
စစ်ကောင်စီကဦးဆောင်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုသလို ထိုရွေးကောက်ပွဲအတွက် ပါတီကို နောက်ထပ်တစ်ကြိမ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် လွှတ်တော်အမတ်တချို့က ဆိုသည်။
စစ်တပ်သည် ၂၀၂၁ ဖေဖော်ဝါရီလဆန်းတွင် အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များကိုဖမ်းဆီးကာ ပါတီကိုလည်းဖျက်သိမ်းကြောင်း ကြေညာထားသည်။ ထို့နောက် လာမည့်နှစ်ကုန်ပိုင်းတွင် စစ်တပ်ကကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်လိုပါက ပါတီများကို ပြန်လည်မှတ်ပုံတင်ရမည်ဟု စစ်တပ်က ဆိုသည်။
NLD ပါတီ မှတ်ပုံတင် ပြန်လည်လျှောက်ထားပါက ခွင့်ပြုရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားထားသည်ဟု အမည်မဖော်ပြသည့်သတင်းအရင်းအမြစ်ကို ကိုးကားပြီး ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာနက အောက်တိုဘာ ၂၄ ရက်နေ့က ရေးသားခဲ့သည်။
ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့်ပါတီဝင်များ ဖမ်းဆီးခံထားရချိန်တွင် စစ်ကောင်စီထံ ပါတီမှတ်ပုံတင်ရန်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD အမတ် ဦးဘိုဘိုဦးက ပြောသည်။
“မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အရင် လွှတ်ပေး၊ ပြီးရင် တွေ့ဆုံဆွေးနွေးမှု လုပ်ပါ။ ဒါတွေပြီးတော့မှ ကျွန်တော်တို့ ကျန်တဲ့ ကိစ္စရပ်တွေကို စဉ်းစားကြမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
မြန်မာ့အရေးတွင် ဝင်ရောက် ဖိအားပေးလေ့ရှိသော တရုတ်က စစ်တပ်၏ ရွေးကောက်ပွဲကို ထောက်ခံသလို NLD ပါတီ ဝင်ပြိုင်စေရန်လည်း စစ်ဗိုလ်ချုပ်များကို တိုက်တွန်းထားဖွယ်ရှိသည်ဟု လေ့လာသူတချို့က သုံးသပ်သည်။
NLD ပါတီ အမည်ဖြင့် မှတ်ပုံတင်လျှောက်ထားပါက ကော်မရှင်က လက်ခံရမည်ဟူသော သတင်းထွက်ပေါ်မှုသည် အာဏာသိမ်း စစ်ခေါင်းဆောင် တရုတ်နိုင်ငံသို့ သွားမည့် ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။ ၂၀၂၁ အာဏာသိိမ်းပြီးနောက် ပထမဆုံးအကြိမ် တရုတ်နိုင်ငံခရီးစဉ်အဖြစ် စစ်ခေါင်းဆောင်သည် နိုဝင်ဘာ ၆ မှ ၇ ရက်အတွင်း ယူနန်ပြည်နယ်ကူမင်းမြို့တွင် ကျင်းပမည့် မဲခေါင်ဒေသနိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်မည်ဟုသိရသည်။
ထို့အပြင် ပါတီမှတ်ပုံတင်ရေးကိစ္စသည် စစ်တပ် ဖမ်းထားသော ပါတီခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သော ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက ဆုံးဖြတ် ချက်ချနိုင်ရန် လိုအပ်သည်ဟု NLD ပါတီထံက သိရသည်။
ပြည်တွင်းတွင် NLD ပါတီ ဗဟိုအလုပ်မှုဆောင် ၉ ဦးရှိသော်လည်း ပါတီမှတ်ပုံပြန်တင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ် မပါဘဲ မည်သူတစ်ဦးတစ်ယောက်မှ လုပ်ပိုင်ခွင့်မရှိ၊ ပါတီမှတ်ပုံတင်ရန်အတွက်လည်း မည်သူကမှ ဆက်သွယ်လာခြင်းမရှိဟု NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က အောက်တိုဘာ ၂၄ တွင် BBC မြန်မာပိုင်းသို့ ဖြေကြားထားသည်။
ထို့အပြင် NLD ပါတီဝင်ဟောင်းတချို့က NLD အမည်ကို အသုံးပြုကာ မှတ်ပုံတင်ရန်ကြိုးစားလာပါက မူလ NLD ပါတီနှင့် သက်ဆိုင်မှုမရှိကြောင်း ထုတ်ပြန်ကြေညာသွားရမည်ဟု သူက ပြောထားသည်။
NLD ပါတီတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၂၀ ခန့်ရှိပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်သော တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်အများစုကို စစ်တပ်က ဖမ်းထားသည်။
ထိုအထဲမှ NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များလည်းဖြစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဉာဏ်ဝင်း နှင့် ဒေါက်တာဇော်မြင့်မောင်တို့သည် အကျဉ်းထောင်များအတွင်း ဆေးဝါးလုံလောက်စွာ ကုသခွင့်မရ၍ ကွယ်လွန်ခဲ့ကြသည်။
ထို့အပြင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင် ၃ ဦးဖြစ်သော ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တို့ကိုလည်း ပါတီက အပြီးအပိုင် ထုတ်ပယ်ထားသည်။
၂၀၂၃၊ ဇန်နဝါရီ ၂၃ က စစ်ကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို၎င်းတို့စိတ်ကြိုက် ပြင်ဆင်ခဲ့ပြီး ကန့်သတ်ချက်အများအပြားထည့်သွင်းခဲ့သည်။
ထိုဥပဒေ ပုဒ်မ (၅) (စ) အရ နိုင်ငံရေးပါတီများကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်ဟူ၍ ခွဲခြားသတ်မှတ်ထားပြီး ပြည်ထောင်စုအဆင့်နိုင်ငံရေးပါတီတစ်ခု တည်ထောင်နိုင်ရန် ပုဒ်မများစွာဖြင့် တင်းကျပ်ထားသည်။
ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်မည့် နိုင်ငံရေးပါတီများသည် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ တစ်သိန်း စည်းရုံးမည့် ဝန်ခံချက်၊ ပါတီရန်ပုံငွေ သိန်း ၁၀၀၀ ရှိရမည်၊ ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းပေါင်း ၁၆၀ ကျော် ဖွင့်ရမည့် ဝန်ခံချက်၊ မဲဆန္ဒနယ် ၆၀၀ ကျော် အနည်းဆုံး ဝင်ရောက်ယှဉ်ပြိုင်ရမည့် အချက်များ ပါဝင်သည်။
ယခင်ပြဋ္ဌာန်းခဲ့သည့် ဥပဒေအဟောင်းတွင်မူ ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် ကန့်သတ်ချက်မရှိဘဲ မည်သည့်နိုင်ငံရေးပါတီမဆို ရွေးကောက်ပွဲကော်မရှင်တွင် ပါတီဝင် ဦးရေ ၁၀၀၀ နှင့် ပါတီမှတ်ပုံတင်ငွေ ငါးသိန်းသာ သတ်မှတ်ထားရာ အဆများစွာ ကွာဟနေသည်။
စစ်ကောင်စီသည် လက်ရှိနိုင်ငံရေးအကျပ်အတည်းမှ ၎င်းတို့အတွက် နိုင်ငံရေးထွက်ပေါက်အဖြစ် လာ မည့် ၂၀၂၅၊ နိုဝင်ဘာလ၌ ရွေးကောက်ပွဲတစ်ခု ကျင်းပရန် စီစဉ်လျက်ရှိသည်။
တစ်နိုင်ငံလုံးအနှံကျယ်ပြန့်လာသော စစ်ပွဲများ နှင့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ကြောင့် တစ်နှစ်အတွင်း ရှမ်းမြောက်၊ ရခိုင်၊ ချင်းနှင့် မန္တလေးမှ မြို့ပေါင်း ၃၈ မြို့အထိ စစ်ကောင်စီက လက်လွှတ်ထားပြီး စစ်ရေးအထိနာနေသည်။
ထိုရွေးကောက်ပွဲသည် ပြည်တွင်း နှင့် နိုင်ငံတကာကို လှည့်စားရန် ကြံစည်ဆောင်ရွက်နေသော အတု အယောင်ရွေးကောက်ပွဲတစ်ခုဖြစ်ပြီး အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်သွားမည်မဟုတ်ကြောင်း NLD ပါတီက စက်တင်ဘာ ၂၇ တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသော ပြဿနာများဖြေရှင်းရာတွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေးလမ်းစမရရှိနိုင်ဟု ယုံကြည်သည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရန် လိုအပ်သည် ဟုလည်း ဆိုထားသည်။
၁၉၈၈ တွင်ဖွဲ့စည်းခဲ့သည့် NLD ပါတီသည် ပါတီသက်တမ်း ၃၆ နှစ်အတွင်း ၁၉၉၀ ၊ ၂၀၁၂(ကြားဖြတ်) ၊၂၀၁၅ ၊ ၂၀၂၀ အထွေထွေရွေးကောက် ပွဲများကို ဝင်ယှဉ်ပြိုင်ခဲ့ပြီး ထိုလေးကြိမ်စလုံး မဲဆန္ဒနယ်အများအပြား အနိုင်ရရှိခဲ့သည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရချိန်တွင်သာ ၅ နှစ်သက်တမ်းရှိ အစိုးရတစ်ရပ်ဖွဲ့ခွင့်ခဲ့ရသည်၊ ၁၉၉၀ နှင့် ၂၀၂၀ ရွေးကောက်ပွဲများ အနိုင်ရချိန်တွင် စစ်ဗိုလ်ချုပ်များသည် ရွေးကောက် ပွဲမဲရလဒ်များကို အသိအမှတ်မပြုဘဲ ပါတီခေါင်းဆောင်များနှင့်ပါတီဝင်များကို ဖမ်းဆီးသတ်ဖြတ်ကာ နှစ်ရှည်အကျဉ်းချခဲ့သည်။
စစ်တပ်သည် ၂၀၂၁ အာဏာသိမ်းပြီးချိန်မှစတင်ပြီး NLD ပါတီဝင် တစ်သောင်းခွဲကျော်ကို ဖမ်းဆီးထားကြောင်း၊ အကျဉ်းထောင်များ နှင့် စစ်ကြောရေးစခန်းတို့တွင် နှိပ်စက်သတ်ဖြတ်ခြင်း နှင့် ဆေးဝါးကုသမှု မလုံလောက်ခြင်းတို့ကြောင့် NLD ပါတီဝင် ၁၀၉ ဦး သတ်ဖြတ်ခံထားခဲ့ရကြောင်း ပါတီက ဇူလိုင် ၁၆ တွင် ထုတ်ပြန်ထားသည်။