သတင်း

ရုရှား-မြန်မာ တိုက်ရိုက်လေယာဉ်ခရီးစဉ်ရှိသော်လည်း ခရီးသွားလုပ်ငန်း မအောင်မြင်

ရုရှားနှင့် မြန်မာတွင် စစ်သားသစ်စုဆောင်းနေကြမှုကြောင့် ပြည်ပအထိ တိမ်းရှောင်နေကြသော်လည်း ရုရှားတို့က မြန်မာသို့ မလာရောက်ကြသလို မြန်မာတို့ကလည်း ရုရှားသို့ သွားရောက်ကြခြင်း မရှိချေ။

နိုင်ငံခြားဝင်ငွေရရေး၊ နိုင်ငံတည်ငြိမ်နေကြောင်းပုံဖော်ရေး ရည်ရွည်ချက်များဖြင့် တွန်းတွန်းတိုက်တိုက် လုပ်နေသော စစ်ကောင်စီ၏ ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့လည်ပတ်ရေး အစီအစဉ် အလုပ်မဖြစ်သေးကြောင်း တွေ့ရသည်။ 

၂၀၂၂၊ ဇူလိုင်မှ စတင်ကာ ရုရှားခရီးသွားများကို ဗီဇာကင်းလွတ်ခွင့် တစ်နှစ်ခွင့်ပြုထားပြီး ရုရှား-မြန်မာ လေကြောင်းခရီးစဉ် တိုက်ရိုက်ပြေးဆွဲနေသည့်တိုင် ရုရှားခရီးသွား များပြားမလာသေးပေ။ 

ရုရှားနိုင်ငံ၏ တတိယမြောက်အကြီးဆုံးမြို့ဖြစ်သော၊  လူဦးရေ တစ်သန်းခွဲကျော် နေထိုင်သော နိုဗိုစီဗစ်မြို့ (Novosibirsk) မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI – Myanmar Airways International) က ၂၀၂၃၊ စက်တင်ဘာမှ စတင်ကာ  တစ်ပတ်လျှင် နှစ်ကြိမ် ပြေးဆွဲနေသည်။  

စစ်ကောင်စီလက်အောက်ခံ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၄ နှစ်စမှ ဩဂုတ်လအထိ ရုရှားခရီးသွား ၂၅၄၄ ဦး ဝင်ရောက်လာခဲ့သည်။

ယမန်နှစ် ၂၀၂၃ စာရင်းတွင် ၁၇၂၅ ဦး ရှိရာ တိုးပွားလာသော ခရီးသည် အရေအတွက်မှာ ရှစ်ရာကျော်သာ ဖြစ်သည်။

သို့သော်လည်း ထိုကိန်းဂဏန်းများသည်   စီးပွားရေး၊ စစ်ရေး၊ သံတမန်အရေးကိစ္စများဖြင့် လာရောက်ကြ သူများကို ထည့်တွက်ထားပုံရသည်ဟု ခရီးသွားလုပ်ငန်းရှင်များက ယူဆသည်။ 

တိုးတက်မှု ပမာဏမှာ မဆိုစလောက်သာရှိသည်ဟု ဝါရင့်ခရီးသွားလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။ 

“ရုရှားတွေကို တစ်နှစ်ဗီဇာ ပေးတယ်၊ လေကြောင်းလိုင်းလည်း တိုက်ရိုက်ပြေးဆွဲလာတယ်။ ဒီစျေးကွက် က မြင့်လာမယ်လို့ ထင်ပေမဲ့ တိုးတက်မှုက ၃ ရာခိုင်နှုန်းလောက်ပဲရှိတယ်” ဟု သူက ပြောသည်။ 

၂၀၂၃ ခုနှစ် စစ်ကောင်စီ၏ မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် ဖြင့် လာရောက်လည်ပတ်ကြသော ရုရှားခရီးသွားများ။  (ဓာတ်ပုံ-MRTV) 

ယူကရိန်းနှင့် စစ်ဖြစ်နေခြင်း၊ စီးပွားရေး နှင့် ငွေကြေးဆိုင်ရာအခက်အခဲများ ရင်ဆိုင်ကြုံတွေ့ နေရသည့် ရုရှားနိုင်ငံတွင်လည်း ပြည်ပထွက်ခွာသူ အများအပြား ရှိနေရာ မြန်မာနိုင်ငံထက် အပျော်အပါးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများရှိသည့် ထိုင်း၊ ဒူဘိုင်းတို့ကိုသာ သွားရောက်လည်ပတ် နေထိုင်ရန် ရွေးချယ်နေကြသည်ဟု သူက ဆက်ပြောသည်။    

ရုရှားနိုင်ငံတွင်း  စစ်မှုထမ်းဥပဒေကြောင့် ပြင်ပထွက်လာသည့် ရုရှားလူငယ် နှင့် လူလတ်ပိုင်းများထဲမှ တချို့မှာ မြန်မာပြည်သို့ ရောက်လာသည်၊  ဗီဇာ နှင့် ဘဏ်အကောင့်ဖွင့်ရန် လွယ်ကူခြင်းတို့မှာ ၎င်းတို့ အတွက် မက်လုံးများ ဖြစ်သည်ဟု သူက မှတ်ချက်ပေးသည်။ 

“လာကြတဲ့သူတွေကလည်း စီးပွားရေးလာလုပ်ကြတဲ့သူ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီးလာတဲ့သူတွေပါ။ နေပြည်တော်နဲ့ အလုပ်လာလုပ်ကြသူတွေပဲများပါတယ်”  ဟု သူက ပြောသည်။

၂၀၂၃၊ အောက်တိုဘာလတွင်လည်း စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် နှင့် ညီနောင်အသင်းများက ပူးပေါင်းကာ မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် (Familiarization Trip – FAM Trip) အစီအစဉ်ဖြင့် ရုရှားခရီးသွားကိုယ် စားလှယ်တချို့ကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခဲ့သေးသည်။ 

ထိုအစီအစဉ်သည်လည်း အောင်မြင်မှုမရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။ 

Poccuma, Intourist, Kariatida အစရှိသော ရုရှားခရီးသွားဝန်ဆောင်မှုလုပ်ငန်း အင်တာနက် စာမျက်နှာများ တွင်  မြန်မာနိုင်ငံခရီးစဉ်များကို ရောင်းချနေမှုများကို တွေ့ရှိရသည်။ ထိုခရီးစဉ်များတွင် ရန်ကုန်မြို့မှ အထင်ကရနေရာများဖြစ်သော ရွှေတိဂုံဘုရား၊ ဝန်ကြီးများရုံး အစရှိသော နေရာများသို့ သွားရောက် လည်ပတ်ခြင်း၊ ငွေဆောင်ကမ်းခြေ နှင့် အင်းလေး ဒေသများသို့ လည်ပတ်ခြင်းတို့  ပါဝင်သည်။ 

ထို့ပြင် ထိုခရီးသွားဝက်ဘ်ဆိုက်များသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နှင့် ပြည်တွင်းစစ်ပွဲ ဖြစ်ပွားနေမှုအခြေအနေများကို ထည့်သွင်းဖော်ပြထားခြင်းမရှိသလို ခရီးသွားများအတွက် ဘေးကင်း လုံခြုံစေရေးအစီအမံများကိုလည်း သတိပေးဖော်ပြထားခြင်းမရှိပေ။ 

၎င်းတို့ထဲမှ ကုမ္ပဏီတစ်ခုဆိုလျှင် မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းနေသော နိုင်ငံ တစ်ခုအဖြစ် ပုံဖော်ထားသည်။   

ထိုအခြေအနေများသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းစျေးကွက်တွင် ရှေ့ရောက်နေသော ထိုင်းနိုင်ငံ နှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် ရုရှားခရီးသွားများအတွက် ရွေးချယ်လည်ပတ်စရာနေရာ အနည်းငယ်သာ ရှိနေသည်ကို ဖော်ပြနေသည်။  

ပဋိပက္ခအရှိန်မြင့်နေဆဲဖြစ်သော မြန်မာနိုင်ငံသို့ ခရီးသွားလာမှုမပြုကြရန် အမေရိကန်၊ ဗြိတိန် အပါအဝင် အနောက်နိုင်ငံများ နှင့် တရုတ်၊ အိန္ဒိယ အစရှိသော နိုင်ငံအများအပြားက သတိပေးထားကြသည်။ 

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် ညီနောင် ၃ ဖွဲ့၏ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စခန်းသိမ်း တိုက်ပွဲများ ဖော်ဆောင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံကလည်း ၎င်းတို့၏ နိုင်ငံသားများကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်အုပ်ချုပ်ရေး ကြေညာထားသော နယ်မြေဒေသများသို့ ခရီးသွားလာမှုမပြုလုပ်ကြရန် ၂၀၂၃၊ ဒီဇင်ဘာလ၌ သတိပေးထားသည်။  

ယခုအခါ တစ်နိုင်ငံလုံးအနှံ့ ကျယ်ပြန့်လာနေသော စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး စစ်ပွဲများသည် မြန်မာနိုင်ငံမှ အထင်ကရ ခရီးသွားဒေသများအထိပါ ပြန့်နှံ့လာနေသည်။ 

ထိုအထဲမှ နိုင်ငံခြားခရီးသွားများ ပုံမှန်လာရောက်လေ့ရှိသော ရှမ်းပြည်နယ် ကလော၊ ညောင်ရွှေ၊ သီပေါ ဒေသ၊ အရှေ့တောင်အာရှတွင် အလှဆုံး ကမ်းခြေတစ်ခု ဖြစ်သော ငပလီနှင့် ရှေးဟောင်းမြောက်ဦး ဒေသ ရှိရာ ရခိုင်ပြည်နယ်၊ ကမ္ဘာ့အမွေအနှစ်စာရင်း ပုဂံဒေသ နှင့် ဧရာ၀တီမြစ်တလျှောက် လေ့လာလည်ပတ် နိုင်သော မန္တလေးတိုင်းတို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။ 

၂၀၂၄ ဇူလူလိုင် ၅ ရက်က တွေ့ရသော မန္တလေးမြို့အနီးမှ အမည်ကျော် တောင်သမန်အင်းနှင့် ဦးပိန်တံတား။ (ဓာတ်ပုံ-AFP) 

ယင်းဒေသများတွင် ဒေသခံများပင် သွားလာရန် ခက်ခဲနေတတ်သည်။ 

ထို့အတွက်ကြောင့်ပင် Intourist ရုရှား ခရီးသွားကုမ္ပဏီဆိုလျှင် ၎င်းတို့ မြန်မာပြည်ခရီးစဉ်ရောင်းချမှုတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ ဝန်ကြီးများရုံး နှင့် ဗိုလ်ချုပ်စျေး တို့ကို သွားရောက် လည်ပတ်ရန်သာ ထည့်သွင်းထားသည်။ 

စစ်ခေါင်းဆောင် အာဏာသိမ်းပြီး မကြာခဏ သွားရောက်လည်ပတ်သည့် တစ်ခုတည်းသောနိုင်ငံမှာ ရုရှား ဖြစ်ပြီး၊ ထိုခရီးစဉ်များတွင် သုံးခဲ့သည့် MAI ကို  နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းပျံသန်းမှုအတွက် ရွေးချယ်ထားခြင်း ဖြစ်သည်။

Novosibirsk သည် နိုင်ငံ၏ မြို့တော် မဟုတ်သော်လည်း မြန်မာနိုင်ငံနှင့် ဆက်သွယ်ပျံသန်းရာတွင် လမ်းကြောင်းအတိုဆုံးမြို့ကြီးများထဲတွင် ပါဝင်သဖြင့် တိုက်ရိုက် ပျံသန်းနိုင်မည် ဖြစ်သည်။

Novosibirsk – ရန်ကုန် ခရီးစဉ် အသွားအပြန် လေယာဉ်လက်မှတ်ခမှာ ၇၂၈ ဒေါ်လာဖြစ်ကြောင်း MAI လေကြောင်းလိုင်းက ကြော်ငြာထားသည်။

ထိုပမာဏသည် ရုရှားတို့ ဗီဇာကင်းလွတ်ခွင့် ၃ လ ရမည့် ဘန်ကောက်၊ ဖူးခက် စသည့်မြို့များသို့ သွားရာ တွင် ကျသင့်သည့် အသွားအပြန် လေယာဉ်လက်မှတ်ခထက် ပိုများနေသည်။

မြန်မာပြည်သားအများအပြားလည်း စစ်ကောင်စီ၏ စစ်သားသစ်စုဆောင်းမှု၊ အနိုင်ကျင့်မှု၊ အကြမ်းဖက်မှုတို့ကြောင့် ပြည်ပအထိ သွားရောက် တိမ်းရှောင်ကြသော်လည်း ရွေးချယ်ကြသည့် နိုင်ငံများထဲတွင် ရုရှား မပါဝင်ချေ။  

စစ်ကောင်စီက ခရီးသည်တို့ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် အတင်းအကျပ်စစ်ဆေးခြင်း ကြောင့်လည်း ပြည်တွင်းပြည်ပ ခရီးသွားများအတွက် အခက်အခဲ ဖြစ်စေသည်ဟု ပုဂံဒေသရှိ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

“ခရီးသွားဧည့်သည်တွေ၊ ပြည်သူတွေကို ဒီဘက်ကအင်အားစုတွေက ရန်မမူပါဘူး၊ ရန်မူတဲ့အဖွဲ့တွေက ဘယ်သူတွေလဲဆိုတာ အားလုံးလည်း သိမှာပါ။ သူတို့လုပ်ရပ်တွေကြောင့် ခရီးသွားပုံရိပ်က ပိုကျဆင်းသွားတာ” ဟု သူက ဆိုသည်။

ယခင်လအတွင်းက တွေ့ရသည့် ပုဂံမြို့ အာနန္ဒာဘုရား။ (ဓာတ်ပုံ- Myanmar Now)

ခရီးသည်တို့ စိတ်ဝင်စားသည့် တိုင်းရင်းသားဒေသများတွင် အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်ရေး အသုံးမပြုနိုင်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကမောက်ကမ ဖြစ်နေပြီး ကမ္ဘာသိပုဂ္ဂိုလ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အခြားသော ထောင်နှင့်ချီသည့် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူအများအပြား နည်းတူ အကျဉ်းထောင်ထဲ ရောက်နေသည်။

သို့သော်လည်း နိုင်ငံခြားသားများ ဖမ်းဆီးခံရလျှင် စစ်ကောင်စီက အနှေးနှင့်အမြန် ပြန်လွှတ်ပေး လေ့ရှိသည်။ ပြီးခဲ့သည့် ၄ နှစ်အတွင်း ဂျပန် နှင့် အမေရိကန်နိုင်ငံသားများကို စစ်ကောင်စီက နာမည်ကျော်အင်းစိန်ထောင်မှ လွတ်ရက်မတိုင်မီ ပြန်လွှတ်ပေးခဲ့ဖူးသည်။

နိုင်ငံတကာမှ အလုပ်အကိုင် လာရောက်ရှာဖွေသူ အများအပြား လှည့်စားခံရပြီးနောက် ကျားဖြန့် ခေါ် အွန်လိုင်းရာဇဝတ်ဂိုဏ်းများ အခြေပြုရာ နယ်စပ်ဒေသများတွင် ကျွန်ပြုခံနေကြရသည်ကိုလည်း ကမ္ဘာ့သတင်းခေါင်းစဉ်များအဖြစ် မကြာခဏ တွေ့နေကြရဆဲဖြစ်သည်။

ကိုဗစ်ကပ်ဘေးကြောင့် အများအပြား ထိခိုက်၊ သေဆုံးနေကြသည့် ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ခရီးသွားစျေးကွက်သို့ စပိန်၊ ဂရိ၊ ပေါ်တူဂီ၊ ဘရာဇီး၊ အာဂျင်တီးနား၊ မက္ကဆီကို နှင့် အာရှဘက်မှ ဗီယက်နမ်၊ တရုတ်၊ ထိုင်းခရီးသွားများ လာရောက်ကြသည်။ 

အနောက်နိုင်ငံများမှ ခရီးသည်တို့မှာ အနည်းစု ဖြစ်နေသည်။  

ထိုအခြေအနေကြောင့်  အရေအတွက် ၄၀၀၀ ခန့်ရှိခဲ့သော၊ နိုင်ငံခြားခရီးသွားများကိုဝန်ဆောင်မှုပေးသော Inbound Tour ကုမ္ပဏီများ သည်လည်း ယခုအခါ ၁၀၀ ခန့်သာ လုပ်ငန်းလည်ပတ်လျက်ရှိတော့သည်ဟု ရန်ကုန်မှ ဝါရင့်ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 

“မြန်မာ့ခရီးသွားလုပ်ငန်းက လူ့စွမ်းအားအရင်းအမြစ်တွေကတော့ တော်တော်ကို နည်းသွားပြီ၊ ဒါက တိုင်းပြည် ပြန်ကောင်းလာရင်တောင် တော်တော်လေးအချိန်ယူပြန်တည်ဆောက်ရမယ့်အထဲမှာ ပါတယ်” ဟု လုံခြုံရေးအရ အမည်ဖော်လိုသော ထိုလုပ်ငန်းရှင်က  ပြောသည်။

Show More

Related Articles

Back to top button