သတင်း

မူဆယ်နှင့် မိုင်းလားနယ်စပ်မှ မြန်မာဘက်တင်သွင်းမည့် ကုန်စည်များကို တရုတ်အစိုးရပိတ်ပြီ

အခွန်ဆောင်ရှင်းလင်းပေးသော တရုတ်ကုမ္ပဏီများမှတစ်ဆင့် မြန်မာဘက်ကို ကုန်တင်သွင်းပေးသည့် ကုမ္ပဏီနှင့် ကုန်စည်ပို့ဆောင်ရေးဂိတ်များကို အကြောင်းကြားခဲ့ပြီး တရုတ်နှင့် နယ်စပ်ဂိတ်အားလုံးမှ ကုန်စည်ကူးသန်းခွင့်လုံးဝရပ်သည်အထိ ဖြစ်လာသည်

မြန်မာနှင့် တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ မူဆယ်နှင့် မိုင်းလားနယ်စပ်ဂိတ်တို့မှ မြန်မာနိုင်ငံဘက်သို့ တင်သွင်းမည့် သွင်းကုန်ပစ္စည်းများကို ယမန်နေ့(အောက်တိုဘာ ၂၂) ရက်မှစတင်ကာ တရုတ်အစိုးရက ပိတ်ပင်လိုက်ကြောင်း နယ်စပ်ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုများရပ်တန့်ရန် ဖိအားပေးသည့်အနေဖြင့် မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ထိစပ်နေသည့် မြန်မာနှင့် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားတော်လှန်ရေးတပ်များ ထိန်းချုပ်သော နယ်စပ်ဂိတ်များကို တရုတ်အစိုးရက ပိတ်ပင်ထားသည်။

ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီထိန်းချုပ်ထားသော မူဆယ်မြို့နယ်စပ်ဂိတ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလာနယ်စပ်ဂိတ်မှ ကုန်သွယ်ရန်ခွင့်ပြုထားသော်လည်း ယမန်နေ့မှစ၍ ထိုဂိတ်နှစ်ခုမှ တင်သွင်းမည့် ကုန်ပစ္စည်းများကို ယာယီပိတ်ပင်သွားမည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။

ထို့ကြောင့် တရုတ်နှင့် ကုန်သွယ်သည့် နယ်စပ်ဂိတ်အားလုံးမှ ကုန်စည်ကူးသန်းရောင်းဝယ်ခွင့်မရှိသည့် အခြေအနေဖြစ်လာသည်။ 

တရုတ်ကုန်စည်ဝယ်ယူတင်သွင်းရာတွင် ပေါက်ကွမ်းကုမ္ပဏီဟုခေါ်သည့် အခွန်ဆောင်ရှင်းလင်းပေးသော ကုမ္ပဏီများမှတစ်ဆင့် သွင်းကုန်ကုမ္ပဏီနှင့် ကုန်စည်ပို့ဆောင်ရေးဂိတ်တို့ကို အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု မူဆယ်နယ်စပ်မှ အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက ပြောသည်။ 

တရုတ်နိုင်ငံထုတ် အိမ်သုံးကုန်ပစ္စည်း၊ လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ဘက်ထရီ၊ ဆိုလာပြား၊ အင်ဂျင်၊ မီးသီး၊ မီးအိမ်၊ စားသောက်ကုန်၊ စောင်၊ ဘိလပ်မြေ အစရှိသည့် ကုန်စည်များကို မြန်မာဘက်သို့ တင်ပိို့ခွင့်ပိတ်ပင်သွားမည်ဖြစ်ကြောင်း မူဝါဒအပြောင်းအလဲရှိလျှင် ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း ထိုစာတွင် ဖော်ပြထားသည်။

ယမန်နှစ်က ကချင်ပြည်နယ် ကန်ပိုင်တည်နယ်စပ်ဂိတ်မြင်ကွင်း။ (ပုံ-Myanmar Now)

ယမန်နေ့မှစတင်ကာ ကုန်စည်ပို့ဆောင်ရေးဂိတ်များကို ခေါက်ဆွဲခြောက်ထုတ်များမှအစ ကုန်စည်များ သယ်ယူခွင့်မပြုတော့ကြောင်း ထိုဖြစ်စဉ်ကို သိရှိသည့် မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“မူဆယ်ဒေသက တရုတ်သွင်းကုန်ကိုပဲ အမှီပြုနေရတာပေါ့နော်။ အမှီပြုပြီး သုံးနေရတော့ ကုန်စည် စီးဆင်းမှုရပ်တန့်သွားရင်တော့ တော်တော်လေးကို အခက်အခဲဖြစ်လိမ့်မယ်။ ဈေးလည်းကြီးမယ်။ ပစ္စည်းရှားပါးသွားမှာပေါ့နော်” ဟု ၎င်းက ပြောသည်။

စစ်တပ်ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် တရုတ်နှင့်အဝင်အထွက်ပြုနိုင်သည့် ဂိတ်ပေါက် ၃ ခုရှိပြီး နန်းတော်ဂိတ်ပေါက်မှ လူအဝင်အထွက်ပြုလုပ်နေသလို ဆင်ဖြူဂိတ်ပေါက်မှ ဆက်သွယ်ရေးပစ္စည်းနှင့် ဖောက်ခွဲရေးပစ္စည်းများမှလွဲ၍ တရုတ်ကုန်စည်များကို အသေးစားမော်တော်ယာဉ်နှင့် ဆိုင်ကယ်များဖြင့် တင်သွင်း၍ ရှမ်းမြောက်ဒေသနှင့် မန္တလေးမြို့အထိ ဖြန့်ဖြူးရောင်းချနေသည်။ 

နောက်ထပ်ဂိတ်ပေါက်တစ်ခုဖြစ်သည့် မန့်ဝိန်းဂိတ်မှ စက်သုံးဆီများ တင်သွင်းမှုရှိသည်ဟု သိရသည်။ အိမ်နီးချင်းတရုတ်သည် မြန်မာအပေါ် တစ်ရစ်ပြီးတစ်ရစ်တင်းကျပ်လာကြောင်း အထက်ပါ မူဆယ်မြို့ခံ အမျိုးသားက ပြောသည်။ 

“တရုတ်ရဲ့ အိမ်နီးနားချင်းဖြစ်တဲ့ နိုင်ငံတွေအားလုံးကတော့ ငရဲပါပဲ။ အမျိုးမျိုးကို ဒုက္ခပေနေတာပဲ။ မီးစတစ်ဖက် ရေမုတ်တစ်ဖက်နဲ့ စစ်အစိုးရဆီကို လေယာဉ်တွေရောင်းလိုက် လက်နက်တွေရောင်းလိုက်နဲ့ တိုင်ရင်းသားအဖွဲ့တွေဆီက ပစ္စည်းတွေယူလိုက်။ လက်နက်တွေရောင်းလိုက်နဲ့ တရုတ်ကတော့ တော်တော် တော့ခက်တယ်ဗျ” ဟု ၎င်းက ပြောသည်။ 

မူဆယ်မြို့အရှေ့ဘက်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ကျင်စန်းကျော့နှင့် ပန်ဆိုင်း(ကြူကုတ်) နယ်စပ်ဂိတ်ပေါက်များကို ၁၀၂၇ စစ်ဆင်ရေးတွင် တအာင်းတပ်(TNLA)နှင့် ကိုးကန့်တပ်(MNDAA) တို့က ထိန်းချုပ်ထားသည်။ 

မြန်မာနှင့် တရုတ်နှစ်နိုင်ငံအဆင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၅ ခုရှိပြီး မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော်တို့ကို တအာင်းတပ်(TNLA)နှင့် ကိုးကန့်တပ်(MNDAA) တို့က ထိန်းချုပ်ထားသည်။

ယမန်နှစ်က ကချင်ပြည်နယ် ကန်ပိုင်တည်နယ်စပ်ဂိတ်မြင်ကွင်း။ (ပုံ-Myanmar Now)

ကချင်ပြည်နယ်အတွင်းရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ကချင်တော်လှန်ရေးတပ်(KIA) က ထိန်းချုပ်ထားပြီး ကန်ပိုက်တီနယ်စပ်ကိုလည်းဆက်လက်ထိုးစစ်ဆင်နေသည်။ အဖိုးတန်မြေရှားသတ္ထု ထွက်ရှိသော ပန်ဝါမြို့ကို KIA  ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။

စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုရပ်ရန် တရုတ်အစိုးရက KIA က ကိုဖိအားပေးနေသော်လည်း နားမထောင်သည့်အပြင် ထိုးစစ်ဆင်မည့်နေရာများကို တရုတ်ကို ကြိုတင်အကြောင်းမကြားခြင်းကြောင့် KIO ထိန်းချုပ် နယ်စပ်ဂိတ်များကို  အောက်တိုဘာ ၁၈ တွင် ပိတ်ပင်ထားသည်။

တိုက်ပွဲများကြောင့် ရှမ်းမြောက်တွင် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားချိန် ရှမ်းအရှေ့ပိုင်း  မိုင်းလားလမ်းကြောင်းမှာ တရုတ်နှင့် ကုန်စည်ကူးသန်းရောင်းဝယ်လာသော်လည်း ယခုပိတ်ဆို့မှုကြောင့် ကုန်သွယ်မှုရပ်တန့်သွားကြောင်း မူဆယ်မှ မိုင်းလားမြို့သို့ ရွှေ့ပြောင်းကာ သစ်သီဝလံတင်ပို့နေသည့် ကုန်သည်တစ်ဦးက ပြောသည်။ 

တရုတ်ကို တင်ပို့မည့် မြန်မာဘက်မှ ပို့ကုန်ပစ္စည်းများကို ကန့်သတ်မှုရှိမရှိအတိအကျမသိရသေးကြောင်း  ၎င်းက ပြောသည်။

“ခက်ခဲသွားကုန်မှာပဲရှိမယ်။ ပင်လယ်ရေကြောင်းကိုပဲ အားထားရတော့မယ့်သဘောဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။ 

မိုင်းလား၊ တာလော့နယ်စပ်ဂိတ်ကို မိုင်းလားအဖွဲ့ခေါ် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ထိန်းချုပ်ထားသည်။ ထိုလမ်းကြောင်းမှ တရုတ်နှင့်ကုန်သွယ်ရာတွင် စစ်ကောင်စီကို ထိန်းချုပ်နယ်မြေ ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးတွင် ဂျူတီဆောင်ရသလို မိုင်းလားတွင်လည်း အခွန်ထပ်မံဆောင်ရကာ အခွန်နှစ်ဆင့်ပေး၍ ကုန်သွယ်နေရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းအပြင် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုမှ ကုန်သွယ်လျက်ရှိပြီး ထိုလမ်းကြောင်းများမှ ကုန်သွယ်မှုတန်ဖိုးသည် တစ်နိုင်ငံလုံးကုန်သွယ်မှုစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကျော်ရှိသည်။

နယ်စပ်ကုန်သွယ်ရေးဂိတ်များဆုံးရှုံးနေသည့် စစ်ကောင်စီသည် လမ်းကြောင်းအမျိုးမျိုးမှ ဝင်လာသည့်  ဝင်ရောက်လာသောကုန်စည်များကို ၎င်းတို့ထိန်းချုပ်နယ်မြေရောက်လာမှသာ တရားမဝင်ကုန်ဟုဆိုကာ ဖမ်းဆီးနေသည်။

စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်ဒီယာများတွင် တရားမဝင်ကုန်စည်များကို ဆက်တိုက်ဖမ်းဆီးရမိကြောင်း နေ့စဉ်ရက်ဆက်သတင်းဖော်ပြနေသည်။ တရားမဝင်ကုန်သွယ်မှုကြောင့် အခွန်ကောက်ခံရရှိမှုနစ်နာသလို ၎င်းတို့ကို တော်လှန်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ကူညီရာရောက်ခြင်းကြောင့် ထိထိရောက်ရောက်တားဆီးတိုက်ဖျက်ရန် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆို ထားသည်။

Show More

Related Articles

Back to top button