ကရင်ပြည်နယ် မြောက်ပိုင်း၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်နေပြီး စစ်တပ်ကလည်း အပြင်းအထန်ခုခံနေသည်ဟု သိရသည်။
ဆက်လက်သိမ်းပိုက်ရန် ကျန်နေသည့် တပ်စခန်း (၃)ခုမှာ စစ်ဗျူဟာအခြေချစခန်း၊ ခြေမြန်တပ်ရင်း ခမရ ၃၄၀နှင့် ၃၄၁ တို့ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။
“စစ်ကောင်စီကတော့ ခုထိတော့ ခုခံနေတုန်းပါ။ လေကြောင်းတိုက်ခိုက်မှုကြောင့် အနီးနားရွာတွေက ပြည်သူတွေတော့ နေ့စဉ်ပြေးနေရတာရှိပါတယ်” ဟု NUG ၏ တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောသည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ တာဝန်ခံဖြစ်သူ မောင်ဆောင်းခကလည်း ဖာပွန် (မူတြော်) ခရိုင်သည် ကွယ်လွန်သွားသော ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင် စောဘဦးကြီး နောက်ဆုံးညီလာခံခေါ်ယူခဲ့သည့် ဒေသဖြစ်သဖြင့် နိုင်ငံရေးအရ အရေးကြီးကြောင်း မေလ ၂၃ ရက်က Facebook တွင် မှတ်ချက်ရေးသားသည်။
“ဘယ်လိုခက်ခဲကြမ်းတမ်းမှုတွေ ရှိနေပါစေ၊ ရအောင်ယူရဖို့ပါ” ဟု သူက ဆိုသည်။
ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီတပ်ကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ (၅)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ Force for Federal Democracy – FFD ဒရုန်းတပ်ဖွဲ့ နှင့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းအချို့ပါဝင်သော ပူးပေါင်းတပ်က မတ်လ ၂၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။
KNLA တပ်မဟာ (၅) ကလည်း မေလအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း (၁၀၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဇွန်လ ၄ ရက်တွင် KNU-Mutraw News Facebook စာမျက်နှာမှ တဆင့် သတင်းထုတ်ပြန်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့် သေဆုံးပြီး ပူးပေါင်းတပ်ဘက်က ဒဏ်ရာရသူအချို့ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လေတပ်ဗုံးကြဲမှုကြောင့် မေလအတွင်း အရပ်သား ၈ ဦး ဒဏ်ရာရထားကြောင်း KNLA တပ်မဟာ (၅) ဘက်က ဆိုသည်။
ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲများအကြောင်း သတင်းအမှောင်ချထားသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၉ ခုနှစ်တွင် ပြုစုထားသည့် အချက်အလက်အရ ဖာပွန်မြို့နယ်တွင် လူဦးရေ ၇၂,၀၀၀ ကျော်နေထိုင်သည်။
တိုက်ပွဲဖြစ်ပွားချိန် ၂ လကျော်လာသည့်နောက် ဖာပွန်မြို့၌ နေထိုင်သူမရှိတော့ဘဲ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ကူညီနေသူများက ဆိုသည်။
အကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်သည့် Free Burma Rangers (FBR) အဖွဲ့ တည်ထောင်သူ David Eubank ကလည်း စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆပ်ပြာစသည့် တစ်ကိုယ်ရည်သုံးပစ္စည်းများ လိုအပ်နေသည်ဟု Myanmar Now ကို ပြောသည်။
“ဟင်းချက်ဖို့ဆီလည်း လိုနေတယ်။ ဒါ့အပြင် သူတို့အတွက် ပရိုတိန်းဓာတ်ရဖို့လည်း လိုနေတယ်။ ပဲဝါလိုဟာမျိုး ၊ ငါးသေတ္တာဗူးလိုဟာမျိုး လိုတယ်။ အခုကလေးတွေအတွက် စာသင်ဖို့ စာသင်ကျောင်းတွေ မရှိဘူး။ ကလေးတွေစာသင်ဖို့ သင်ကြားရေးအတွက် အထောက်အကူ ပစ္စည်းတွေလိုနေတယ်” ဟု သူက ဆိုသည်။
စစ်ကောင်စီတပ်ဘက်က မော်တာစိန်ပြောင်းဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှတဆင့် တိုက်ခိုက်ခြင်းတို့ မကြာခဏပြုလုပ်နေသဖြင့် ဖာပွန်မြို့သည် လူနေထိုင်၍ မရသလို မြို့ဧရိယာ၏အနည်းဆုံး ၂၀ ရာခိုင်နှုန်းခန့်သည်လည်း ပျက်စီးနေပြီဟု David Eubank ကပြော သည်။
ဖာပွန်တွင် တိုက်ပွဲများစတင်ကတည်းက စစ်ကောင်စီတပ်က အင်တာနက်ကို ဖြတ်တောက် ထားသဖြင့် လူထုအတွက် ဆက်သွယ်ရေး အခက်ကြုံနေရသည်။
စစ်ကောင်စီတပ်များ ကျန်နေသေးသည့် ဖာပွန်မြို့နယ် လုံးဝလွတ်မြောက်မှသာ စစ်ဘေးရှောင်များ အိမ်ပြန်နိုင်မည်ဟု David Eubank က ဆိုသည်။



