဖွဲ့တို့၏ ရန်ပုံငွေများဖြင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ ၉၁ ခု အနက် ၈၃ ခုကို သင်တန်းများပို့ချပေးခဲ့သည်။

၂ဝ၁၃ ခုနှစ်လယ်ပိုင်းမှစ၍ IRI သည် မဲဆွယ်စည်းရုံးရေးသင်တန်း ၃ဝ ကျော် အပါအဝင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများကို သင်တန်းပေးခဲ့သည်။

“နိုင်ငံရေးပါတီတွေဟာ နိုင်ငံသားတွေရဲ့လိုလားတောင်းဆိုချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးရမှာဖြစ်သလို သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ ဖြစ်နေတဲ့ အရေးကိစ္စတွေကိုလည်း ဖြေရှင်းပေးဖို့ လိုပါတယ်။ ဒါဟာ ဘယ်နိုင်ငံမှာမဆို အရေးကြီးတယ်လို့ ထင်ပါတယ်” ဟု IRI ၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ စတီဗ် ဆစ်မာက ပြောသည်။

အဆိုပါ သင်တန်းများတွင် ပုံမှန်ဝင်ရောက်ဟောပြောခဲ့သည့်၊ နိုင်ငံရေးဆောင်းပါးများဖြင့် လူသိများသူ စာနယ်ဇင်းဆရာ စည်သူအောင်မြင့်ကလည်း မြန်မာနိုင်ငံတွင် ပါတီစုံစနစ်သည် အတွေ့အကြုံနုနယ် သေးသောကြောင့် ယင်းကဲ့သို့ သင်တန်းများ အရေးပါကြောင်း၊ လိုအပ်ကြောင်း ပြောကြားသည်။

“ဒါတွေအကုန်လုံးက၂ဝ၁ဝ မှ စခဲ့တာ။ ၂ဝ၁ဝ မှ စတာတောင်မှ ကောင်းကောင်းမွန်မွန်စတာ မဟုတ်ဘူး။ ဒီဖိနှိပ်မှုနဲ့ အောက်ခြေကစတဲ့အခါကျတော့ ဒါကြီးက ဖွံ့ဖြိုးဖို့ အများကြီး လိုအပ်တဲ့နယ်ပယ်လို့ ကျွန်တော်နားလည်တယ်။ ဒီအချိန်ကျမှ လေ့လာရတယ်၊ သင်ယူရတယ်” ဟု လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း အများကဝေဖန်ကြသည့် လွန်ခဲ့သော ငါးနှစ်ခန့်က ရွေးကောက်ပွဲများကို ရည်ညွှန်း၍ စည်သူအောင်မြင့်က ပြောသည်။

Danish Institute for Parties and Democracy (DIPD) မှ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဒေါ်ခင်သဇင်မြင့်ကလည်း ဤအချက်ကို သဘောတူသည်။

“ကျွန်မတို့ဟာ ဒီမိုကရေစီစနစ်ကို သွားတဲ့ လမ်းမှာပဲရှိပါသေးတယ်။ ခရီးအရှည်ကြီးပါ” ဟု သူ ဒေါ်ခင်သဇင်မြင့်က ဆိုသည်။

DIDP သည် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် မီဒီယာဆက်ဆံရေးကဏ္ဍများအတွက် နိုင်ငံရေးပါတီများကို ကာလရှည် သင်တန်းပေးနေသည့် Myanmar Multiparty Democracy Programme အစီအစဉ်ကို လုပ်ဆောင်လျက်ရှိသည်။

နုနယ်သော နိုင်ငံရေးစနစ်

ဖက်ဒရယ်ပြည်ထောင်စုပါတီတွင် ပို့ချခဲ့သည့် သင်တန်းသည် မြန်မာနိုင်ငံ၏ နုနယ်သော ပါတီစုံစနစ်နိုင်ငံရေး အခြေအနေကို လှစ်ဟမြင်တွေ့စေသည်။ သင်တန်း၌ မြန်မာနိုင်ငံတွင် ကျင့်သုံးသည့် နိုင်သူအကုန်ယူရွေးကောက်ပွဲစနစ် (FPTP)၊ ကမ္ဘာတစ်ဝန်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေများ အကြမ်းဖျင်းလေ့လာချက်၊ မီဒီယာနှင့် ထိတွေ့ဆက်ဆံနည်း စသည်တို့ကို ဆွေးနွေးပို့ချခဲ့သည်။

အစိုးရဆန့်ကျင်ရေးနိုင်ငံရေးလှုပ်ရှားမှုများလုပ်လိုက်၊ အင်အားသုံးအဖြိုခွဲခံရလိုက်ဆိုသည့် အတွေ့အကြုံနှင့်သာ နှစ်ပေါင်းများစွာ နှစ်ပါးသွားခဲ့ရသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဆန္ဒမဲပုံးမှတစ်ဆင့် မိမိတို့၏ ထောက်ခံမှု၊ ကန့်ကွက်မှုတို့ကို ဖော်ပြခွင့် ရတော့မည်ဖြစ်သည်။

ဒေါ်တင်မာမာလွင်ကဲ့သို့ပင် ဖက်ဒရယ်ပြည်ထောင်စုပါတီအတွက် ပွဲဦးထွက် ရွေးကောက်ပွဲဝင်မည့် နောက်ထပ်ကိုယ်စားလှယ်လောင်းတစ်ဦးက အသက် ၅၉ နှစ်အရွယ် ဦးညွန့်အေး ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ လယ်ပိုင်မြေပိုင်သူတစ်ဦးဖြစ်သည့် ၎င်းသည် ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ဒုတိယအကြိမ် တက်ရောက်ခြင်းဖြစ်သည်။

“ကျွန်တော် အထက်တန်းကျောင်းတောင် ဆုံးခန်းတိုင်အောင် မတက်ခဲ့ရပေမယ့် စာဖတ်တာ ဝါသနာပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဗဟုသုတတွေရလို့ ဒီသင်တန်းက အသုံးဝင်ပါတယ်”  ဟု ဦးညွှန့်အေးက ပြောသည်။ ပြောရင်းက ၎င်းထိုင်နေသည့် ခုံအောက်ဘက်ရှိ အမှိုက်ပုံးအတွင်းသို့ ကွမ်းသွေးများကို ထွေးထုတ်လိုက်သည်။

ဆက်သွယ်မေးမြန်းခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ ကိုယ်စားလှယ်လောင်းအများအပြားကဲ့သို့ပင် မွန်ပြည်နယ်မှ ကျောင်းဆရာမဟောင်း ဒေါ်တင်မာမာလွင်ကလည်း ၎င်း၏ မဲဆန္ဒနယ်တွင် အနိုင်ရမည်ဟု ယုံကြည်ထားသည်။

“ကျွန်မတို့ ဒေသမှာတော့ ကျွန်မအနေနဲ့ နာမည်ကောင်း ရထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။ ကျွန်မအနေနဲ့ အမှန်တရားဘက်က ရပ်တည်တယ်ဆိုတာကို ပြည်သူတွေ သိထားပါတယ်” ဟု ဒေါ်တင်မာမာလွင်က ပြောသည်။

ယခုသုံးရက်သင်တန်းအတွင်း အဓိကသင်ယူခဲ့ရသည့်အတိုင်း မဲဆွယ်စည်းရုံးရာတွင် လိုရင်းတိုရှင်းနှင့် မဲဆန္ဒရှင်များ နှစ်သက်မည့်စကားများ ရွေးချယ် ပြောဆိုသွားမည်ဟု သူက ပြောသည်။

“ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြည်သူကို တိုတိုတုတ်တုတ် ရှင်းပြတတ်ရမယ်ဆိုတာ အခုမှသိတာ။ ဒီတစ်ချက်ကို တအားသဘောကျတယ်” ဟု ၎င်းကပြောသည်။

Show More

Related Articles

Back to top button