
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်ထားသည့် မိုးမောက်မြို့ ပြန်လည်သိမ်းယူရန် စစ်ကောင်စီက အနီးရှိ ဗန်းမော်မြို့အခြေစိုက်တပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ မြို့နှစ်မြို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်။
ပြီးခဲ့သည့် သီတင်းပတ်မှစတင်၍ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်က သံချပ်ကာကားများ၊ လူအင်အား အများအပြားဖြင့် မိုးမောက်မြို့သို့ စစ်ကြောင်းထိုးလာရာ ဗန်းမော်မြို့အထွက်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်မြို့၏အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် မိုးမောက်မြို့တည်ရှိပြီး မြစ်ကြီးနား -ဗန်းမော်ကားလမ်းအတိုင်း မော်တော်ကားဖြင့် သွားပါက နာရီဝက်ခန့်သာ မောင်းနှင်ရသည်။
မိုးမောက်မြို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မိုင် ၆၀ နီးပါး နယ်နိမိတ်ချင်းထိစပ်နေပြီး လူဦးရေ တစ်သောင်း ခန့် နေထိုင်သည်။
မိုးမောက်မြို့အနောက်ဘက် ၂ မိုင်ခန့်အကွာတွင် ရှိသော စစ်ကောင်စီ၏ လက်ကျန်တပ် ခြေမြန်တပ်ရင်း (ခမရ) ၄၃၇ ကို KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေး (KPDF) ပူးပေါင်းတပ်များက တစ်လကျော်ကြာ ထိုးစစ်ဆင်ပြီး ဩဂုတ် ၁၉ ရက်တွင် ရရှိပြီးနောက် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
မြို့ကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီသည် ဗန်းမော်မြို့အခြေစိုက်တပ်များဖြင့် ဩဂုတ် ၂၄ ရက်ကတည်း က မိုးမောက်မြို့ကို ပြန်လည်ရရှိရေး ကြိုးပမ်းနေသည်။
စစ်ကောင်စီသည် မြေပြင်စစ်ကြောင်းထိုးခြင်းအပြင် လေကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းတို့၊ ဗန်းမော် မြို့အထိုင်တပ်များက လက်နက်ကြီးများ ပစ်ကူနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။
“တစ်ပတ်လောက်ရှိပါပြီ (စစ်ကောင်စီ)သူတို့ စစ်ကြောင်းစုံပေါ့၊ လေကြောင်းတို့ မြေပြင်တို့ လက်နက်ကြီးတို့နဲ့ ပစ်နေ တာဖြစ်ပါတယ်”
KIA,KPDF ပူးပေါင်းတပ်ကလည်း ဗန်းမော်မြို့အနီးရှိ မိုးမောက် မံစီ၊ စင်းခန်းစသည့် ဒေသများရှိ စစ်ကောင်စီတပ်ဖွဲ့ များကို ယခုနှစ်ဆန်းကတည်း ကြိုတင်တိုက်ခိုက်ရှင်းလင်းထားပြီးဖြစ်သည်။
ဗန်းမော်မြို့ထဲတွင်သာ ကျန်ရှိတော့သည့် စစ်ကောင်စီတပ်သည် ပိတ်ဆို့ခံနေရသောကြောင့် မြို့ပြင်သို့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ ၁၀ မိုင်အကွာရှိ မိုးမောက်မြို့နှင့် မြို့အဝင်တပ် ခမရ(၄၃၇)ကို ပြန်ရရန် ကြိုးစားနေသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ ဗန်းမော်မြို့နှင့် နီးကပ်နေသည့်အတွက် မြို့ပေါ်မှ ဒေသခံအချို့ နီးစပ်ရာကျေးရွာများ နှင့် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတချို့တွင် စစ်ရှောင်နေကြရသည်ဟု မြို့ခံ တချို့ က ပြောသည်။
ဗန်းမော်မြို့မှ ဈေးဆိုင်ပိုင်ရှင်အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက တိုက်ပွဲဖြစ်နေသဖြင့် ဆိုင်ပိတ်ပြီး ဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေရသည်ဟု ဆိုသည်။
“ဆိုင်တွေအတော်များများ ပိတ်ကြတယ် ဖွင့်တဲ့သူတွေလည်း ဆက်ဖွင့်ကြတယ် ကျွန်မတို့က အမြောက်သံတွေ ကြားနေရလို့ ကြောက်လို့ ဆိုင်ပိတ်ပြီး ကလေးပါခေါ်ပြီး ဘုန်းကြီးကျောင်းကို ပြောင်းလာခဲ့တာ” ဟု ပြောသည်။
မိုးမောက်မြို့ကို KIA ထိန်းချုပ်ပြီးနောက် ဗန်းမော်ဘက်သို့ စစ်မီးကူးလာနိုင်သဖြင့် ဩဂုတ်လကုန်ပိုင်းမှစတင်ကာ စစ်ရှောင်နေကြရသည်ဟု ဗန်းမော်မြို့ဒေသခံများက ဆိုကြသည်။
ဗန်းမော်မြို့ပေါ်တွင် စစ်ကောင်စီ၏ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)နှင့် လက်အောက်ခံတပ် များအပါအဝင် အမြောက်တပ်တစ်ခုလည်းရှိသည်။
ထို့ပြင် မိုးမောက် ခမရ (၄၃၇) မှ တပ်ဆုတ်လာသော စစ်သားများနှင့် မိုးမောက်-လွယ်ဂျယ် လမ်းပိုင်းရှိ စစ်ကောင်စီ ဗျူဟာစခန်းကြီးများမှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်သားများလည်း ရှိနေကြသည်ဟု ပြောကြသည်။
အဆိုပါတပ်များက တိုက်ပွဲဖြစ်ပွားနေသည့် မြို့အရှေ့ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည်ဟု ဗန်းမော် ဒေသခံများက ပြောသည်။
ယခုနှစ် မတ်လကတည်းက တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်ပြည်နယ်ကို စစ်ကောင်စီက ဇူလိုင် ၂၁ ရက်မှ စတင် ကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ဩဂုတ် လလယ်ခန့်တွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင် ဖုန်းလိုင်းတချို့ ပြန်ရနေပြီဟု သိရသည်။
ယခုနှစ် မတ်လဆန်းမှ စတင်သည့် KIA ၏ ထိုးစစ်အတွင်း ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်၏ ရာနှင့်ချီသည့် တပ်စခန်းပေါင်းများစွာနှင့် ကချင် ၁၁ မြို့၊ ရှမ်းမြောက်ရှိ မဘိမ်းမြို့တို့ကို သိမ်းထားသည်။
သိမ်းထားသည့် မြို့များမှာ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဒေါ့ဖုန်းယန်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘို၊ မိုးမောက်၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ မဘိမ်းမြို့၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာကြီးတို့ ဖြစ်သည်။