သတင်း

စစ်ရေးပူးတွဲလေ့ကျင့်ရန် ရုရှားရေတပ် ရောက်နေ

မိတ်ဆွေနည်းပါးသည့် စစ်ကောင်စီတပ်နှင့် လေ့ကျင့်ရေးအတွက် ရုရှားစစ်သင်္ဘောတချို့ ရောက်နေသည်၊ မလေးရှားတွင် နှစ်လည်အခမ်းအနားတစ်ခုပြုလုပ်ပြီး ရန်ကုန်သို့လာသည်ဟု သိရသည်။

ရုရှားနှင့်ပူးပေါင်းပြီး  စစ်ရေးလေ့ကျင့်မည်၊ ရုရှားစစ်ရေယာဉ်လေးစင်း ယမန်နေ့ (အောက်တိုဘာ ၂၀) တွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။  

ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းများပြုလုပ်သွားမည်ဖြစ်ပြီး ရေတပ်အရာရှိ Antsiferov Alexey Vitalievich   ဦးစီးသည့် စစ်သည်များ၊ Gromky, Rezky နှင့် Tsydenzhapov ဟု အမည်ပေးထားသော စစ်ရေယာဉ်သုံးစင်း၊ ထောက်ပံ့ပို့ ဆောင်ရေးရေယာဉ် Pechenga တို့ ရောက်ရှိနေသည်ဟု ဆိုသည်။  စစ်သည် အရေအတွက်အတိအကျကို ဖော်ပြထားခြင်းမရှိပေ။  

ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းကို အောက်တိုဘာလ၂၀ မှ ၂၄ ရက်နေ့အထိ   ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်၌ ပြုလုပ်မည်၊  ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ ပါဝင်သည်ဟု စစ်ကောင်စီ၏ အောက်တိုဘာ ၂၀ ထုတ်ပြန်ချက်တွင် ပါဝင်သည်။ 

အဆိုပါ ရုရှားရေတပ်မှ စစ်ရေယာဉ်များသည် လလယ်ပိုင်းက မလေးရှားနိုင်ငံသို့ ဝင်ရောက်ခဲ့သေးသည်၊ ရုရှစစ်တပ်ကိုယ်စားလှယ်အဖွဲ့သည် ပထမကမ္ဘာစစ်အတွင်း သေဆုံးခဲ့သည့် ရုရှားစစ်သည်များ၏  နှစ်ပတ်လည် နာရေးအခမ်းအနားနှစ်ခုသို့ တက်ရောက်ကြသည်ဟု  မလေးရှားရေတပ်က သတင်းထုတ်ပြန်ထားသည်။ 

ရုရှားရေတပ်သည် ယခုရက်ပိုင်းမှာပင် အိန္ဒိယသမုဒ္ဒရာထဲတွင် အီရန်- ရုရှား- အိုမန် ပူးတွဲလေ့ကျင့်နေသည်၊ အီရန် ဦးဆောင်သော  “IMEX 2024” အမည်ရှိ ထိုစစ်ရေး လေ့ကျင့်မှုသည် ဒေသတွင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးလာစေရန်၊ အပြန်အလှန်ပူး ပေါင်း ဆောင်ရွက်မှု နှင့် ကာကွယ်နိုင်စွမ်းများ တိုးတက်လာစေရန်  ရည်ရွယ်သည်ဟု အီရန်ဘက် ထုတ်ပြန်ထားသည်။

မြန်မာသို့ ရောက်လာသော ရုရှားရေတပ်မှ စစ်ရေယာဉ်များ နှင့် အရာရှိ၊ စစ်သည်များကို တွေ့ရစဉ်။ (ဓာတ်ပုံ – MRTV)

အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်အပါအဝင် အနောက်နိုင်ငံများက ထောက်ခံအားပေးနေသော အစ္စရေး နှင့် အီရန်ကျောထောက်နောက်ခံပြု အင်အားစုကြား စစ်ရေးပြင်းထန်နေချိန်တွင် ရုရှားနှင့် အီရန် စစ်ရေးလေ့ကျင့်မှုကို တွေ့ရခြင်း ဖြစ်သည်။ 

ထို့အပြင် ရုရှား၏ မဟာမိတ် မြောက်ကိုရီးယားကလည်း ယူကရိန်းစစ်ပွဲအတွင်း ရုရှားဘက်မှ ဝင်ကူညီရန် ၎င်း၏ စစ်သည် ၁၅၀၀ ခန့်ကို ယခုလအစောပိုင်းတွင် စေလွှတ်ထားပြီး နောက်ထပ်လည်း စေလွှတ်နိုင်ဖွယ်ရှိသည်ဟု နိုင်ငံတကာသတင်းများက ဆိုသည်။ 

ထိုသို့သော အခြေအနေများရှိနေစဉ် ရုရှားသည် မြန်မာသို့ လာရောက်ပြီး စစ်ရေးပူးတွဲလေ့ကျင့်ခန်းများ လုပ်ဆောင်နေသည်၊ ရုရှားသည် နိုင်ငံတကာအသိုက်အ၀ိုင်းမှ ဖယ်ကျဉ်ခံထားရသော စစ်ကောင်စီ အတွက်လည်း အရင်းနှီးဆုံး မိတ်ဆွေနိုင်ငံဖြစ်သည်။ 

ယမန်နှစ် နိုဝင်ဘာလဆန်းတွင်လည်း   “ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း”အတွက် လာသော ရုရှားစစ်တပ်ကို  ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV   ဦးဆောင်သည်၊ မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာတွင် ၃ ရက်ကြာ

လေ့ကျင့်ကြသည်ဟု စစ်ကောင်စီက သတင်း ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button