အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်တံခါးမြို့မှ CDM ဆရာဝန်လေးဦးကို  ၅၀၅ (က) ဖြင့်  အမှုဖွင့် 

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်နေသည့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆေးရုံအုပ် လေးဦးကို တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် မြို့နယ်ရဲမှူးက ယမန်နေ့တွင် အမှုဖွင့်လိုက်သည်။

အမှုဖွင့်ခံရသူများမှာ ကျောက်တံခါးမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသန့်လွင်၊ အောင်မြင်တိုက်နယ်ဆရာဝန် ဒေါက်တာသီဟအောင်၊ ပဲနွယ်ကုန်းတိုက်နယ်ဆရာဝန် ဒေါက်တာမင်းခိုင်နှင့် မြို့ကျောင်းတိုက်နယ်ဆရာဝန် ဒေါက်တာပြည့်ဖြိုးအောင်တို့ ဖြစ်သည်။

“ပြောရမယ်ဆိုရင် ၅၀၅ (က) က ကျွန်တော်တို့နဲ့ သိပ်တော့မဆိုင်ဘူး။ ဒါပေမယ့် သူတို့ကတော့ တပ်ချင်တဲ့ပုဒ်မ တပ်မှာပဲလေ” ဟု တရားစွဲခံရသည့် အောင်မြင်တိုက်နယ်ဆရာဝန် ဒေါက်တာသီဟအောင်က ပြောသည်။

တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) သည် ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား မလေးစားခြင်းနှင့် ၎င်း၏တာဝန်ပျက်ကွက်အောင် အကြံအစည်ဖြင့် ပြုမူလုပ်ဆောင်ခြင်းဖြစ်ပြီး အာမခံပေးလေ့မရှိသော ပုဒ်မတစ်ခုဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ ဆရာဝန်လေးဦးသည် ဖေဖော်ဝါရီ ၅ ရက်မှစ၍ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ရှေ့ဆင့်နောက်ဆင့် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ လုပ်ဖော်ကိုင်ဖက် ကျန်းမာရေးဝန်ထမ်းအများစုလည်း CDM တွင်ပါဝင်ခဲ့သည်ဟု ဒေါက်တာသီဟအောင်က ပြောသည်။

“ကျွန်တော်တို့ လေးယောက်ကတော့ ပြန်လာဖို့ အစီအစဉ်မရှိဘူး။ ပြန်လာလို့ရှိရင် သူတို့ဆင်တဲ့ခွင်ထဲ ရောက်သွားမယ်။ ကျွန်တော်တို့ CDM ပဲ ဆက်လုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါ ဆရာဝန်လေးဦးမှာ လုံခြုံသည့်နေရာတွင် တိမ်းရှောင်နေရကြောင်း သိရသည်။ 

မြို့ချောင်းတိုက်နယ်ဆေးရုံ CDM (Civil Disobedience Movement) တွင် ပါဝင်ခဲ့စဉ်။ (ဓာတ်ပုံ-ပေးပို့)

တပ်မတော်ဘက်ကလည်း CDM အဖျက်အမှောင့်လုပ်ရပ်ကြောင့် ဆေးကုသရန်ခက်ခဲနေသည့် ဆေးရုံများတွင် တပ်မတော်ဆေးအဖွဲ့များက သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း၊ တပ်မတော်ဆေးရုံများတွင် လူနာများကို ကုသပေးနေရကြောင်း သတင်းထုတ်ပြန်ထားသည်။ 

အုပ်ချုပ်ရေးယန္တရားကို လုံးဝပြုတ်ကျစေနိုင်သည့် အခြားအစိုးရဌာနများလည်း CDM တွင် ပါဝင်ရန် ဒေါက်တာသီဟအောင်က တိုက်တွန်းသည်။

“ဘဏ်ဝန်ထမ်းတွေရယ်၊ စီမံဘဏ္ဍာဝန်ကြီးဌာနရယ်၊ ဘတ်ဂျက်ရေးဆွဲတဲ့ဌာနလေ။ သူတို့တွေ ပါလို့ရှိရင် အရမ်းအားကောင်းတယ်။ သူတို့တွေပါလာရင် ချက်ချင်းယန္တရားက လည်လို့မရတော့ဘူး။ ရုတ်တရက် သူတို့ (စစ်ကောင်စီ) လူစားထိုး ဖို့မလွယ်ဘူး” ဟု ၎င်းက သုံးသပ်သည်။

CDM တွင် ပါ၀င်နေသော  နိုင်ငံ့ဝန်ထမ်းများကို အလုပ်ဆင်းရန် ဖိအားပေးမှုများမှတစ်ဆင့် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ တချို့ကို ညအချိန်မတော် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ တရားစွဲခြင်း၊ အလုပ်ထုတ်ပယ်ခြင်းနှင့် ခြိမ်းခြောက်ခြင်း ဆက်တိုက် ပြုလုပ်လာနေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ဖေဖော်ဝါရီ ၁၈ အထိ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ ၅၂၁ ဦးရှိပြီ ဖြစ်သည်။

အစိုးရဌာနများအနက် ကျန်းမာရေးဝန်ထမ်းများသည် CDM တွင် အစောဆုံးနှင့် ရာခိုင်နှုန်းအများဆုံးပါဝင်သူများ ဖြစ်ပြီး အခြား CDM ဝန်ထမ်းများထဲမှ တချို့သည်လည်း ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို၊ ဖမ်းဆီးခံနေရသည်။

CDM ဦးဆောင်သူများထဲမှ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းတိုက်နယ်ဆရာဝန် ဒေါက်တာပြည့်ဖြိုးနိုင်ကို မြို့နယ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၁ ညနေပိုင်းတွင် ဖမ်းဆီးခဲ့သည်။

CDM တွင် ပါဝင်သည့် မန္တလေးတိုင်း၊ ဆေးတက္ကသိုလ်၏ ပါမောက္ခချုပ်ကို ရဲနှင့်စစ်တပ်က ဖေဖော်ဝါရီ ၁၂၊ နံနက် ၁ နာရီအချိန်တွင် ခြံဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးရန် ကြိုးပမ်းခဲ့ရာ လူထုက ဝန်းရံခဲ့သောကြောင့် အထမမြောက်ခဲ့ပေ။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button