
ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ယနေ့ (အောက်တိုဘာ ၃၁ ရက်) နံနက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပူးပေါင်းတပ်များက သိမ်းယူလိုက်ကြောင်း သိရသည်။
မြို့အရှေ့မြောက်ဘက် ခေါပုတ်ရွာရှိ အဆိုပါစခန်းကို KNU တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ၄ လခန့် ဝန်းရံပိတ်ဆို့ထားခဲ့ပြီး အောက်တိုဘာ ၂၄ ရက်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသည်၊ ဖာပွန်မြို့နယ်အခြေစိုက် စစ်ဗျူဟာအခြေချ (စဗခ) စခန်းနှင့် လက်ကျန်တပ်ရင်းများကို ကာကွယ်ပေးခဲ့သော စစ်စခန်းတစ်ခုဖြစ်သည်ဟုလည်း တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။
“အရင်နယ်စပ်သံလွင်မြစ်ကမ်း နဖူးမှာရှိတဲ့ စစ်ကောင်စီ စစ်စခန်းအားလုံးအတွက် အထောက်အကူပြုတဲ့ စခန်းတစ်ခုလည်းဖြစ်တယ်။ ခေါပုတ်စခန်းဟာ စစ်ကောင်စီရဲ့ ဖာပွန်နဲ့ နယ်စပ်စိုးမိုးရေးအတွက် အရေးကြီးတဲ့စခန်းတစ်ခုဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုနှင့် လက်နက်သိမ်းဆည်းရရှိမှုအခြေအနေကို မသိရသေးပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသလက်အောက်ခံ တပ်ရင်းတချို့နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) တပ်ဖွဲ့ဝင်များလည်း ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ကြသည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်က ပစ်ကူပေးခဲ့သေးသည်ဟု NUG တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသ၏ စစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောသည်။
ခေါပုတ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို အရှင်ဖမ်းမိထားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၀ လောင်း ရရှိကြောင်း BPLA တာဝန်ခံ မောင်ဆောင်းခက Facebook တွင် ရေးသားသည်။
Facebook လူမှုကွန်ရက်တွင် တွေ့ရသည့် ဓာတ်ပုံများအရ ပူးပေါင်းတပ်များက စက်သေနတ်ကြီး ၁ လက်၊ နောက်ပွင့်လောင်ချာ ၂ လက်၊ စိန်ပြောင်း ၇ လက်ထက်မနည်းနှင့် MA ရိုင်ဖယ်များ သိမ်းမိထားကြောင်း တွေ့ရသည်။
လက်ရှိတွင် ဖာပွန်မြို့နယ်အတွင်း စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာဌာနချုပ်၊ ခြေလျင်တပ်ရင်း ခလရ (၃၄၀)၊ ခြေမြန်တပ်ရင်း ခမရ (၃၄၁) အပါအဝင် စစ်စခန်း ၁၁ ခု ကျန်ရှိနေသည်။ ကျန်ရှိသည့် စစ်စခန်းများကို ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း ဖာပွန်စစ်မြေပြင်တွင် တိုက်ခိုက်နေသည့် အမည်မဖော်လိုသော တပ်ဖွဲ့တချို့က ပြောသည်။
တိုက်ပွဲနှင့် ပတ်သက်ပြီး စစ်တပ်ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ သတင်းစာမျက်နှာတွင်လည်း ပြီးခဲ့သည့် ၇ ရက်အတွင်း ကရင်ပြည်နယ်သတင်း ဖော်ပြထားခြင်း မရှိပေ။
ကရင်ပြည်နယ်တောင်ပိုင်း ကော့ကရိတ်မြို့နယ်တွင်မူ မြဝတီမြို့သို့ ဦးတည်ချီတက်လာသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် KNU တပ်မဟာ ၆ ဦးဆောင်သည့် ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း သိရသည်။
အာရှလမ်းမအတိုင်း မြဝတီမြို့သို့ ဦးတည်ချီတက်နေသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ပုံမှန်ဆိုလျှင် နေ့ချင်းသွားနိုင်သည့် ခရီးကို လပေါင်းများစွာကြာသည်အထိ မရောက်နိုင်ဘဲ ဒေါနတောင်တန်းပေါ်တွင် တိုက်ခိုက်ခံနေရသည်။
ထိုအောင်ဇေယျစစ်ကြောင်းကို ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ ရောင်နီ (တောင်ပိုင်းဒရုန်းအထူးတပ်ဖွဲ့)၊ Golden Eagle ဒရုန်းတပ်ဖွဲ့နှင့် KNU-KNLA၊ Federal Wings၊ Justice Wings၊ Fixed Wings စသည့် ဒရုန်းတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ဟန့်တားနေသည်ဟု သိရသည်။
ကရင်ပြည်နယ်တောင်ပိုင်း ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၃၆ မိုင်အကွာ အနန်းကွင်းရွာရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းကိုလည်း KNU တပ်မဟာ ၆ ဦးဆောင်သည့် ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။