သတင်း

ဖာပွန်မြို့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေတပ် ဗုံးကြဲ၊ ၈ ဦးသေဆုံး

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က ယမန်နေ့(မတ် ၃၁ )က ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၈ ဦးသေဆုံးကြောင်း Free Burma Rangers (FBR) အဖွဲ့ထံမှသိရသည်။

FBR ၏ Facebook စာမျက်နှာ ရုပ်သံတွင်  အဖွဲ့တည်ထောင်သူ ဒေးဗစ်ယူဘန့် (David Eubank) က ဘာသာရေးဆိုင်ရာ ပွဲတော်နေ့တွင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ပြောသည်။

“အီစတာပွဲတော်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ ဦးသေပြီး ၁၅ ဦး ဒဏ်ရာရထားပါတယ်” ဟု သူက ပြောသည်။

Myanmar Now က ဆက်သွယ် မေးမြန်းရာတွင် ၎င်းက  ရုပ်အလောင်း ၂ ခု ထပ်တွေ့ရသဖြင့် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူ ၈ ဦးအထိ ရှိနေပြီဟု  ပြောသည်။

ဒဏ်ရာရသူများထဲတွင် ဘုန်းတော်ကြီးတစ်ပါး ပါဝင်သည်ဟုလည်း ၎င်းက ဆိုသည်။

FBR ၏ ဆေးအဖွဲ့သည် ဖာပွန်တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့်အတူ ပူးတွဲကာ ဒဏ်ရာရသူများကို ကယ်ဆယ်သည့်အလုပ် လုပ်နေကြောင်း သိရသည်။

FBR က ဧပြီလ ၁ ရက်တွင် ထုတ်ပြန်သည့် ရုပ်သံတွင် ၂ ထပ်အဆောက်အအုံ အောက်ထပ်အခန်း၌ စစ်ဘေးရှောင်များ အပြည့်ရှိနေကြောင်းတွေ့ရသည်။

ဒဏ်ရာရသူအချို့အပြင် စောင်ဖြင့်ပတ်ထားသည့် ရုပ်အလောင်း ၅ ခု ရှိပြီး ထိုရုပ်အလောင်းများနှင့် မလှမ်းမကမ်းတွင် ကလေးပွေ့ထားသည့် အမျိုးသမီးတစ်ဦး ငိုနေသည်။ 

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတို့၏ အမည်များကို လတ်တလောမသိရသေးပေ။

ဗုံးကြဲခံရသည့် ဘုန်းကြီးကျောင်းသည် ဖာပွန်မြို့တွင်းတစ်နေရာမှ ဘုန်းကြီးကျောင်းဖြစ်ပြီး ယွန်းစလင်းမြစ်ကူးတံတားနှင့် မီတာရာဂဏန်းသာ ဝေးသည်ဟု  ဒေးဗစ်ယူဘန့်က  Myanmar Now ကို ပြောသည်။ 

အဆိုပါဘုန်းကြီးကျောင်းထဲ၌ အရပ်သား ၂၀၀ ခန့်ခိုလှုံနေကြောင်းသိရသည်။

စစ်လေယာဉ်သည် မတ်လ ၃၁ ရက် နံနက် ၁၀း ၅၀ ခန့်တွင် ဗုံးကြဲသွားခြင်းဖြစ်ကြောင်း၊ ဗုံးက ဘုန်းကြီးကျောင်းကို တိုက်ရိုက်မထိသဖြင့် လူ ၈ ဦးသာ သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

စစ်ကောင်စီက ထိုတိုက်ခိုက်မှုအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ကရင်ပြည်နယ်အတွင်း တိုက်ပွဲများအကြောင်းကို ပြီးခဲ့သည့် ၇ ရက်အတွင်း ထုတ်ပြန်ခြင်း မရှိပေ။

ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ၂၀၂၄ မတ်လ ၃၁ ရက်နေ့က စစ်တပ်ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ ကယ်ဆယ်ရေးသမားများကို Free Burma Rangers အဖွဲ့၏ရုပ်သံတွင် တွေ့ရ​စဉ်။

ဖာပွန်မြို့တွင် စစ်ကောင်စီက ရုရှားထုတ် MIG-29 တိုက်လေယာဉ်၊ Yak – 130 တိုက်လေယာဉ်နှင့် Yak -12 သယ်ယူပို့ဆောင်ရေးလေယာဉ်များသုံးကာ လွန်ခဲ့သည့် တစ်ပတ်ကတည်းက ဗုံးကြဲနေခြင်းဖြစ်ကြောင်း FBR ထံမှ သိရသည်။

“မနေ့က တစ်နေ့တည်းကို ဗုံးအကြိမ် ၄၀ လောက် ကြဲတယ်။ မော်တာကျည်လို ဗုံးအလုံး ၃၀၀ လောက်ကို ကြဲတယ်။ သယ်ယူပို့ဆောင်ရေးလေယာဉ်ကနေ ကြဲတာ” ဟု ဒေးဗစ်ယူဘန့်က ဆိုသည်။

လက်ရှိတွင် ဒဏ်ရာရထားသူ ၁၅ ဦးကို လွတ်မြောက်နယ်မြေရှိ ဆေးရုံတစ်ရုံသို့ ပို့ထားပြီး  ကုသမှုပေးနေကြောင်း သိရသည်။

KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၅ လှုပ်ရှားရာ ဖာပွန်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နေ့စဉ်လုပ်ဆောင်နေကြောင်း Myanmar Now ကို ပြောသည်။

“လေကြောင်းတိုက်ခိုက်မှုတော့ရှိတာ မှန်တယ်။ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့လည်း ကျွန်တော်တို့ သိရတယ်။ သို့သော်ကိန်းဂဏာန်းနဲ့အတိအကျတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး။ စာရင်းအတိအကျကတော့ တိုက်ပွဲပြီးမှပဲ ကျွန်တော်တို့ကတောင်းတာ” ဟု ၎င်းက ဆိုသည်။

ဖာပွန်မြို့ထဲတွင်မူ KNLA ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်နေရာယူထားပြီး ကျန်ရှိနေသည့် စစ်ကောင်စီတပ်ရင်းများကို ဆက်လက် တိုက်ထုတ်နေကြောင်း ပဒိုစောကလယ်စေးက ပြောသည်။

ပူးပေါင်းတပ်သည် ဖာပွန်မြို့ရှိစစ်ကောင်စီတပ်များကို မတ်လ ၂၆ ရက်နေ့တွင်တိုက်ခိုက်ပြီး မြို့ကို  ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ (စဗခ) တခုရှိပြီး ခလရ (၁၉)၊ ခမရ (၃၄၀)၊ ခမရ (၃၄၁) နှင့် ခမရ (၄၃၄) တပ်ရင်းများ ရှိသည်။

အဆိုပါတပ်ရင်းများအနက် ခလရ (၁၉) စခန်းကို  ပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်ထားသည်ဟု သောသီခိုကမ်ပိန်း ပြောရေးဆိုခွင့်ရှိသူ ကလယ်အယ်စိုးက ဧပြီလ ၁ ရက်နေ့တွင် ပြောသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ၂၀၂၄ မတ်လ ၃၁ ရက်နေ့က စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူတစ်ဦးဘေးတွင် ငိုကြွေးနေသည့်မိသားစုဝင်များကို Free Burma Rangers အဖွဲ့၏ရုပ်သံတွင် တွေ့ရ​စဉ်။

သောသီခို ကမ်ပိန်းသည် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၂) အတွင်းရှိ တပ်မဟာ ၁၊ တပ်မဟာ ၂၊ တပ်မဟာ ၃ နှင့် တပ်မဟာ ၅ တို့ အတွက် စစ်ကောင်စီတပ်ကို တိုက်ရန် စစ်သုံးစရိတ်ရှာဖွေရေးအတွက်  KNLA က  ပထမအကြိမ် ပြုလုပ်သော အစီအစဉ်တစ်ခုဖြစ်သည်။

လူထုအာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ထားသည့် ဗိုလ်ကြီးဟောင်း ဇင်ယော်ကလည်း ဖာပွန်ရှိစစ်ကောင်စီ၏ ဗျူဟာကုန်းသည် ပူးပေါင်းတပ်၏ ပိတ်ဆို့မှု ခံထားရပြီး မြေပြင်စစ်ကူလွှတ်ရန် ခက်ခဲသည့် အခြေအနေဖြစ်နေကြောင်း ၎င်း၏ Facebook ရှိ တိုက်ပွဲသတင်း သုံးသပ်ချက်တွင် ရေးသားထားသည်။

ယခင်က ဖာပွန်တွင် စစ်ကောင်စီတပ်နှင့် KNU တို့တိုက်ပွဲဖြစ်ပါက ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) သည် စစ်ကောင်စီဘက်က ပါဝင်တိုက်ခိုက်လေ့ရှိသည်။ 

သို့သော်လည်း BGF သည် စစ်ကောင်စီလက်အောက်မှ ခွဲထွက်၍ ကရင်အမျိုးသားတပ် (KNA) အဖြစ် သီးခြားရပ်တည်ရန် ဆုံးဖြတ်ပြီးနောက် ဖာပွန်ရှိရှေ့တန်းတပ်များကို နောက်တန်းသို့ ပြန်ရုတ်လိုက်သည်။

ထိုအခါတွင် ဖာပွန်စစ်မြေပြင်၌ BGF နှင့် KNLA အကြားဖြစ်သည့် ပဋိပက္ခများမရှိတော့ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်‌စေးက ဆိုသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ၂၀၂၄ မတ်လ ၃၁ ရက်နေ့က စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူတို့၏ ရုပ်အလောင်းများကို  Free Burma Rangers အဖွဲ့၏ရုပ်သံတွင် တွေ့ရ​စဉ်။

KNU ၏ တပ်မဟာ ၅ သည် စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးချိန်မှ ၂၀၂၄ ခုနှစ် မတ်လ အထိ မူတြော် (ဖာပွန်) ခရိုင်တွင် စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၂၄ ခုကို သိမ်းပိုက်ထားသည်။

သိမ်းပိုက်ထားသည့် စစ်ကောင်စီစခန်းများမှာ ပဟောထာ (တခေါ်ထာ)၊ မိုလိုကြိုး (ထီးထာ)၊ တဖေခီး (ဝါသိုးထာ)၊ ဆာလော်ကြိုး၊ မယ်ရာထာ၊ မယ်တရီထာ၊ သီးမူထာ၊ မယ်ပရီဒို့၊ လယ်ကျေးဒေါခို (စော်ထာ)၊ ကျော်ဖိုးထာ၊ ရီးကြာထာ၊ ထီးထော်ပယ်၊ ခေါ်ဒေါခို၊ မယ်ပေါမူထာ၊ ဖော်မူကြိုး၊ သီးရိုထာ၊ အူးသူထာ၊ ဝေါ်မူ (ဝင်းမောင်)၊ မယ်ဝေ (မဲဝိုင်)၊ ပါခယ်ကြိုး၊ ကေ့ကော် (ဂိုင်းကုတ်)၊ မြေနီကုန်း၊ ကြုလူ နှင့် လယ်ကလေးကြိုးစခန်းတို့ဖြစ်ကြောင်း သောသီခို ကမ်ပိန်းက ကြေညာထားသည်။

Show More

Related Articles

Back to top button